တရုတ်တို့အိပ်ပျော်နေပါစေ၊ သူနိုးလာလျှင် ကမ္ဘာကြီးကို လှုပ်ခတ်လိမ့်မည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

တရုတ်တို့အိပ်ပျော်နေပါစေ၊
သူနိုးလာလျှင် ကမ္ဘာကြီးကို လှုပ်ခတ်လိမ့်မည်။
(နပိုလီယံ ဘိုနာပတ်)

ကမ္ဘာကြီးမှာ အထူးသဖြင့် အာရှတိုက်မှာ၊ အတိအကျ အနေနဲ့နေရာကိုထပ်ပြီးညွှန်းရရင် တရုတ်ပြည်ကြီးရပ်ဝှမ်းနဲ့ အနီးပတ်ဝန်းကျင် တွေမှာ စစ်ရိပ်သန်းလာတာ အားလုံးသတိထားမိနေကြမှာပါ။
အဲ့ဒီ့စက်ကွင်းကြီးထဲမှာ ကျွန်တော်တို့ မှီတင်းနေထိုင်တဲ့ မြန်မာပြည်ကလည်း အဓိကကျတဲ့ တည်နေရာမှာ ရှိနေပြန်တယ်။

ဒါကြောင့် ဟိုးတုန်းကတည်းက စိတ်ကူးယဉ် မှန်းဆတွေးတောခဲ့ဖူးတဲ့ မြန်မာနဲ့စပ်လျှင်းတဲ့ တရုတ်ပြည်ရဲ့ စစ်ရေးစစ်ရာတွေ မှတ်ဉာဏ်ထဲပြန်တက်လာတယ်။
တတိယကမ္ဘာစစ် ဒါမှမဟုတ် အမေရိကန်နဲ့ အပေါင်းအပါနိုင်ငံများနဲ့ တရုတ်ပြည်မကြီး စစ်ဖြစ်ခဲ့ရင် စစ်ပွဲစတင်လိုက်တာနဲ့ ယူနန်ပြည်နယ်ကို စတင်မတိုက်ခိုက်နိုင်အောင် အနည်းဆုံး မြန်မာပြည်မြောက်ပိုင်းကို တရုတ်တို့ စိုးမိုးထားဖို့ ကို ကြိုးစားအားထုတ်ဖို့များပါတယ်။ စစ်ပွဲမှာလည်း အမေရိကန် ဘက်ကသာ အိန္ဒိယက သေခြာပေါက်ပါဝင်လာမယ်ဆိုခဲ့ရင်လည်း ဒီအတွေးဟာ ပိုပြီး ဖြစ်နိုင်ချေ များလာမှာပါ။

 


ဘာဖြစ်လို့လဲဆိုရင် ရခိုင်ထွက်ပေါက်ကိုလည်း ထိန်းထားရာကျမှာမို့ပါ။ အဲဒီ့အတွေးက ဟိုးယခင်တုန်းကတွေးဆခဲ့တာတွေပါ၊ အခုဆို ရေနံပိုက်လိုင်းနဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်းကြီးကပါ ရှိနေပြီဆိုတော့ ပိုပြီးအကြောင်းပြလို့ ကောင်းသွားပြန်ပြီ။

ယူနန်ပြည်နယ်အနေနဲ့ စစ်ရေးအရ အထိအခိုက် နည်းရင် စစ်ပွဲမှာ တရုတ်တို့ အသာစီးရဖို့ အခွင့်သာလာမယ် ။ အိန္ဒိယသမုဒ္ဒရာဘက် ထွက်ပေါက်အဖြစ်လည်းရမယ်။ နောက်တစ်ချက်က အိန္ဒိယရဲ့ ရန်ကိုလည်း တစ်ခါတည်း ကာကွယ်ပြီးသားဖြစ်လိမ့်မယ်။
အရေးအလွန်ကြီးပြီး သဘာဝတရားတွေ အကာအကွယ်မဲ့တဲ့ အရှေ့ဘက်ကမ်းရိုးတမ်းဒေသဘက်မှာဆို ဂျပန်၊ တောင်ကိုးရီးယား၊ ထိုင်ဝမ်၊ ဗီယက်နမ်တို့ကလည်း လုံးဝလျှော့တွက်လို့မရတဲ့ အင်အားအမာစားတွေဖြစ်နေတယ်။ ဒီတော့ မြန်မာဆိုတဲ့ ဂယ်ပေါက်ကြီးကို နဂါးကြီးတွင်းထဲ လင်းယုန်မဝင်နိုင်အောင် သေခြာပေါက် ပိတ်ကိုပိတ်မှာပါ။

အမေရိကန်ဘက်ကို မြန်မာအနေနဲ့ တွက်ဆကြည့်ရင် တရုတ်ပြည်ကို ထိုးစစ်ဆင်ဖို့အတွက် သူတို့ခြေလျှင်တပ်တွေသုံးပြီး မြန်မာပြည်ထဲ ဝင်လာမယ်လို့ မထင်ပါဘူး။ လေကြောင်းက‌ဖြတ်သန်းဖို့ အတွက်ပဲ စဉ်းစားဖို့များမှာပါ။ ဒုတိယကမ္ဘာစစ်မှာ ဗြိတိသျှခွာစစ်နဲ့ မြန်မာပြည် ဟာစစ်တလင်းဖြစ်ရသလို၊ တရုတ်ကလည်း ခံစစ်အနေနဲ့ မြန်မာပြည်မြောက်ခြမ်းကို စစ်တလင်းအဖြစ် အသုံးချနိုင်ပါတယ်။


ဒုတိယကမ္ဘာစစ်အစပိုင်း ဗြိတိသျှတို့ မြန်မာပြည်က ဆုတ်ခွာနေစဉ် တရုတ်ချန်ကေရှိတ်တပ်တွေ အထက်မြန်မာပြည်အထိ ဝင်ချလာခဲ့ဖူးတယ်။
အဲဒီ့အချိန်က ဗြိတိသျှတွေက ဩဇာညောင်းသမို့ ပြန်လည်ဆုတ်ခွာစေတယ်။ ဂျပန်ရဲ့အင်အားကြောင့်လည်းပါပါလိမ့်မယ်။

မြန်မာပြည်ဟာ တရုတ်နဲ့အိန္ဒိယကြားမှာတည်ရှိနေတဲ့အတွက် မဟာဗျူဟာအရ အရေးကြီးကြောင်း ဒုတိယကမ္ဘာစစ်အတွင်း အရေးပေါ်ဖောက်လုပ်ခဲ့ရတဲ့ အိန္ဒိယနိုင်ငံ အာသံပြည်နယ်၊ လီဒိုမြို့ ကနေ တရုတ် ယူနန်ပြည်နယ်၊ ကူမင်းမြို့ကို ချိတ်ဆက်ပေးတဲ့ လီဒိုလမ်းမကြီး ခေါ်တွင်ခဲ့ပြီး စတီးဝဲလမ်းမကြီးလို့လည်း လူသိများတဲ့ လမ်းမကြီးကလည်း သက်သေတည်နေပါတယ်။
တရုတ်နဲ့ ဘယ်လိုနည်းနဲ့ ပေါင်းပေါင်း၊ ဘယ်လိုငြိမ်းချမ်းရေးလုပ်ထားလုပ်ထား တရုတ်ကတော့ သူ့အကျိုးစီးပွားအတွက် မဖြစ်မနေ လုပ်ကိုလုပ်မယ့် မဟာဗျူဟာမြောက် စစ်ရေးစီမံချက်တွေ ချထားမှာပါ။

မြန်မာတွေသိကြတဲ့ ၁၉၇၁ ခုနှစ်ကဖြစ်ခဲ့တဲ့ ရက်၄၀ ကွမ်လုံတိုက်ပွဲသာ ဗကပတွေအောင်ပွဲဆင်နိုင်ခဲ့ရင် လားရှိုးကိုဆက်လက်ချီတက်မယ့် ဒုတိယအဆင့်စစ်ရေးစီမံချက်ဟာ မလွဲမသွေဖြစ်လာမှာပါ။ နောက်ထပ်တဆင့်က မန္တလေးပေါ့။
ဗကပတွေရဲ့ မြောက်ပိုင်းမြန်မာပြည်လွတ်မြောက်ရေးဟာ ပထမအဆင့်မှာတင် အရပ်ပုလို့ မြန်မာနပိုလီယံလို့ ချစ်စနိုးခေါ်ခြင်းခံရတဲ့ ဗိုလ်ချုပ်ကြီးထွန်းရီရဲ့ ပြောင်မြောက်တဲ့ စစ်ဗျူဟာနဲ့ ရိုက်ချိုးခြင်းခံခဲ့ရတယ်။
ယခုလို အမေရိကန်နဲ့ အပေါင်းအပါတွေ၊ အိန္ဒိယအပါအဝင် တရုတ်စစ်ရေးအရ စုပေါင်းရင်ဆိုင်ရတဲ့အခါ သူ့မဟာမိတ်တွေဖြစ်တဲ့ “ဝ” နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကို အမည်ခံခိုင်းပြီး သူကိုယ်တိုင်ပါဝင်အင်အားဖြည့်တင်းရင်း ရှေ့တန်းထုတ် အသုံးချလာမှာ အသေအခြာပါ။


မြန်မာအနေနဲ့ တရုတ်ကိုမမှီခိုတဲ့ စစ်ရေးစီမံချက်တွေနဲ့ ကိုယ်ပိုင်အင်အားတွေကို စုစည်းထားသင့်တယ်။ အဲသလိုအ‌ခြေအနေသာ ဖြစ်လာခဲ့ရင် ဘယ်လိုဆုံးဖြတ်ချက်တွေ အလျှင်အမြန် ချမှတ်သင့်သလဲဆိုတာတွေကို ကြိုတင်စဉ်းစားသင့်ပါတယ်။ လက်ရှိအခြေအနေကတော့ တရုတ်ကသာ တကယ်ဝင်ချလာရင် ဘယ်လိုမှ တားဆီးဖို့ လုံးဝ မလွယ်ကူပါဘူး။
၁၉၆၂ မတ်လ ၂ ရက်နေ့မှာ အာဏာရှင်တွေရဲ့ စစ်ဖိနပ်အောက်ကို မရောက်ခဲ့ပဲ အနာဂါတ် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးကိုသာ တည်ဆောက်နိုင်ခဲ့ရင် ဒီကနေ့လိုအချိန်မျိုးမှာ ဓနဥစ္စာကြွယ်ကြွယ်ဝဝ အင်အားရှိစွာ တိုင်းရင်းသား ညီအကိုအပေါင်းပါဝင်တဲ့ တပ်မတော်ကြီးနဲ့ တရုတ်တို့ရဲ့ ရန်ကို ကောင်းစွာဟန့်တားနိုင်မှာပါ။
အင်အားဘယ်လောက်ကြီးမားပါစေ သက္ကရာဇ်(၁၇၆၅/ ၁၇၆၉) မှာဖြစ်ပွားခဲ့တဲ့ တရုတ်မြန်မာ စစ်ပွဲလေးကြိမ်စလုံး ကျူးကျော်စစ်ကိုအလောင်းဘုရားရဲ့သားတော် ဆင်ဖြူရှင် မြေဒူးမင်းလက်ထက်မှာ အမှားအယွင်းမရှိ အောင်မြင်ခဲ့တဲ့ သမိုင်းကြောင်းကလည်း အခိုင်အမာရှိခဲ့တာပါ။ တကယ်တော့ ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းလောက်ကိုပဲ ဦးစားပေး စဉ်းစားနေပေမယ့် တကယ်တန်းရင်ဆိုင်လာရမယ့် နောက်ဆုံးရန်သူက တရုတ်လို့ တွက်ဆထားရင် မမှားလောက်ဘူး။
အကြီးဆုံးရန်စွယ်ကို ကြိုတင်စဉ်းစားထားလိုက်ရင် ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်ဆိုတာ တစ်ရေးနိုး ဘယ်အချိန်ထချချ ပြသနာမရှိနိုင်တော့ဘူး။

တစ်နေ့ တကယ် ဖြစ်လာမယ့် အကြောင်းရင်းခံကို တကယ်အကောင်အထည် မဖော်နိုင်သေးတာတောင် စာရွက်ပေါ်မှာ စီစဉ်ထားသင့်တယ်လို့ထင်ပါတယ်။
ဘယ်လိုမှ မဆက်စပ်ပဲ မင်းကိုနိုင်ရဲ့ ကဗျာလေးကို ရွေးပြီးသတိရမိတယ်။

မိုးရေထဲဖြတ်တိုးရင်း
တတောင့်ထိုး တူမီးသေနတ်ကိုပဲ
သံသယနဲ့ အားကိုးနေရတဲ့အဖြစ်

 

မိုးရေထဲဖြတ်တိုးရင်း
တတောင့်ထိုး တူမီးသေနတ်ကိုပဲ
သံသယနဲ့ အားကိုးနေရတဲ့အဖြစ်။

အခုလို မိုးထဲရေထဲမှာ
ကျွန်တော်တို့ရဲ့ လက်ရှိ တတောင့်ထိုးတူမီးသေနတ်တွေကို အကောင်းဆုံးဆိုတာနဲ့ အစားမထိုးရသေးခင် လောလောဆယ်ရှိနေတဲ့ စစ်ရိပ်စစ်ငွေ့ တွေကို လက်ရှိနိုင်ငံခေါင်းဆောင်ရဲ့ မေတ္တာ၊ စေတနာအရင်းခံထားတဲ့ သီလ၊ သမာဓိ၊ ပညာတွေနဲ့ပဲ အောင်မြင်စွာ ဖြတ်သန်းသွားပါလိမ့်မယ်လို့ ယုံကြည်ထားပါရစေ။

အားလုံးအတွက် ဂုဏ်သိက္ခာရှိစေမယ့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေး ရှေ့ရှုပြီး
၁-တရားဥပဒေစိုးမိုးရေး
၂-ပြည်တွင်းငြိမ်းချမ်း ရေး
၃-အခြေခံဥပဒေကို ပြင်ဆင်ရေးတို့အတွက် ၂၀၂၀ ရွေးကောက်ပွဲမှာ သင်ယုံကြည်ရာ ပါတီကို ရွေးချယ်ဖို့ အခွင့်အလမ်းကောင်းဖြစ်တဲ့ မဲရုံကိုသွားပြီး ဆန္ဒမဲပေး ရွေးချယ်ကြပါစို့။

<Thet Naing Sein>


Spread the love
  •  
  •  
  •  
  •  
  •  
  •