တရုတ် – အမေရိကန် လေကြောင်းထိတွေ့မှုစဖြစ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

✈️ 🇨🇳 တရုတ် – 🇺🇸 အမေရိကန် #လေကြောင်းထိတွေ့မှုများ။

၃၄ စက္ကန့်ကြာ ရေဒီယိုအသံဖမ်းမှုမှာတရုတ်ရေတပ်ကအရာရှိဆိုသူရဲ့ အင်္ဂလိပ်လို သတိပေးသံကြားရပါတယ်။

🚨 “အခုတရုတ်ရေတပ်ကလေကြောင်းအစောင့်တပ်က စကားပြောနေတာဖြစ်တယ်။

သင်တို့ဟာ တရုတ်လေပိုင်နက်ကိုချဉ်းကပ်လာနေပြီဖြစ်တယ်။ ချက်ချင်းလမ်းကြောင်း မပြောင်းရင် သင်တို့ကို ကြားဖြတ်ထိတွေ့မှု ဖြစ်စေမှာဖြစ်တယ်။”

သူဟာ တရုတ်လိုပါဆက်လက် သတိပေးချက်လွှင့်ပါတယ်။

အခုလို သတိပေးချက်ကို အသံဖမ်းထားသူက အပျော်တမ်းရေဒီယို အသံဖမ်းသူတစ်ယောက်ဖြစ်ပါတယ်။

ဒါဟာ ထိုင်ဝမ်ရေလက်ကြားမြောက်ပိုင်းမှာ ကြာသပတေးနေ့မနက်က ဖြစ်ပွားခဲ့တဲ့ တရုတ်နဲ့ အမေရိကန်ရဲ့ နောက်ဆုံးလေကြောင်းထိတွေ့မှု ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့က အမေရိကန်ရေတပ်က ရေငုပ်သင်္ဘောဖျက်လေယာဉ် P-8A Poseidon ဟာ ထိုင်ဝမ်ကျွန်းတောင်ဘက် တောင်တရုတ်ပင်လယ်အတွင်းမှာ ပျံသန်းနေတာ တွေ့ခဲ့ရပါတယ်။

အဲ့ဒီနေ့မှာပဲ အမေရိကန်စစ်တပ်က RC-12X Guardrail လေယာဉ်ကို ပင်လယ်ဝါပေါ်မှာတွေ့ရပါတယ်။

RC-12X Guardrail လေယာဉ်တွေက ထောက်လှမ်းရေးကိရိယာတွေတပ်ဆင်ထားတဲ့ လေယာဉ်ကြီးတွေ ဖြစ်ပါတယ်။

ပင်လယ်ဝါဆိုတာက ကိုရီးယားနဲ့ တရုတ်ကြားက ပင်လယ်ကို ခေါ်တာပါ။

အမေရိကန်နဲ့ တရုတ်က ၂၀၁၅ ခုနှစ်မှာ လေကြောင်းနဲ့ ရေကြောင်းအန္တရာယ်ရှိတဲ့ ထိတွေ့မှုမျိုးမဖြစ်ဖို့ သဘောတူစာချုပ်ချုပ်ထားတာပါ။

ဒါပေမယ့် ၂၀၁၇ ခုနှစ် မေလတုန်းက အရှေ့တရုတ်ပင်လယ်ပေါ်မှာ ပျံသန်းနေတဲ့ အမေရိကန်စစ်လေယာဉ်ကို အန္တရာယ်ရှိတဲ့အထိ ချဉ်းကပ်ထိတွေ့ဖူးပါတယ်။

အဲ့ဒီကိစ္စမှာ ပန်တဂွန်စစ်ဌာနချုပ်က တရုတ်အစိုးရကို တရုတ်လေသူရဲတွေရဲ့ အခုလို အန္တရာယ်ရှိပြီး ပရော်ဖက်ရှင်နယ်မကျတဲ့ ချဉ်းကပ်ထိတွေ့မှုမျိုးကို ကွန်ပလိန်းတက်ဖူးပါတယ်။

အခုလို တရုတ်-အမေရိကန်တင်းမာမှုတွေမြင့်တက်နေပြီး လေကြောင်းထိတွေ့မှုတွေ ရှိနေချိန်မှာ ၂၀၀၁ ခုနှစ်တုန်းက ဟိုင်နန်ကျွန်းနားက အဖြစ်အပျက်ကို ကျနော် ပြန်သတိရပါတယ်။

ကျနော်မှတ်မှတ်ရရရှိနေတာက တရုတ်လေသူရဲ ဝမ်ဝေပါ။

CnC General war game ဆော့ရင် တရုတ်လေယာဉ်ပျက်ကျရင် “China…forgets me” လို့အော်ပြီး ထိုးဆင်းသွားတိုင်း ဝမ်ဝေကို သတိရမိတာပါ။

၂၀၀၁ ခုနှစ် ဧပြီ ၁ ရက်နေ့မှာ အမေရိကန်ထောက်လှမ်းရေးလေယာဉ် EP-3 ဟာ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းက ပျံတက်ပြီး ဟိုင်နန်ကျွန်းနားက မိုင် ၇၀ အကွာမှာ ပျံနေချိန်မှာ တရုတ် J-8 တိုက်လေယာဉ်နှစ်စင်းက ချဉ်းကပ်လာပါတယ်။

တရုတ်လေသူရဲ ဝမ်ဝေ (ပူတွဲပါပုံထဲကလေသူရဲ) ဟာ အမေရိကန်လေယာဉ်နား အရမ်းနီးကပ်စွာ ဖြတ်ဝင်ပျံသန်းခဲ့ပါတယ်။

တတိယအကြိမ်မှာ ဝမ်ဝေရဲ့ J-8 နဲ့ အမေရိကန်လေယာဉ်ဝင်တိုက်ပြီး ဝမ်ဝေကို အစရှာမရတော့ပါ။

ဝမ်ဝေဟာ မိုက်ရူးရဲစွာ အသေခံဝင်တိုက်ပစ်တယ်ဆိုပြီး ပြောကြသလို သူ့ကိုတရုတ်ပြည်မှာ သူရဲကောင်းအဖြစ် ချီးကျူးကြပါတယ်။

ဝမ်ဝေရဲ့ J-8 လေယာဉ်အမြီးပိုင်းဟာ အမေရိကန်လေယာဉ်ရဲ့ တောင်ပံပေါ်မှာချိတ်လျက်သား ပါသွားပါတယ်။

အမေရိကန်လေယာဉ်ဟာ ၃၀ ဒီဂရီစိုက်ဆင်းသွားပြီး bank angle 130 နဲ့ စက္ကန့် ၃၀ လောက်ပျံသန်းကာ အမြင့်ပေ ၆၀၀၀ လောက်ထိုးကျသွားပါတယ်။

အမေရိကန်လေသူရဲ ရှိန်းအော့စ်ဘွန်းက လေယာဉ်ကို ပြန်လည်တည့်မတ်နိုင်လိုက်ပေမယ့် ဟိုင်နန်ကျွန်းမှာ ခွင့်ပြုချက်မရှိပဲ အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။

အမေရိကန်ထောက်လှမ်းရေးလေယာဉ်ပေါ်က စာရွက်စာတမ်းတွေ၊ ကွန်ပျူတာ ဟာ့ဒစ်တွေကို ဖျက်ဆီးရပါတယ်။

အားလုံးဟာ ဘယ်လိုစနစ်တကျ ဒေတာဖော်မရအောင် ဖျက်ဆီးရမလဲ မသိတာကြောင့် ဟာ့ဒစ်ထဲ၊ မားသားဘုတ်ပေါ် ကော်ဖီလောင်းချတာတွေ လုပ်ခဲ့ပါတယ်။

ဒါ့ကြောင့် ဒေတာတစ်ဝက်လောက် တရုတ်တွေရသွားပါတယ်။

လေယာဉ်ဆင်းသက်ပြီး ၁၅ မိနစ်အထိ ဖျက်ဆီးလို့ ကောင်းတုန်းပါပဲ။

တရုတ်စစ်သားတွေ ပြတင်းပေါက်က ပေါ်လာပြီး သေနတ်နဲ့ချိန်ကာ ထွက်ခဲ့ဖို့ လော်စပီကာနဲ့ခေါ်ထုတ်ပါတယ်။

တရုတ်စစ်သားတွေက အမေရိကန်တွေကို ထုံးစံအတိုင်း စီးကရက်တိုက်ပါတယ်။

အစက အစားအသောက်ကအစ အဆင်မပြေပေမယ့် တဖြည်းဖြည်း အစောင့်တွေနဲ့ ရင်းနှီးလာကာ အစောင့်တစ်ယောက်က Hotel California သီချင်းစာသားကို ရေးပေးဖို့ တောင်းတဲ့အထိ ခင်လာကြပါတယ်။

အမေရိကန်လေယာဉ်ကို တရုတ်တွေက ဝက်အူတစ်လုံးမကျန် အကုန်ချွတ်ပြီး စစ်ဆေးခဲ့ပါတယ်။

တရုတ်လက်ထဲ signal intelligence manual, cryptographic keys, NSA ဝန်ထမ်းနာမည်တွေ စတဲ့ အရေးကြီးတာတွေပါသွားပါတယ်။

မြောက်ကိုရီးယား၊ ဗီယက်နမ်၊ တရုတ်နဲ့ တခြားနိုင်ငံတွေကို ဆက်သွယ်ရေးထောက်လှမ်းထားတဲ့ အချက်အလက်တွေ ပါသွားပါတယ်။

အမေရိကန်ထောက်လှမ်းရေးလေယာဉ်ဟာ ရေငုပ်သင်္ဘောလမ်းကြောင်းအစီအစဉ်ကို signal ထုတ်လွှင့်မှုကနေ သိနိုင်ကြောင်း တရုတ်တွေသိသွားခဲ့ပါတယ်။

လေယာဉ်ပေါ်က ဝန်ထမ်း အမေရိကန်ကျားမ ၂၄ ယောက်ကို ၁၀ ရက်အကြာမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

အဲ့လိုပြန်လွှတ်ပေးဖို့ အမေရိကန်က ” Letter of two sorries” ကို တရုတ်တွေကို ရေးပို့ခဲ့ရပါတယ်။

အခုလို တရုတ်-အမေရိကန် အတင်းမာဆုံးအချိန်ပြန်ဖြစ်လာနေပြန်ပါပြီ။

စီးပွားရေးတင်းမာမှုကနေ နိုင်ငံရေးတင်းမာမှုအထိရောက်လာပြီဖြစ်ပြီး စစ်ရေးတင်းမာမှု ဘယ်လောက်အထိမြင့်တက်လာမလဲ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

သံတမန်ရေးတင်းမာမှုအဆင့်မှာ ဒီနေ့ပဲ Huston က တရုတ်ကောင်စစ်ဝန်ရုံးကို တရုတ်တွေထွက်သွားအပြီး သတ်မှတ် ၇၂ နာရီပြည့်ချိန်မှာ အမေရိကန်တွေ တံခါးသော့ဖျက်ဝင်ခဲ့မှုနဲ့ တရုတ်က လက်စားချေမယ် ပြောထားပါကြောင်း။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant
24-July-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •