တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူမှ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံ၏ တရုတ်နိုင်ငံနှင့်စပ်လျဉ်းသည့် မှားယွင်းသောပြောကြားချက်များကို ဝေဖန်ပယ်ချ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူမှ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး သံရုံးယာယီတာဝန်ခံ၏ တရုတ်နိုင်ငံနှင့်စပ်လျဉ်းသည့် မှားယွင်းသောပြောကြားချက်များကို ဝေဖန်ပယ်ချ

ဇူလိုင်လ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး သံရုံးယာယီတာဝန်ခံ George N. Sibley သည် မြန်မာနိုင်ငံ ၌ ဆောင်းပါးဖော်ပြ၍ လိုရာဆွဲတွေး၊ အမှားကိုအမှန်လုပ်ပြီး တရုတ်နိုင်ငံအပေါ် တမင်သက်သက် တိုက်ခိုက်နာမည်ဖျက်ရုံသာမက တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်နိုင်ငံဆက်ဆံရေးကို တမင်တကာသွေးခွဲလိုက်ပါသည်။ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူသည် ယင်းနှင့်စပ်လျဉ်း၍ ပြောကြားလိုက်ပြီး အမေရိကန်နိုင်ငံ၏ တစ်ကိုယ်ကောင်းဆန်သော၊ ဟန်ဆောင်ကောင်းသော၊ အောက်တန်းကျသော အကျည်းတန်မျက်နှာဖုံးကို ခွာချလိုက်ပါသည်။
ပြောရေးဆိုခွင့်ရှိသူက ကာလတစ်ခုအကြာကတည်းက အမေရိကန်နိုင်ငံသည် အမေရိကန်ဦးစားပေးမူါဒကို ဖော်ထုတ်ခဲ့ပြီး နိုင်ငံတကာကျင့်ဝတ်နှင့် ဥပဒေစံနှုန်းများကို မျက်ကွယ်ပြု၍ လူသားဘုံအကျိုးစီးပွားနှင့် နိုင်ငံတကာရေစီးကြောင်းကို အလေးမထားဘဲ စပ်ဆုပ်ရွံရှာဖွယ်ကိစ္စရပ်များစွာကို လုပ်ဆောင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံကို တားဆီးရန်အတွက် ပြည်ပနိုင်ငံများအခြေစိုက် အမေရိကန်အဖွဲ့အစည်းများသည် အမိန့်နာခံ၍ တရုတ်နိုင်ငံအပေါ် တိုက်ခိုက်နာမည်ဖျက်မှုများ လုပ်ဆောင်ခဲ့ပြီး ယခု မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးသည်လည်း လက်မည်းကြီး ဆန့်ထုတ်လာခဲ့ကြောင်း၊ အမေရိကန် သက်ဆိုင်ရာဆောင်းပါး၏ အရည်အသွေးညံ့ဖျင်း အဆင့်မမီပုံမှာ အံ့အားသင့်စပ်ဆုပ်ဖွယ် ကောင်းလှကြောင်း၊ ဆောင်းပါးတွင် လွန်စွာ ကျိုးကြောင်းမဆီလျော်သည့် တွေးခေါ်ပုံများဖြင့် မြန်မာနိုင်ငံနှင့် ဟောင်ကောင်အရေး၊ တောင်တရုတ်ပင်လယ်အရေးတို့ကို ချိတ်ဆက်၍ အမေရိကန်မှ ကြွေးကြော်နေသော ဒီမိုကရေစီနှင့် အချုပ်အခြာအာဏာ အရေးကိစ္စများကို ချိတ်ဆက်ကာ တရုတ်-မြန်မာဆက်ဆံရေး၊ နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးနှင့် ကပ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ ထောက်ပံ့ကူညီမှုများကို ကဲ့ရဲ့ပြစ်တင်ထားကြောင်း၊ ယင်းမှာ ပြည်ပနိုင်ငံအခြေစိုက် အမေရိကန်အဖွဲ့အစည်းမှ တရုတ်နိုင်ငံကို တိုက်ခိုက်ရန်အတွက် နည်းလမ်းမရွေး လုပ်ဆောင်လာသည်ကို ဖော်ပြနေခြင်းပင်ဖြစ်ကြောင်း၊ လက်ရှိ နိုင်ငံတကာအခြေအနေ၌ အမေရိကန်မှ ဆောင်းပါးဖော်ပြ၍ တရုတ်နိုင်ငံကို ယခုလိုအမည်ဖျက်ပြီး တရုတ်-မြန်မာဆက်ဆံရေးကို သွေးခွဲနေရာ ၎င်းနောက်ကွယ်မှ အကြောင်းရင်းကို လေးလေးနက်နက်စဉ်းစားသင့်ကြောင်း၊ ယင်းသည် အရှိန်အဟုန်မြင့်တိုးတက်နေသည့် တရုတ်-မြန်မာဆက်ဆံရေးအပေါ်ထားရှိသော အမေရိကန်၏ “မစားရသည့်အမဲ သဲနှင့်ပက်” ဟူသည့် စိတ်ဓာတ်ကို ထင်ဟပ်နေရုံသာမက အမေရိကန်အာဏာပိုင်များက ပြည်တွင်းပဋိပက္ခကို အာရုံလွှဲရေး၊ နိုင်ငံရေးအမြတ်ထုတ်နိုင်ရေးအတွက် တစ်ကမ္ဘာလုံး၌ တင်ဆက်သည့် လုပ်ဇာတ်နောက်တစ်ပွဲသာ ဖြစ်ကြောင်း ပြောကြားပါသည်။

သူတစ်ပါးကို တည့်မတ်ပေးလိုပါက မိမိကိုယ်ကို တည့်မတ်အောင် ဦးစွာ လုပ်လိုက်ပါ။ အမေရိကန်နိုင်ငံသည် မိမိကိုယ်ကို မှန်ထဲ၌ အရင်ကြည့်လိုက်သင့်သည်။ ယခု အမေရိကန်၏ပုံစံမှာ အင်အားကြီးနိုင်ငံနှင့် ဘယ်မှာတူတော့သနည်း။ အမေရိကန်သည် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၌ စည်းမစောင့်ဘဲ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ၊ တစ်ဖက်သတ်ဝါဒ၊ လက်ဝါးကြီးအုပ်ဝါဒတို့ကို ကျင့်သုံးလာကာ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများနှင့် နိုင်ငံတကာကျင့်ဝတ် ဝတ္တရားများကို အလေးမထားဘဲ အုပ်စုများမှ သဲကြီးမဲကြီးထွက်ခွာပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို ဖျက်ဆီးကာ အင်အားကြီးနိုင်ငံ၏ တာဝန်ကိုထမ်းဆောင်ရန် ငြင်းဆန်နေရာ နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အန္တရာယ်ပေးလျက်ရှိပါသည်။ အမေရိကန်သည် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု၌ စည်းမစောင့်ဘဲ နှစ်များဆက်တိုက် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်သည့်ကိုယ်စားလှယ်အဆင့်ကို “အဆင့်နှိမ့်ချ” ခဲ့ကာ အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှု၊ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု၌ “အပြောနှင့်လက်တွေ့မညီ” ခဲ့ပေ။ “တောင်တရုတ်ပင်လယ်အရေး” ကို ဆက်တိုက်လှုံ့ဆော်နေပြီး ဒေသတွင်းအနေအထား တည်ငြိမ်အေးချမ်းရေးကို မွှေနှောက်နေသည်။ အမေရိကန်သည် ပြည်တွင်းစီမံအုပ်ချုပ်မှု၌လည်း စည်းမစောင့်ပေ။ အမေရိကန်သည် “နိုင်ငံရေးအမြတ်ထုတ်ရေး” နှင့် “မဲရွေးချယ်ရေး” တို့ကိုသာ အဓိကထားခဲ့၍ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး၏ အရေးပါကာလကို တစ်ကြိမ်ပြီးတစ်ကြိမ်ဆုံးရှုံးခဲ့ရာ နေ့စဉ် ကူးစက်သူအရေအတွက် ဆက်တိုက် စံချိန်ချိုးနေခဲ့ပါသည်။ အမေရိကန်သည် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်မှုမရှိဘဲ တစ်ကမ္ဘာလုံး၌ တရုတ်နိုင်ငံအပေါ် သဲကြီးမဲကြီး အပြစ်ပုံချကာ ပြည်တွင်းအမြင်များကို အာရုံလွှဲနိုင်ရန် ကြိုးပမ်းပြီး မိမိ၏ တာဝန်ပျက်ကွက်မှုကို ဖုံးဖိနေသည်။ အမေရိကန်ပြည်တွင်း၌ အသားအရောင်ခွဲခြားခြင်း၊ ဆင်းရဲချမ်းသာကွာဟခြင်း၊ နိုင်ငံရေးပြဲကွဲခြင်း စသည့်လူ့အဖွဲ့အစည်းနာတာရှည်ရောဂါများ သိသိသာသာပေါ်ပေါက် နေပြီး မည်သည်ကိုမျှ သေသေချာချာဖြေရှင်းခြင်း မရှိပေ။ မိမိကိုယ်ကိုလိမ်ညာနေခြင်းပင် ဖြစ်သည်။ အမေရိကန်သည် တရုတ်နိုင်ငံကို အမည်ဖျက်တိုက်ခိုက်လိုက်ရုံဖြင့် မိမိ၏ အမာရွတ်ကို ဖုံးဖိနိုင်လိမ့်သွားမည်လား။

အမေရိကန်သည် နာမည်ဆိုးဖြင့်ကျော်ကြားနေသော “McCarthyism” နှင့် ခေတ်နောက်ကျနေသော “စစ်အေးတိုက်ပွဲသီအိုရီ” များကို ပြန်လည်ကောက်ယူ၍ တရုတ်နိုင်ငံအပေါ် ကျင့်သုံးကာ နိုင်ငံရေးသဘောထားပိုင်းဆိုင်ရာ ဆန့်ကျင်မှုကို တမင်သက်သက်လုပ်ဆောင်ပြီး နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာဆက်ဆံရေး အခြေခံစည်းမျဉ်းများကို ချိုးဖောက်လျက်ရှိသည်။ တရုတ်နိုင်ငံသည် အမေရိကန် တရုတ်ဆန့်ကျင်သည့်အင်အားစုအနည်းငယ်၏ အပြုသဘောမဆောင်သော လှုံ့ဆော်မှုများကို ခံရမည်မဟုတ်၊ သို့သော် မိမိ၏တရားဝင်အကျိုးစီးပွားနှင့် ဂုဏ်သိက္ခာကို ပြတ်ပြတ်သားသား ကာကွယ်စောင့်ရှောက်သွားမည်။

ဟောင်ကောင်သည် တရုတ်နိုင်ငံ၏ပိုင်နက်နယ်မြေဖြစ်သည်။ တရုတ်နိုင်ငံအစိုးရ သည် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ လိုအပ်ချက်ကို ပြင်ဆင်၍ “တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ နိုင်ငံတော်လုံခြုံရေးဥပဒေ” ပြဌာန်းခြင်းမှာ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးသက်သက်သာ ဖြစ်ပါသည်။ အမေရိကန်မှ ဟောင်ကောင်ကို ဆက်လက်အသုံးချ၍ တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရန်အတွက် ဟောင်ကောင်မှ နိုင်ငံတော်လုံခြုံရေးဥပဒေကို ကာကွယ်စောင့်ရှောက်ခြင်းကို မလိုမုန်းထားသောစိတ်ဖြင့် အကြိမ်ကြိမ်ကဲ့ရဲ့နာမည်ဖျက်နေပြီး “ဟောင်ကောင် ကိုယ်ပိုင်အုပ်ချုပ်ရေးဥပဒေ” ပြဌာန်းနိုင်ရေးအတွက် တစ်ယူသန်စွာ ကြိုးပမ်းနေသည်။ ယင်းမှာ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ပေါ်ပေါ်ထင်ထင်စွက်ဖက်နေခြင်းဖြစ်ပြီး ဟောင်ကောင်ပြည်သူများအပါအဝင် တရုတ်ပြည်သူ ၁.၄ ဘီလီယံ၏ ဘုံသဘောထားကို မလေးစားခြင်းပင် ဖြစ်သည်။ ဟောင်ကောင်သည် တရုတ်နိုင်ငံ၏ ဟောင်ကောင်ဖြစ်ပြီး အမေရိကန်မှ ထင်ရာလျှောက်ပြောခွင့်မရှိပါ။ တောင်တရုတ်ပင်လယ်အရေး၌ အမေရိကန်သည် တောင်တရုတ်ပင်လယ်အချုပ်အခြာအာဏာဆိုင်ရာ အရေးကိစ္စတွင် ရပ်တည်ချက်မဖော်ပြပါဟူသော တရားဝင်ကတိကို သွေဖယ်၍ တရုတ်နိုင်ငံနှင့် သက်ဆိုင်ရာနိုင်ငံအကြား ဆက်ဆံရေးကို သွေးခွဲရန်ရည်ရွယ်ကာ “ကုလသမဂ္ဂပင်လယ်ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်း” ၌ ပါဝင်ခြင်းမရှိဘဲ အခြားနိုင်ငံမှ ကွန်ဗင်းရှင်းကို မလိုက်နာဟု ပေါ်ပေါ်ထင်ထင်ပြစ်တင်ဝေဖန်နေသည်။ အမေရိကန်သည် မိမိ၏ ဤကဲ့သို့ဆောင်ရွက်မှုအပေါ် ရှက်ရွံ့မှု မရှိဘူးလား။

အမေရိကန်က မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အမြဲအလေးထားပြောကြားနေသဖြင့် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာကို တကယ်လေးစားခဲ့ဖူးလားဟု မိမိတို့မေးချင်မိပါသည်။ နှစ်ပေါင်းများစွာအတွင်း၌ အမေရိကန်က နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး စသည့်နယ်ပယ်များတွင် မြန်မာနိုင်ငံကို အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့ပါသည်။ ယင်းသည် မြန်မာနိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် ပြင်းထန်သည့်အတားအဆီးဖြစ်စေခဲ့သည်သာမက မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအသီးသီးနှင့်ဆက်ဆံရေးကို အလွန်အမင်းထိခိုက်စေခဲ့ပါသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ မြန်မာနိုင်ငံနှင့်သက်ဆိုင်ရာဆုံးဖြတ်ချက်ကို အတည်ပြုရန် အမေရိကန်က ကြိမ်ဖန်များစွာတွန်းအားပေးခဲ့ပြီး မြန်မာနိုင်ငံက ရခိုင်ပြည်နယ်အရေးကိစ္စတွင် ကြိုးပမ်းဆောင်ရွက်မှုများကိုလည်း တမင်သက်သက်လျစ်လျူရှုကာ မြန်မာနိုင်ငံကို အဆက်မပြတ် ဖိအားပေးခဲ့ပါသည်။ ယင်းသည် မြန်မာနိုင်ငံပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း စွက်ဖက်နေခြင်း မဟုတ်ပါလား။ တရုတ်နိုင်ငံက နိုင်ငံတကာနှင့်ဆက်ဆံရာတွင် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးရပ်ကို အစဉ်တစိုက်လက်ကိုင်စွဲပြီး မြန်မာနိုင်ငံက မိမိနိုင်ငံတော်အခြေအနေနှင့်ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း ရွေးချယ်မှုကို လေးစားကာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ လူအခွင့်အရေးကောင်စီ စသည့် နိုင်ငံတကာမျက်နှာစာများတွင် မြန်မာနိုင်ငံကို ပြတ်ပြတ်သားသားထောက်ခံအားပေးပြီး မြန်မာနိုင်ငံ မိမိနိုင်ငံအချုပ်အခြာအာဏာနှင့် တရားဝင်ရပိုင်ခွင့်ကို ကာကွယ်ရာတွင် ကူညီပေးပါသည်။ အမှန်အမှားကို အများပြည်သူက သိရှိနားလည်မည်ဟု မိမိတို့ယုံကြည်ပါသည်။

အမေရိကန်နိုင်ငံက မြန်မာနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် အကူအညီမည်မျှထောက်ပံ့ပေးခဲ့ပါသလဲ။ COVID-19 ကာလအတွင်း၌ အမေရိကန်က မြန်မာနိုင်ငံထံ ထောက်ပံ့ကူညီမှုများပေးအပ်မည်ဟု ကြိမ်ဖန်များစွာကြေညာခဲ့သော်လည်း ယင်းတို့သည် “အကောင်အထည်မဖော်သည့်ကတိစကား” များသာဖြစ်သည်။ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအတွက် နှာခေါင်းစည်းဘယ်နှခု၊ စမ်းသပ်ကိရိယာဘယ်နှစုံ၊ တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံ (PPE) ဘယ်နှစုံ လှူဒါန်းပေးခဲ့ပါသလဲ။ တရုတ်နိုင်ငံကအမြဲတစေ မြန်မာနိုင်ငံနှင့် တစ်လှေတည်းစီး တစ်ခရီးတည်းသွားကာ စေတနာစိတ်ရင်းအမှန်ဖြင့် မြန်မာနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေးတွင် ကူညီပေးခဲ့ပါသည်။ တရုတ်နိုင်ငံအစိုးရ၊ တပ်မတော်၊ ကုမ္ပဏီ၊ အရပ်ဘက်အဖွဲ့အစည်းများက မြန်မာနိုင်ငံထံ စမ်းသပ်စစ်ဆေးရေးပစ္စည်း ၂ သိန်းကျော်၊ တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံ (PPE) အစုံရေ ၆ သောင်းနီးပါး၊ နှာခေါင်းစည်းအခုရေ ၆၅ သိန်းကျော်နှင့် အသက်ရှူစက် ၃၅ လုံးအပါအဝင် ရောဂါတိုက်ဖျက်ပစ္စည်းများကို အသုတ်များစွာပို့ဆောင်လှူဒါန်းပေးခဲ့ပါသည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ ဆေးဖက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များအဖွဲ့ ၃ ဖွဲ့စေလွှတ်ပြီး ရောဂါတိုက်ဖျက်ရေးအတွေ့အကြုံများ မျှဝေကာ မြန်မာနိုင်ငံက ရောဂါကာကွယ်ထိန်းချုပ်ရေးစွမ်းရည်နှင့် အရည်အချင်းတိုးမြှင့်ရေးအတွက် ကူညီပေးခဲ့ပါသည်။ အမေရိကန်နိုင်ငံက တရုတ်-မြန်မာရောဂါတိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်မှုကို အကြောင်းပြပြီး တရုတ်နိုင်ငံကို နာမည်ဖျက်ရန်ကြိုးပမ်းမှုက အောင်မြင်နိုင်မည်မဟုတ်ပါ။

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံသည့်စီမံကိန်းများကို အမေရိကန်နိုင်ငံက မလိုမုန်းထားသောစိတ်ဖြင့် နာမည်ဖျက်တိုက်ခိုက်သည့်အပြင် အရပ်ဘက်အဖွဲ့အစည်းများကို မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများအား တားဆီးရန် တိုက်တွန်းလှုံ့ဆော်ပြီး တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှုကို နှောင့်ယှက်ရန်ကြိုးပမ်းကာ နှစ်နိုင်ငံပြည်သူဆက်ဆံရေးကို သွေးခွဲခြင်းသည် တရုတ်-မြန်မာချစ်ကြည်ရေးနှင့် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အဆင်ပြေချောမွေ့စွာ တိုးတက်နေမှုကို မလိုလားမှုကြောင့်ပင်ဖြစ်သည်။ အမေရိကန်၏ ကြံစည်မှုအောင်မြင်သွားပါက နောက်ဆုံးတွင် အများဆုံးထိခိုက်မည်မှာ မြန်မာနိုင်ငံပြည်သူများပင်ဖြစ်သည်။ တရုတ်နိုင်ငံက အစဉ်တစိုက် အပြန်အလှန်လေးစားမှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်းမှုဟူသည့် အခြေခံပေါ်တွင် တရုတ်-မြန်မာလက်တွေ့ကျပူးပေါင်းဆောင်ရွက်မှုကိုဖော်ဆောင်နေပါသည်။ လက်ရှိတွင် နှစ်ဦးနှစ်ဖက်က မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပေါ်လိုအပ်သည့် ဆက်သွယ်ရေး၊ စွမ်းအင်၊ ကုန်ထုတ်စွမ်းရည်စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လျက်ရှိပါသည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းထုတ်ကုန်များ တင်သွင်းမှုကို တစ်ဆင့်တိုး မြှင့်တင်ပြီး မြန်မာနိုင်ငံပြည်သူများနှင့်အတူ အသင့်အတင့်ချမ်းသာသောအခြေအနေ ရောက်ရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်သည်။ ယခုအကြိမ် COVID-19 ရောဂါဖြစ်ပွားပြီးနောက် နှစ်နိုင်ငံက တရုတ်-မြန်မာအရေးကြီးပုဂ္ဂိုလ်များသွားလာဆက်ဆံရန် “Fast lane” ကိုထူထောင်လိုက်သည်သာမက အဓိကပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများ စနစ်တကျအဆင်ပြေချောမွေ့စွာဖော်ဆောင်မှုကိုလည်း အာမခံကာ မြန်မာနိုင်ငံ စီးပွားရေးနှင့်ပြည်သူနေထိုင်မှုဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုခဲ့ပါသည်။ လက်ရှိတွင် တရုတ်-မြန်မာနိုင်ငံ ရောဂါအခြေအနေတွင် နှစ်နိုင်ငံအပြန်အလှန် ပြည်ဝင်မှုကြောင့်ကူးစက်မှုမရှိသည့်အပြင် နှစ်နိုင်ငံ အရေးကြီးလက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများလည်း ရပ်တန့်မှုမရှိသည့်အတွက် တရုတ်နိုင်ငံက ထိုအတွက်ကြိုးပမ်းဆောင်ရွက်မှုများသည် အများမျက်မြင်ပင်ဖြစ်ပါသည်။

ပတ္တမြားမှန်ရင်နွံမနစ်သကဲ့သို့ ဖြစ်ရပ်မှန်ကငြင်းခုန်မှုထက်သာပါသည်။ တရုတ်-မြန်မာနှစ်နိုင်ငံသည် ပထဝီတည်နေရာချင်းနီးစပ်ကာ ပြည်သူများရင်းနှီးပါသည်။ နှစ်နိုင်ငံပြည်သူများကရှေးပဝေသဏီထဲက ချစ်ကြည်ရင်းနှီးစွာကူးလူးဆက်ဆံခဲ့ရာ ထူးခြားနက်ရှိုင်းလှသည့် “ဆွေမျိုးပေါက်ဖော်” သံယောဇဉ်ဖြစ်ထွန်းလာခဲ့ပါသည်။ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်မှုသည်လည်း အချိန်၏စမ်းသပ်မှုကိုခံနိုင်ရည်ရှိကာ တစ်ခဏတာ ကိစ္စရပ်တစ်ခုကြောင့်ထိခိုက်မှုရှိမည်မဟုတ်ပါ။ ယခုနှစ်သည် တရုတ်-မြန်မာသံတမန်ဆက်ဆံရေးထူထောင်သည့် နှစ် ၇၀ ပြည့်ဖြစ်သည်။ သမ္မတ Mr. Xi Jinping က ယခုနှစ်ဆန်းပိုင်းတွင် ဖိတ်ကြားမှုအရ မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးစဉ်လာရောက်ခဲ့ရာ သမိုင်းဝင်ရလဒ်များရရှိခဲ့ပါသည်။ နှစ်နိုင်ငံခေါင်းဆောင်များက တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းကို တည်ဆောက်ရန်သဘောတူညီခဲ့ကြပြီး တရုတ်-မြန်မာ ခေတ်အဆက်ဆက် ချစ်ကြည်ရေးစာမျက်နှာသစ်ဖွင့်လှစ်ခဲ့ပါသည်။

လက်ရှိတွင် တရုတ်-မြန်မာနှစ်နိုင်ငံ နယ်ပယ်အသီးသီးက “Belt and Road” နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကို အတူတကွတည်ဆောက်လျက်ရှိပြီး အရည်အသွေးမြင့်၍ စဉ်ဆက်မပြတ်သည့် အတူတကွဖွံ့ဖြိိုးတိုးတက်မှုကို ဖော်ဆောင်ကာ နှစ်နိုင်ငံပြည်သူများက သာယာလှပသောဘဝအပေါ် မျှော်မှန်းတောင့်တမှုကိုဖြည့်ဆည်းနေပါသည်။ နှစ်ဦးနှစ်ဖက်က တည်ငြိမ်အေးချမ်းမှုကို အတူတကွထိန်းသိမ်း၍ တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ဆန္ဒကို လေးစားသည့်အခြေခံပေါ်တွင် မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဖော်ဆောင်ရေးအတွက် အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည်ဖြစ်ပါသည်။ နှစ်ဦးနှစ်ဖက်က ပြည်သူများသွားလာဆက်ဆံမှုကို တစ်ဆင့်တိုး မြှင့်တင်လျက်ရှိပြီး နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်မှု နှစ် ၇၀ ပြည့်နှင့် “ယဉ်ကျေးမှုနှင့် ခရီးသွားလာမှုနှစ်” သက်ဆိုင်ရာလှုပ်ရှားမှုများကို ကောင်းမွန်စွာကျင်းပကာ နှစ်နိုင်ငံပြည်သူများ အပြန်အလှန်နားလည်မှုနှင့် ပြည်သူများစိတ်နှလုံးချင်းဆက်နွယ်မှုကို တိုးမြှင့်နေပါသည်။ နှစ်ဦးနှစ်ဖက်က ရောဂါတိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတွင် ကောင်းမွန်သည့်ရလဒ်များရရှိခဲ့ပါသည်။ မြန်မာနိုင်ငံက တရုတ်နိုင်ငံ၏ ရောဂါတိုက်ဖျက်ရေးအတွက် ထောက်ခံအားပေးမှုကို မိမိတို့ကကျေးဇူးတင်ရှိပြီး မြန်မာနိုင်ငံ၏လိုအပ်ချက်အရ မြန်မာနိုင်ငံထံ ကူညီမှုများဆက်လက်ပေးအပ်ပြီး မြန်မာနိုင်ငံ၏ “မည်သူတစ်ဦးတစ်ယောက်မျှမကျန်ရှိရေး” ကို ဘက်စုံထောက်ခံအားပေးမည်ဖြစ်သည်။ နှစ်ဦးနှစ်ဖက်က ပြည်ပစွက်ဖက်မှုအား ဆန့်ကျင်ရေးကိုဖော်ဆောင်လျက်ရှိပြီး နှစ်ဦးနှစ်ဖက် နိုင်ငံတော်အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်မှုအကျိုးအမြတ်နှင့်သက်ဆိုင်သည့် အရေးပါကိစ္စများတွင် အပြန်အလှန်နားလည်ထောက်ခံပြီး ပိုမိုတရားမျှတ၍ သဘောတရားကျသော နိုင်ငံတကာအစီအစဉ်အသစ် တည်ဆောက်မှုကိုတွန်းအားပေးကာ လူသားကံကြမ္မာတူအသိုက်အဝန်းတည်ဆောက်ရန် အတူတကွကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

ဆင်စွယ်မှန်လျှင်ပိုးမစားပါ။ အမေရိကန်၏ အချို့သူများက တရုတ်-မြန်မာဆက်ဆံရေးကို ကဲ့ရဲ့သွေးခွဲသည့်ုလုပ်ရပ်သည် အချည်းနှီးသာဖြစ်ပြီး အောင်မြင်မည်မဟုတ်။ မိမိတို့သည် မြန်မာနိုင်ငံ နယ်ပယ်အသီးသီးနှင့်အတူတကွလက်တွဲကာ တရုတ်-မြန်မာရွှေလမ်းငွေလမ်းပေါ်တွင် လျှောက်လှမ်းပြီး ခေတ်သစ်တရုတ်-မြန်မာချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်မှု စာမျက်နှာသစ်ကို အတူဖွင့်လှစ်ရေးသားသွားမည်ဖြစ်ပါသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •