တရုတ်နိုင်ငံက ရှမ်းပြည်နယ်သို့ COVID-19 ရောဂါ ကာကွယ်ရေးပစ္စည်းများ လှူဒါန်းပေးအပ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

တရုတ်နိုင်ငံက ရှမ်းပြည်နယ်သို့ COVID-19 ရောဂါ ကာကွယ်ရေးပစ္စည်းများ လှူဒါန်းပေးအပ်

မြန်မာနိုင်ငံရှမ်းပြည်နယ်အစိုးရအဖွဲ့၏ COVID-19 ရောဂါတိုက်ဖျက်ရေးကို ကူညီရန်အတွက် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန နယ်စပ်နှင့်သမုဒ္ဒရာရေးရာ ဦးစီးဌာန၏ တာဝန်လွှဲအပ်မှုအရ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ ပြည်ပရေးရာရုံး၏ ညှိနှိုင်းစီစဉ်မှုဖြင့် တယ်ဟုန် တိုင်လူမျိုး၊ ဂျိန်းဖောလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသခွဲ ပြည်သူ့ အစိုးရ ပြည်ပရေးရာရုံးက နိုဝင်ဘာလ ၃ ရက်နေ့တွင် ရွှေလီမြို့နယ်စပ်ဂိတ်၌ တရုတ်ငွေ ယွမ် ၅ သိန်း တန်ဖိုးရှိသည့် COVID-19 ရောဂါ ကာကွယ်ရေးပစ္စည်းများကို မြန်မာဘက်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

ယခုအကြိမ်လှူဒါန်းပေးအပ်မှုသည် တရုတ်-မြန်မာ နယ်စပ်ဒေသစီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်(Agreement on Management and Cooperation in China-Myanmar Border Areas)အရ ဆောင်ရွက်ခြင်းဖြစ်ပြီး နယ်စပ်ဒေသစီမံခန့်ခွဲမှုသည် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အရေးပါမှုကို ပေါ်လွင်စေပါသည်။

ယခုအကြိမ်လှူဒါန်းပေးအပ်သည့် COVID-19 ရောဂါကာကွယ်ရေးပစ္စည်းများတွင် တစ်ခါသုံးနှာခေါင်းစည်းအခု ၃ သိန်း ၃ သောင်း၊ N95 နှာခေါင်းစည်းအခု ၂၉၆၀၊ တစ်ခါသုံး ရာဘာလက်အိတ် ၃၀၀၀ စုံ ၊ တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံ (PPE) ၂၅၀၀ စုံ၊ ကာကွယ်ရေးဖိနပ်အစွပ် ၂၅၀၀ စုံ၊ လက်သန့်ဆေးရည် (Disposable disinfectant gel) ၁၀၀၀ ဘူး ၊ ဆိုဒီယမ်ဟိုက်ပိုကလိုရိုက်ပိုးသတ်ဆေးရည် ၁၀၀၀ ဘူးတို့ ပါဝင်ပါသည်။

အဆိုပါကာကွယ်ရေးပစ္စည်းများကို မြန်မာနိုင်ငံ ရှမ်းပြည်နယ် လားရှိုး၊ မူဆယ်၊ ကျောက်မဲ စသည့် မြို့နယ် ၂၀ ၏ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အသုံးပြုမည် ဖြစ်ပါသည်။

COVID-19 ရောဂါဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန နယ်စပ်နှင့် သမုဒ္ဒရာရေးရာဦးစီးဌာနနှင့် ယူနန်ပြည်နယ် ပြည်ပရေးရာရုံးတို့၏ လမ်းညွှန်မှုဖြင့် တရုတ်-မြန်မာ နယ်စပ်ဒေသရှိ ဒေသန္တရအစိုးရတို့က အချိန်မှီချိတ်ဆက်ပြီး COVID-19 ရောဂါ ပူးပေါင်းကာကွယ်ထိန်းချုပ်ရေးယန္တရားကို ထူထောင်ခဲ့ကာ နှစ်ဦးနှစ်ဖက် ရောဂါ ပူးပေါင်းတိုက်ဖျက်ရေးအတွက် ကောင်းမွန်သည့် အခြေခံအုတ်မြစ်ချပေးခဲ့ပြီး COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ ပါသည်။

 


Spread the love
  •  
  •  
  •  
  •  
  •  
  •