တာရိုးကျိုးပေါက်မှုကို ရေစုပ်စက်များဖြင့် စုပ်ထုတ်နေ၊ သတ်မှတ်ရက်ထက် ဆောလျင်စွာ ရေကျနိုင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

တာရိုးကျိုးပေါက်မှုကြောင့် မြစ်ရေဝင်ရောက်မှုကို တားဆီးနိုင်ပြီး ရေစုပ်စက်များဖြင့် စုပ်ထုတ်ဆောင်ရွက်၊ သတ်မှတ်ရက်ထက် ဆောလျင်စွာ ရေကျနိုင်

အမရပူရမြို့နယ် ရွှေဂဲကျေးရွာအနီး တာရိုးကျိုးပေါက်မှုကြောင့် အမရပူမြို့နယ် ရပ်ကွက်နှင့် ကျေးရွာအချို့ မြစ်ရေဝင်ရောက်ခဲ့သဖြင့် ရေများအမြန်လျော့ကျရေးအတွက် ဝန်ကြီးဌာနအချို့ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့် အဖွဲ့အစည်းအသီးသီးတို့မှ ပူးပေါင်းဆောင်ရွက်လျက် ရှိရာ ဇူလိုင် ၂၃ ရက် ညနေ ၆ နာရီတွင် ရေလုံးဝမထွက်အောင် တားဆီးနိုင်ပြီး ရေစုပ်စက်များဖြင့် စုပ်ထုတ် ဆောင်ရွက်နေပြီဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ရေနှင့်သန့်ရှင်းမှုဌာန ရေဆိုးထုတ်စက်ရုံမှ တစ်နာရီ ရေဂါလန် တစ်သန်းခွဲနှင့် mobile pump ၆လုံးဖြင့် တစ်နာရီ ရေဂါလန်၆ သိန်းစွန့်ထုတ်လျက်ရှိသည်။

ရေများပိုမိုလျင်မြန်စွာ လျော့ကျရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ထောက်ပံ့ပေးသည့် ငွေကျပ်သိန်း ၂ဝဝဝ အပါအဝင် တစ်နာရီ ရေဂါလန် ဝ ဒသမ ၅၂ သန်း စုပ်ထုတ်နိုင်သည့် ရေစုပ်စက်၄ လုံး၊ နောက်ထပ် စက်အကြီး ၂ စုံက တစ်နာရီ ရေဂါလန် ၈ သိန်း စုပ်ထုတ်နိုင် မှာဖြစ်ပြီး မိတ္ထီလာခရိုင်၊ ကျောက်ဆည်ခရိုင်၊ မြင်းခြံ ခရိုင်၊ ညောင်ဦးခရိုင်၊ စစ်ကိုင်းခရိုင်နှင့် မုံရွာခရိုင် များမှာရှိသည့် မြစ်ရေတင်စီမံကိန်းများမှ ရေစုပ်စက်များ ပို့ဆောင်ပေးသဖြင့် ဇူလိုင် ၂၄ ရက်မှစတင်၍ တစ်နာရီ
လျှင် ရေဂါလန် ၃ သန်း ပိုမိုစုပ်ထုတ်နိုင်မည်ဖြစ်သည်။

အဆိုပါစက်များအားလုံး စွမ်းအားပြည့် မောင်းနှင်စုပ်ထုတ်ပါက တစ်နာရီကို ရေဂါလန် ၆ သန်း ၄ သိန်း စုပ်ထုတ်နိုင်မှာဖြစ်သဖြင့် ၅ ရက်၊ ၆ ရက်အတွင်း ရေများစုပ်ထုတ်နိုင်မှာဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ရေစိမ့်မှုကို Sheet Pile နှစ်ဖက်စလုံးရိုက်သည့်လုပ်ငန်းကို ယနေ့ည အပြီးသတ်ဆောင်ရွက်ပြီး မြစ်ဘက်က ရေများ မစိမ့်ဝင်စေရန် Geotextile Sheet အပြင် Geobag များပါ ခင်းပြီး သဲမှုတ်ထည့်သွင်းနိုင်၍ စိမ့်ထွက်နေ သည့် ရေများ လုံးဝတားဆီးနိုင်ခဲ့ပြီဖြစ်ကြောင်း မြို့တော်ဝန်က ပြောကြားသည်။

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းကလည်း ရေစုပ်စက်များအတွက် လိုအပ်သည့် လျှပ်စစ် ဓာတ်အားရရှိရေးအတွက် နေ့ချင်းပြီး 500kva နှင့် 800kva ထရန်စဖော်မာ ၂ လုံးတပ်ဆင်ပေး၍ လျှပ်စစ် ဓာတ်အားရရှိရန်ဆောင်ရွက်ပြီးဖြစ်သည်။
MRG
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •