“”တာဝန်ကိုယ်စီ ရှိကြသည်”” (အညာသား)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“”တာဝန်ကိုယ်စီ ရှိကြသည်””

အညာသား

ယခုတလော Social Media ပေါ်တွင် မြို့မိ မြို့ဖ ရွေးချယ်ခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ခြင်းနှင့်ပတ်သက်၍ လည်းကောင်း တင်ထားသော Post များကို မြင်ရတွေ့ရ ဖတ်ရှုနေရပါတယ်။ ၂ဝ၂ဝ ရွေးကောက်ပွဲကို ပြည်သူ လူထု စိတ်ဝင်တစားရှိလာသည်ဟု ကောက်ချက်ဆွဲနိုင်ပါတယ်။ ၂ဝ၂ဝရွေးကောက်ပွဲကို စိတ်ဝင် တစားဖြစ်လာတဲ့အတွက် ဆန္ဒမဲပေးလာနိုင်မယ့်အရေအတွက် တိုးလာနိုင် သည်ဟု ယူဆနိုင်ပါတယ်။ ဆန္ဒမဲပေးသူ အရေအတွက်တိုးလာခြင်းဟာ နိုင်ငံ့အရေးကို ပိုမိုစိတ်ဝင်စားလာသည်ဟု ယူဆလာနိုင်သဖြင့် ကောင်းတဲ့အချက်တစ်ချက်ဖြစ်ပါ တယ်။ ဆန္ဒမဲပေးပိုင်ခွင့်ဟာ နိုင်ငံသားတစ်ဦး၏ ရပိုင်ခွင့်ဖြစ်သည့်အတွက် မိမိ၏ရပိုင်ခွင့်ကို အသုံးချခြင်းဟာ ဒီမိုကရေစီ အတွက် အရေးပါလှပါတယ်။ နိုင်ငံတော်အာဏာသည် ပြည်သူ့ထံမှ ဆင်းသက်သည်ဟူသော အချက်ကို ထောက်ခံအားပေး နေသကဲ့သို့ ဖြစ်ပါတယ်။ အနိုင်ရပါတီအနေဖြင့် အစိုးရဖွဲ့သည့်အခါ ပြည်သူ၏ Mandate ကို ရသကဲ့သို့ ဖြစ်စေပါတယ်။

 

သတိထားစေချင်ပါတယ်

အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်၏ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်မှုကို အဆင့်(၃)ဆင့် ပြုလုပ်ထားသည်ကို တွေ့ရမှာဖြစ်ပါတယ်။ ပထမအဆင့်အနေဖြင့် မြို့နယ်မှ မြို့မိမြို့ဖနှင့် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့များက ရွေးချယ်ကြ မှာဖြစ်ပါတယ်။ ဒီအဆင့်မှာ ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်လောင်းများကို တိုင်းဒေသကြီး/ပြည်နယ် အလုပ်အမှုဆောင်များ က ထပ်မံစိစစ်ရွေးချယ်ဦးမှာ ဖြစ်ပါတယ်။ ဤကဲ့သို့ ထပ်မံစိစစ်ရခြင်းမှာ ဘက်လိုက်မှု ကင်းစေရန် အုပ်စုဖွဲ့ရွေးချယ်ခြင်းမှ ကင်းဝေးစေရန်အတွက် ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ကိုယ်စားလှယ်လောင်းလျှောက်သူများ၏ ကိုယ်ရေးရာဇဝင် အချက် အလက်များကို တိုင်းဒေသကြီး/ပြည်နယ် အလုပ်အမှုဆောင်များသို့ ပေးပို့ရန် ညွှန်ကြားခဲ့ပြီးဖြစ်ပါတယ်။ တစ်ဖန် တိုင်းဒေသ ကြီး/ ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့များမှ ထပ်မံစိစစ် ရွေးချယ်ထားသည့် ကိုယ်စားလှယ်လောင်းများကို ဗဟို ရွေးချယ်ရေးအဖွဲ့သို့ ပေးပို့၍လည်း ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က အတည်ပြုပြီးမှသာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဖြင့် ၂ဝ၂ဝ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ မြို့နယ်က ရွေးချယ်လိုက်တာနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ်လောင်း မဖြစ်သေး ပါ။ ဤကဲ့သို့ မြို့နယ်အဆင့်တွင်ပင် Social Media ပေါ် တင်လိုက်ခြင်းဟာ မလိုအားအပ်တဲ့အရာများ ဖြစ်ပေါ်နိုင်ပါတယ်။ ဥပမာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းပဲဆိုပြီး အန္တရာယ်ပြုမှုများ၊ လူမှုရေးတိုက်ခိုက်မှု များ ဖြစ်ပေါ်လာနိုင်သဖြင့် သတိထား ရှောင်ရှားသင့်သည်ဟု အကြံပြုလိုပါတယ်။

 

လူမှန်နေရာမှန် ဖြစ်စေချင်ပါတယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၂ဝ၂ဝ ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ခြင်းအတွက် အဆင့်(၃)ဆင့် ပြုလုပ်ထားရခြင်းမှာ နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်မည့်သူများကို ရရှိလို ခြင်းကြောင့် ဖြစ်ပါတယ်။ ၂ဝ၁၅ခုနှစ် ရွေးကောက်ပွဲဟာ ဒီမိုကရေစီ မျိုးစေ့ကို ချပေးတဲ့ ရွေးကောက်ပွဲအဖြစ် သတ်မှတ်မယ် ဆို သတ်မှတ်နိုင်ပါတယ်။ ယခုအခါ ဒီမိုကရေစီ အပင်ပေါက်ကလေးအဖြစ် ရှင်သန်နေပြီဖြစ်ပါတယ်။ ဤအပင်ပေါက် ကလေးကနေ၍ ဆက်လက်ရှင်သန်ဖွံ့ဖြိုးပြီး အသီးအပွင့်များ ထွက်ပေါ်လာစေရန် ပြုစုပျိုးထောင်ပေးရန် လိုအပ်ပါတယ်။ ၂ဝ၂ဝ ရွေးကောက်ပွဲဟာ ဒီမိုကရေစီဥယျာဉ်မှူးများ အမှန်တကယ်လိုအပ်နေပါတယ်။ ဒါ့ကြောင့် ၂ဝ၂ဝ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအတွက် အလွန်အရေးကြီးလှပါတယ်။ ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိဖို့လည်း အထူးလိုအပ်လှပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရရှိမှလည်း ပြုစုပျိုးထောင်ခဲ့တဲ့ ဒီမိုကရေစီ အပင်ပေါက် ကလေးကို အသီးအပွင့်များ ဝေဆာလာအောင် ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်။ ပြည်သူလူထုက ဒီမိုကရေစီ ဥယျာဉ်မှူးများကို ရွေးချယ်တာဝန်ပေးအပ်မှာမို့ ပြည်သူလက်သင့်ခံနိုင်သည့်၊ ပြည်သူယုံကြည်သည့် ကိုယ်စားလှယ်လောင်း များ ဖြစ်ဖို့ရာ အလွန့်အလွန် အရေးပါလှပါတယ်။ ကိုယ်စားလှယ်လောင်းများ ရွေးချယ်ခြင်းဟာ အရေးပါလှသည့်အတွက် အဆင့်(၃)ဆင့်အား ရွေးချယ်ရခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်စားလှယ်လောင်းများကို လူမှန်နေရာမှန် ရွေးချယ်ပေးနိုင်ရန် အခြေခံအကျဆုံးဖြစ်သည့် မြို့နယ်များတွင် မြို့မိမြို့ဖများကို ထည့်သွင်းထားရခြင်းဖြစ်ပါတယ်။ အကယ်၍များ မြို့နယ်များက သူ့လူ၊ ကိုယ့်လူ ဘက်လိုက်မှုများရှိ၍ ရွေးချယ်ခဲ့ပါက စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်ကာ NLD အတွင်း ညီညွတ်မှုများ ပျက်ပြား ကာ အောင်နိုင်ရေးအတွက် ထိခိုက်နိုင်ပါတယ်။ NLD အောင်နိုင်ရေး ထိခိုက်ပါက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အပင်ပေါက် ကလေးကိုပါ သက်ရောက်မှုများ ရောက်ရှိသွား နိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ခြင်းဟာ နိုင်ငံတော်အတွက်သာမက ဒီမိုကရေစီအတွက်ပါ သက်ရောက်မှုများရှိနိုင်သဖြင့် လူမှန်နေရာမှန် ဖြစ်စေလိုခြင်း ဖြစ်ပါတယ်။

 

ပြည်သူတွေက စောင့်ကြည့်နေကြတယ်

၂ဝ၂ဝ ရွေးကောက်ပွဲဟာ ၂ဝ၁၅ ရွေးကောက်ပွဲကို ပြည်သူတွေဟာ ပါတီတစ်ခုတည်းကို ကြည့်ပြီး မဲပေးမှာ မဟုတ်တော့ပါ ဘူး။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုပြီး ရပ်တည်နေတာဖြစ်ပါတယ်။ ဟုတ်တယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြိုင်ဘက်မရှိ နိုင်ငံရေးခေါင်းဆောင် ကောင်းတစ်ယောက်ဖြစ်တယ်။ ပြည်သူလူအရေး၊ နိုင်ငံ့ အရေးနဲ့ ဒီမိုကရေစီအရေးကို အမြဲတမ်းစဉ်းစားပြီး ကိုယ်ကျိုးမဖတ်ဘဲ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ပြည်သူလူထုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲက မျက်နှာတစ်ခုတည်းကို ကြည့်ပြီး ၂ဝ၁၅ ခုနှစ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးခဲ့တာ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ခေါင်းဆောင်ကောင်း တစ်ယောက် ရရှိထားတဲ့ အခွင့်အရေးကို လက်လွတ် ခံလို့ မဖြစ်ပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်တွေဟာ မိမိကိုယ်တိုင် နောက်လိုက်ကောင်းများအဖြစ် တည်ဆောက်ပြီး ခေါင်းဆောင်ကောင်း၏ ချမှတ်ထားတဲ့ မူဝါဒလမ်းစဉ်များကို လိုက်နာကျင့်သုံးပြီး နိုင်ငံနှင့် ပြည်သူလူထု၏ အကျိုးစီးပွားအတွက်၊ ဒီမိုကရေစီရေးအတွက် ပေးဆပ်တည်ဆောက်သူများဖြစ်ဖို့ရာ အလွန်အရေးကြီးလှပါတယ်။ ၂ဝ၂ဝ ရွေးကောက်ပွဲမှာ ပြည်သူလူထုဟာ ပါတီတစ်ခုတည်းကို ကြည့်မှာ မဟုတ်ဘဲ ကိုယ်စားလှယ်လောင်း၏ အရည်အသွေး၊ အရည်အချင်းများကို ကြည့်မယ်လို့ ထုတ်ဖော်ပြောကြား ထားပြီးဖြစ်ပါတယ်။ ဒီထုတ်ဖော်ပြောကြားထားမှုကို လစ်လျူပြုလို့ မရပါဘူး။ အလေးအနက်သဘောထားပြီး ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ဒီတာဝန်ကို အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် အဆင့်ဆင့်တိုင်းက ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ မြို့နယ်ကလည်း မြို့နယ်အလိုက်၊ တိုင်းဒေသကြီးနဲ့ပြည်နယ်ကလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက်၊ ဗဟိုကလည်း ဗဟိုအလိုက် အဆင့်ဆင့် ဒီမိုကရေစီဥယျာဉ်မှူးများကို ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။ ဒါမှသာလျှင် ပြည်သူ၏ ယုံကြည်မှုကို ရရှိမှာ ဖြစ်ပါတယ်။ ပြည်သူသာအမိ၊ ပြည်သူသာ အဖဆိုပြီး ကြွေးကြော်နေရုံနှင့်မပြီးပါ။ ပြည်သူယုံကြည်သော သားလိမ္မာ၊ သမီးလိမ္မာများဖြစ်အောင် တစ်နည်း ဒီမိုကရေစီ ဥယျာဉ်မှူး များဖြစ်အောင် ကြိုးပမ်းကြစေလိုပါတယ်။

 

တာဝန်ကိုယ်စီ ရှိသင့်သည်၊ ရှိလည်းရှိရမည်

ဒီမိုကရေစီရှင်သန်ဖို့ဆိုတာ ပါတီဝင်တွေ အားကောင်းမောင်းသန်ဖြစ်ဖို့ အရေးကြီးပါတယ်။ ပါတီ အားကောင်းမောင်းသန် ဖြစ်ဖို့ဆိုတာ ပါတီဝင်တွေရဲ့ အရည်အသွေး၊ အရည်အချင်းတွေပေါ်မှာ အများကြီး မူတည်ပါတယ်။ ပါတီဝင်ဆိုတာက အဆင့်တွေသာ ကွဲသွားမှာပါ။ အဓိပ္ပာယ်က အတူတူပါပဲ။ ဆိုလိုချင်တာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရည်မှန်းချက် ပန်းတိုင်တူတဲ့ ပါတီဝင်တွေနဲ့ ဖွဲ့စည်းထားတာပါ။ ပြောချင်တဲ့ အဓိပ္ပာယ်ကတော့ ရပ်ကွက်/ကျေးရွာမှာရှိတဲ့ NLD ပါတီဝင်နဲ့၊ ဗဟိုအဆင့်မှာရှိတဲ့ ပါတီဝင်ဟာ အခြေခံအားဖြင့် အတူတူပါပဲ။ အဆင့်တိုင်း၊ အဆင့်တိုင်းမှာရှိတဲ့ ပါတီဝင်များဟာ အရေးကြီး ကြပါတယ်။ အားလုံးဟာ NLD ရဲ့ မူဝါဒလမ်းစဉ်များကို လိုက်နာကျင့်သုံးပါမည်ဟု ကတိကဝတ်ခံပြီး ပါတီကို ခိုင်မာအောင် တည်ဆောက်ရင်း ဒီမိုကရေစီကို ရှင်သန်အောင် လုပ်နေကြပါတယ်။ဒါကြောင့် NLD ပါတီကြီး သန်မာပြီး ရေရှည်တည်တံ့ ခိုင်မြဲအောင် (Strong Sustainable) ပါတီဝင်တိုင်းမှာ တာဝန်ရှိနေပါတယ်။ ရွေးကောက်ပွဲတွေဟာ ဒီမိုကရေစီကျင့်စဉ်မှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါနေပါတယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲများရှိနေခြင်းဟာ နိုင်ငံတစ်နိုင်ငံမှာ ဒီမိုကရေစီ ရှိနေခြင်းကို ပြဆိုနေခြင်းဖြစ်ပါတယ်။ NLD ပါတီဟာ ၁၉၉ဝ မှာလည်း သောင်ပြိုကမ်းပြိုနိုင်ခဲ့ပြီး ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာလည်း အစိုးရဖွဲ့နိုင်လောက်တဲ့အထိ အနိုင်ရရှိခဲ့ပြီးဖြစ်ပါတယ်။ ဒါဟာ NLD ပါတီကို ပြည်သူတွေက ဘယ်လောက်ထိ မျှော်လင့်ခဲ့သလဲ၊ ဘယ်လောက်ထိ ယုံကြည်ခဲ့သလဲဆိုတာ သက်သေပြနေပါတယ်။ ဒါကြောင့်မို့ ပြည်သူတွေရဲ့ မျှော်လင့်ချက်၊ ယုံကြည်မှုကို NLD အနေနဲ့ အလေးထားပြီး တိုင်းကျိုး၊ ပြည်ကျိုး၊ နိုင်ငံ့အကျိုးကို အရိုး ကျေကျေ အရေခမ်းခမ်း လုပ်ဆောင်ပေးရမှာ NLD ပါတီဝင်တိုင်းရဲ့ တာဝန်ဖြစ် ပါတယ်။ ငါနဲ့ ငါ့လူတွေ၊ ငါ့ကိုယ်စားလှယ် လောင်းတွေ ဆိုတဲ့အတွေးနဲ့ လုပ်ကိုင်ခဲ့မယ်ဆိုရင် ဒီမိုကရေစီခရီး အလှမ်းဝေးနေဦးမှာ ဖြစ်ပါတယ်။

၂ဝ၂ဝ ရွေးကောက်ပွဲကို အစိုးရဖွဲ့နိုင်လောက်တဲ့အထိ အနိုင်ရဖို့ အရေးတကြီး လိုအပ်ပါတယ်။ ပြည်သူက မဲပေးရွေးချယ် ကြမှာပါ။ ဒါ့ကြောင့်မို့ ပြည်သူတွေ အထင်လွဲစေမဲ့၊ မျက်စိဆံပင်မွှေး စူးစေမဲ့၊ ပြည်သူတွေ အမြင်ကပ်စေမဲ့ အပြုအမူ၊ အပြောအဆိုမျိုးကို တတ်နိုင်သမျှ အထူးဂရုပြု ရှောင်ကျဉ်ကြရပါလိမ့်မယ်။ ကိုယ်စားလှယ်လောင်းတွေဟာလည်း ပြည်သူ တွေရဲ့ ယုံကြည်မှုကို ရရှိဖို့ အရေးကြီးလှပါတယ်။ ပြည်သူတွေ ဘက်ကလည်း (ငါတို့ မဲပေးရမယ့် ကိုယ်စားလှယ်လောင်းက ငါတို့ရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာလား၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးအတွက် အားကိုးရမှာလား၊ ပေတံ တွေနဲ့ တိုင်းတာကြာတော့မှာ ဖြစ်ပါတယ်) ပြည်သူတွေ အကဲဖြတ်နိုင်ဖို့ ကိုယ်စားလှယ်လောင်းကိုယ်စား ရပ်ကွက်/ကျေးရွာ NLD အဖွဲ့ဝင် များ၊ မြို့နယ် NLD အဖွဲ့ဝင်များ၊ ခရိုင် NLD အဖွဲ့ဝင်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး NLDအဖွဲ့ဝင်များက ဝိုင်းဝန်း၍ ပြည်သူတွေထံ တင်ပြကြရမှာဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် NLD အဖွဲ့ဝင်အားလုံး စိတ်ဝမ်းမကွဲဘဲ၊ သွေးမကွဲဘဲ၊ စည်းစည်းလုံးလုံး ဆောင်ရွက်ပေးဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိသာနေပါတယ်။ ကျားဆွဲတာကို လည်း မခံပါနဲ့၊ ဟင်္သာကိုးသောင်းပျက်တဲ့ဇာတ်ကိုလည်း မခင်းကြပါနဲ့။ ဒီအသိလေးကို ရင်မှာပိုက်ပြီး ၂ဝ၂ဝ ရွေးကောက်ပွဲ ကို ဝင်ဖို့ လိုပါတယ်။

 

ရည်ရွယ်ချက်များ ပေါက်မြောက်ဖို့ ငါတို့ကြိုးစားစို့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထူထောင်ရခြင်းရဲ့ ရည်ရွယ်ချက်ထဲမှာ ”အများပြည်သူတို့၏ ဆန္ဒနဲ့ကိုက်ညီ၍ အခြေခံ လူ့အခွင့်အရေးများကို အာမခံမည့် စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော် ဖြစ်ပေါ်လာစေရန်” ဆိုသည့် ရည်ရွယ်ချက် ပါရှိပါတယ်။ ဒါ့အပြင် ”နောင်ခေတ်အဆက်ဆက်၌ မြန်မာနိုင်ငံသည် ပြည်သူလူထုဆန္ဒနှင့်အညီ ဒီမိုကရေစီ ပြည်ထောင်စု ကြီးအဖြစ် တည်ထွန်းစေရန်” … ”အာဏာရှင်ဆန်၍ ပြည်သူလူထုကို ဖိစီး နှိပ်စက်မည့် နိုင်ငံရေးစနစ်မျိုး မည်သည့်အခါမျှ ပေါ်ပေါက်ခြင်း မရှိစေရေးအတွက် လုပ်ကိုင်ဆောင်ရွက်သွားရန်”

ဒီရည်ရွယ်ချက်တွေကို ပေါက်မြောက် အကောင်အထည်ဖော်ရန် ၂ဝ၂ဝ ရွေးကောက်ပွဲမှာ NLD အနိုင်ရဖို့ အထူးလိုအပ်ပါ တယ်။ ၂ဝ၂ဝ ရွေးကောက်ပွဲဟာ စိန်ခေါ်မှု ကြီးမားပါလိမ့်မယ်။ ခက်ခဲပါလိမ့်မယ်။ အဖွဲ့ဝင်တွေအနေနဲ့ အလွယ်တကူ အနိုင်ရမယ်လို့ မထင်လိုက်ကြပါနဲ့။ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲဝင်စဉ်ကထက် ပိုမိုကြိုးစားရပါလိမ့်မယ်။ ပိုမိုစည်းလုံးရ ပါလိမ့်မယ်။ ပြည်သူနဲ့လည်း ပိုမိုထိတွေ့ရပါလိမ့်မယ်။ အိမ်တိုင်ရာ ရောက် ပိုမိုသွားရပါလိမ့်မယ်။ ဒီအချက်တွေကို အလေး ဂရုပြုရင်းနဲ့ ၂ဝ၂ဝ အထွေ ထွေရွေးကောက်ပွဲမှာ အောင်မြင်အောင် ကြိုးပမ်းကြပါလို့ တိုက်တွန်းနှိုး ဆော်လိုက်ပါရစေ။

 

အညာသား
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •