တိုင်းပြည်နှင့် တိုင်းသူပြည်သားများအား ကူညီ ကာကွယ် သည့်တပ်မတော်တစ်ရပ်ဖြစ်စေချင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

တိုင်းပြည်နှင့် တိုင်းသူပြည်သားများအား
ကူညီ ကာကွယ် သည့်တပ်မတော်တစ်ရပ်ဖြစ်စေချင်
====================================
(ဖွဲ့စည်းပုံအခြေခံဥပဒေ၊ပုဒ်မ(၆)((စ)၏ ဖွင့်ဆိုမှုစကားရပ်အား အနက်အဓိပ္ပါယ်ဖွင့်ဆိုရန်လိုအပ် )

 

ကျွန်တော်တို့နိုင်ငံဟာ လွတ်လပ်ရေးရပြီး ဖဆပလ အစိုးရအုပ်ချုပ်စဉ်ခေတ်ကလကထဲက တိုင်းပြည်ကို စည်းလုံး ညီညွတ်ပြီး စုပေါင်းအားများဖြင့် ဖွံ့ဖြိုးတိုးတက်စေဘို့ ဝိုင်းဝန်း ထိန်းကျောင်း ထူထောင်တည်ဆောက်ကြရမဲ့ အစား ဖဆပလနဲ့ဗမာပြည်ကွန်မြူနစ်ပါတီစသည်ဖြင့် အချင်းချင်း အပြန်အလှန် စွပ်စွဲ ပုတ်ခတ် တိုက်ခိုက် ပြောဆို ရေးသား ပြုမူကြမူများကသာလွမ်းမိုးလာခဲ့ကြတာ ယနေ့ခေတ်ကာလအချိန်အထိတိုင်အောင်ပါဘဲ၊
၎င်းအခင်းအကျင်းက မိမိတို့နိုင်ငံရဲ့ နိုင်ငံရေးယဉ်ကျေးမူ သဖွယ် ယဉ်ပါးလာခဲ့ကြတာကိုတွေ့နေရဆဲပါ၊
ဖဆပလမှာ ဦးနုဦးဆောင်တဲ့သန့်ရှင်းနဲ့ ဦးကျော်ငြိမ်း၊ဦးဗဆွေဦးဆောင်တဲ့တည်မြဲ ဆိုပြီး၊အကွဲအပြဲတွေကြောင့် မိမိတို့မြန်မာပြည်က တိုင်းပြည်ထူထောင်ရေးကို ဇောက်ချ မလုပ်နိုင်တော့ပါဘဲ၊ နိုင်ငံရေး ဖရို ဖရဲတွေဖြစ်လာကာ ပိုမိုဆိုးရွား ပျက်သုန်းလာခဲ့ရပါတယ်၊
တစ်ခါ ဝန်ကြီးချုပ်ဦးနုမှ လွှတ်တော်အစည်းအဝေးတွင် ဦးနေဝင်းအားဝန်ကြီးချုပ်အဖြစ်အဆိုတင်သွင်းကာ၊ ဆွေငြိမ်းတို့မှလည်း ဝန်ကြီးချုပ်နေရာအတွက် အမည်စာရင်းအပြိုင်တင်သွင်းမှာမဟုတ်၊ဟူသောသတင်းစာများ၌သတင်းခေါင်းစဉ်အဖြစ်ပါလာခဲ့ပြီး၊
ဦးနေဝင်းဦးဆောင်သည့်တပ်မတော်ကို အိမ်စောင့်အစိုးရအဖြစ် လွှဲပေးခဲ့သည့် အချိန်ကာလမှစတင်လာခဲ့သော တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များနဲ့ နိုင်ငံရေးသမားများ၏ ပဋိပက္ခများဖြစ်လာမူစတင်အခြေပြုလာရတယ်၊
ဆိုရင်လည်းမမှားပါဘူး၊
အိမ်စောင့်အစိုးရမှကြီးကြပ်ပြုလုပ်ပေးသော အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလမှာ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များနဲ့ နိုင်ငံရေးသမားများက အပြန်အလှန်ပုတ်ခေတ်မူတွေလည်းရှိခဲ့ကြတယ်လို့ဖတ်ရပါတယ်၊
ထိုစဉ်က ဗိုလ်မှူးကြီးမောင်မောင်နဲ့ ဦးနုတို့၏ စီစဉ်ဆောင်ရွက်ခဲ့သည့် စေ့စပ်ဆွေးနွေးမူရလဒ်ကို ဗိုလ်ချုပ်နေဝင်းအား၊
တပ်မတော်သည်အစိုးရ(သို့) မိမိတို့၏ရဲဘော် ရဲဘက်များအပေါ် သစ္စာဖေါက်သူများဟု
သမိုင်းမှတ်တမ်းတွင်မည့်အဖြစ်ကိုရှောင်ရှားနိုင်ပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို အဖတ်ဆယ်ရန်ကူညီပေးသူများဟု မှတ်တမ်းဝင်သွားမည်ဖြစ်ကြောင်းကို ဗိုလ်မှူးကြီးမောင်မောင်ကရှင်းပြခဲ့ရာတွင်၊
တစ်ချီတည်းနဲ့အားလုံးကိစ္စပြတ်သွားအောင်လုပ်ရမှာကိုကွာဟု ဦးနေဝင်းမှဆိုခဲ့တယ်၊ဟုဖတ်ရပါတယ်၊
ဆိုလိုသည်မှာ တပ်ကအာဏာသိမ်းပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့်အုပ်ချုပ်သည့်စနစ်ကို ဖယ်ရှားရန်ဖြစ်ပါတယ်၊
ဗိုလ်မှူးကြီးမောင်မောင်ရေးသားခဲ့သောအိမ်စောင့်အစိုးအကြောင်းရေးသားထားတဲ့မှတ်တမ်းစာအုပ်မှာဖတ်ရပါတယ်၊
ထိုကဲ့သို့အခြေအနေ ဖြစ်စဉ်များကစလာခဲ့ကြတဲ့ နိုင်ငံရေးသမားများနဲ့တပ်မတော်အပါအဝင် နိုင်ငံရေးအဖွဲ့အစည်းများကြား၊
တစ်ယောက်နဲ့တစ်ယောက်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊
အညှိး အတေးများထားလာကြပြီး၊
ဤဖြစ်စဉ် ယဉ်ကျေးမူကို ယနေ့ခေတ်ကာလအထိ လက်ဆင့်ကမ်းသယ်ဆောင်လာကြတာကိုတွေ့နေ၊
ခံစားနေကြရပါတယ်၊
တစ်ဦးနဲ့တစ်ဦး၊
တစ်ဖွဲ့နဲ့တစ်ဖွဲ့၊
ဆပ်ဆပ်ထိမခံ Sensitive ဖြစ်လာကြတာ
ယနေ့ခေတ်ကာလတိုင်အောင်ပါဘဲ၊
တိုင်းပြည်၏ အဓိက အချက်အခြာကျတဲ့ ၊မာင်းနှင်အားဖြစ်တဲ့၊
ဖွဲ့စည်းပုံအခြေခံဥပဒေကို တပ်မတော်က လက်ဦးမူရယူ၊ရေးဆွဲ ပြဌာန်းပြီး၊
ဖွဲ့စည်းပုံအခြေခံဥပဒေကို စီးပိုး ထားလိုက်တဲ့ အခြေအနေများဆီကို ရောက်ရှိသွားတာသာ မိမိတို့တိုင်းပြည်မှာ အဖတ်တင်သွားရပါတယ်၊
၎င်းဖြစ်စဉ် အခြေအနေများကြားမှာ နစ်နာ ဆုံးရူံးနေကြရတာက တိုင်းပြည်နဲ့ တိုင်းရင်းသား နိုင်ငံသား ပြည်သူများသာဖြစ်ပါတယ်၊

လက်ရှိအာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၂၀၂၀) အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒရှင်ပြည်သူအများ၏ ထောက်ခံမဲပေးရွေးချယ်မူဖြင့် ထပ်မံပြီးအနိုင်ရရှိကာ အစိုးရအသစ်တစ်ရပ်ဖွဲ့စည်းဆောင်ရွက်ခွင့်ရရှိပြီးဖြစ်ပါတယ်၊
NLD က ဒီမိုကရေစီစနစ်ကိုအခြေခိုင်စေမည့်
ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံထူထောင်ရေးကို
စံထားပြီး၊ဖွဲ့စည်းထူထောင်ထားသည်မှာ
(၁၉၈၈) ခုနှစ်၊စက်တင်ဘာလ(၂၇) ရက်နေ့ကထဲကဖြစ်ပါတယ်၊
ယနေ့ထက်ထိတိုင်အောင် ရုန်းကန်ကြိုးစား အကောင်အထည်ဖော်နေတာကိုတွေ့နေရပါတယ်၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ ပါတီခေါင်းဆောင်ဟာ ၊
ပြည်သူသာအဓိကနဲ့ ပြည်သူကိုသာ အခြေပြုဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီဖြစ်ပါတယ်၊
အချို့၊အချို့သော နိုင်ငံရေးပါတီတွေလို အာဏာသိမ်း တပ်မတော်အစိုးရခေါင်းဆောင်တွေနဲ့ နိုင်ငံ့ကာကွယ်ရေးဆိုင်ရာမှာ အရေးပါသည့် တပ်မတော်အကြီးအမှူးကို အခြေပြု၊စံနူန်းထားဖွဲ့စည်းပြီး၊တပ်မတော်ခေါင်းဆောင်များကို သွေးထိုးပေးနေသော နိုင်ငံရေးပါတီမဟုတ်သလို၊ တပ်မတော်သည်နိုင်ငံတော်တွင် မရှိမဖြစ်လိုအပ်သောအဖွဲအစည်းဖြစ်သည်၊
တပ်မတော်သည် ဒီမိုကရေစီကျင့်စဉ်များကိုကာကွယ်ဖြည့်စည်းပေးသည့် ဂုဏ်သိက္ခာရှိသောအင်အားစုဖြစ်ရမည်၊
စစ်ရေးစွမ်းရည်ထက်မြက်၍နည်းပညာပိုင်းဆိုင်ရာတိုးတက်သောတပ်မတော်အဖြစ်ခေတ်မှီ၍ အဆင့်အတန်းမြင့်မားအောင်တည်ဆောက်ပေးမည်၊
တပ်မတော်နှင့်နိုင်ငံတော်ကာကွယ်ရေးယန္တယားတစ်ရပ်လုံးသည် အုပ်ချုပ်ရေးမဏ္ဍိုင်ထဲ၌သာ တည်ရှိရန်၊
ပြည်သူတို့၏ ယုံကြည်အားကိုး လေးစားသောတပ်မတော်ဖြစ်ရေး၊
တို့နဲ့အတူ မ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာမြင့်မားစေတဲ့ မြန်မာ့တပ်မတော်အဖြစ် ဆောင်ရွက်လိုတဲ့ စံနူန်းထားတွေနဲ့သွားနေတဲ့
ပါတီဖြစ်ပါတယ်၊
အာဏာရှင်စနစ်ဆိုတာ အုပ်ချုပ်သူက ပြည်သူအပေါ်ကို ဘာဘဲလုပ်လုပ်မြန်ပါတယ်၊ကောင်းသည်ဖြစ်စေ၊ဆိုးရွားသည်ဖြစ်စေ၊
ပြည်သူက အဓိကမူဝါဒမဟုတ်ပါဘဲ၊
အုပ်ချုပ်သူကသာအမြဲတမ်း အဓိကမူဝါဒသာဖြစ်နေပါတယ်၊
ဘေးထွက်ဆိုးကျိုးများလာသည်ဘဲဖြစ်စေ၊
အုပ်ချုပ်သူအဆင်ပြေရေးကိုသာ
စဉ်းစားဆုံးဖြတ်အုပ်ချုပ်တာဖြစ်ပါတယ်၊
သဘောကတော့ အမိန့်အာဏာ တစ်ခုတည်းကိုသာဇောင်းပေးလွန်းတာကိုဆိုလိုတာပါ၊
ရွေးချယ်ခံဒီမိုကရေစီအရပ်သားအစိုးရဆိုတာ
ပြည်သူသာအဓိကဖြစ်ပြီး၊ပြည်သူ့အသံကိုကျယ်ကျယ်ပြန့်ပြန့်နားထောင်ခြင်း၊
ယခုလို IT နည်းပညာခေတ်မှာ ပြည်သူများကရေးသား ပြောဆိုတာတွေများလာပြီဆိုရင် ဆိုးမွေ၊ကောင်းမွေကို ချင့်ချိန်ပြီး သွားရပါတယ်၊
ဥပဒေ၊နည်းဥပဒေများနဲ့ ညှိနိူင်းချိတ်ဆက်ပြီးမှ အကောင်အထည်ဖော်ရပါတယ်၊
ဒါကြောင့် အာဏာရှင်လိုတော့မမြန်ဘူးပေါ့၊
မိမိတို့မြန်မာပြည်သူများကလည်း စစ်အာဏာရှင်တို့ရဲ့အုပ်ချုပ်မူအောက်မှာနေလာရတာ အသားကျသလိုဖြစ်လာတော့ ရွေးချယ်ခံဒီမိုကရေစီ အရပ်သားအစိုးရက အုပ်ချုပ်နေရတာ အတော်ကိုလက်ဝင်ပါတယ်၊
ဆိုလိုတာက ဂွကျရတာပေါ့၊
သို့ကြောင့် ရွေးချယ်ခံအစိုးရက ပြည်သူပြည်သားများအပေါ် စိတ်ရှည်သီးခံကြရမှာဖြစ်သလို၊
ပြည်သူပြည်သားများကလည်း တည်ဆဲဥပဒေ၊နည်းဥပဒေနှင့် လိုအပ်ချက်အပေါ်ဲကြည့်ပြီး၊ ထုတ်ပြန်လိုက်ရတဲ့ဥပဒေ၊အမိန့်၊ညွှန်ကြားချက်များနဲ့လိုက်လျောညီထွေစေကာ စိတ်ရှည်လိုက်နာကြဘို့လိုအပ်ပါတယ်၊
ဒါမှသာလျှင်မိမိတို့နိုင်ငံမှာ နိုင်ငံရေးစနစ်ကောင်းတွေအထိုင်တစ်ကျဖြစ်လာပြီး၊
Good govrment များနဲ့အတူ
Good governace ဖြစ်လာမှာဖြစ်ပါတယ်၊
သို့ပါမှ မိမိတို့နိုင်ငံက ငြိမ်းချမ်းရေးနဲ့အတူဖွံ့ဖြိုးတိုးတက် ချမ်းသာပြီး၊နိုင်ငံတစ်ကာနဲ့ရင်ဘောင်တန်းနိုင်ကာ လိုက်လျောညီထွေသော အဆက်အဆံခံရမှာဖြစ်ပါတယ်၊

တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ သည်
ပြင်ဆင်၊ပယ်ဖျက်၊ဖြည့်စွက်ရမည့် ဥပဒေအချက်အလက်တွေများနေပေမယ်လို့၊
ယင်းဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်၊ပယ်ဖျက်၊ဖြည့်စွက်ဘို့ ကြိုးစားနေရင်း၊
ထိုတည်ဆဲဖွဲ့စည်းပုံအတိုင်း မျှတစွာ ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ပြီး၊
မဲဆန္ဒရှင် မိဘပြည်သူအများမှ မဲပေးရွေးချယ်မူကို ခံယူထားသည့် အနိုင်ရပါတီတစ်ရပ်အား၊
ရွေးကောက်ပွဲမှာ ရူံးနိမ့်မူကြောင့် ရွေးကောက်ပွဲကို တောင်တောင် အီအီတွေ ပြောဆို
နေကြသူများနဲ့အဖွဲ့အစည်းများအနေဖြင့်
နိုင်ငံရေးဂုဏ်သိက္ခာနဲအတူ ပုဂ္ဂိုလ်ရေးဆိုင်ရာအဆင်းအင်္ဂါလက္ခဏာများကိုပါ
တစ်ပါတည်းကျဆုံးနိုင်ပါတယ်၊
လွှတ်တော်များဆိုင်ရာရွေးကောက်ပွဲဥပဒေ အခန်း(၁၅) မှာ ရွေးကောက်တင်မြှောက်ခြင်းနှင့်စပ်လျဉ်း၍ ကန့်ကွက်ချက်များကိုအဆုံးအဖြတ်ပေးခြင်း၊ပုဒ်မ(၆၇)မှ (၈၁) အထိဖွင့်ဆိုပြဌာန်းထားပါတယ်၊
နည်းဥပဒေမှာလည်း၊အခန်း(၁၄) မှာ ပုဒ်မ(၈၇) မှ(၁၀၃) အထိဖွင့်ဆိုပြဌာန်းထားပြီးဖြစ်ပါတယ်၊
အကယ်၍ ကန့်ကွက်လိုပါက ထိုဥပဒေ၊နည်းဥပဒေအတိုင်းသွားပြီး၊ ပြဌာန်းအတည်ပြုထားသည့် ဥပဒေ၊နည်းဥပဒေများနှင့်အညီ
အဆုံးဖြတ်ခံကြရမှာဖြစ်ပါတယ်၊
လွတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်တင်မြှောက်ခံရသူအား ကန့်ကွက်သောကန့်ကွက်လွှာကို ယှဉ်ပြိုင်အရွေးခံသော မည်သည့်လွှတ်တော်ကိုယ်စားလှယ်လောင်းကမဆို သို့မဟုတ် မည်သည့်မဲဆန္ဒရှင်ကမဆို
ပုဒ်မ(၅၃) အရကော်မရှင်ကဆုံးဖြတ်ပြီးသည့်ကိစ္စရပ်များမှအပ ယင်းရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ဆီလျော်သော အကြောင်းပြချက်များကို ဖော်ပြပြီး၊ကော်မရှင်သို့သတ်မှတ်ထားသည့်အတိုင်းတင်သွင်းလျှောက်ထားနိုင်သည်၊ဟူ၍ ပုဒ်မ(၆၈)(က) မှာပြဌာန်းထားပါတယ်၊
ရွေးကောက်ပွဲဆိုင်ရာဥပဒေပြဌာန်းချက်မှာ အဖွဲ့အစည်းတစ်ခုမှ ကန်ဲကွက်လွာတင်သွင်းခွင့်ရှိသည်၊သို့မဟုတ် ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်သည့် လွတ်တော်ကိုယ်စားလှယ်လောင်း၏ မူရင်းမိခင်ပါတီကသော်၎င်း ကန့်ကွက်လွှာတင်သွင်းနိုင်သည်၊
ဆိုသော ဖွင့်ဆိုမူ၊ပြဌာန်းထားမူလုံးဝ(လုံးဝ) မရှိပါ ဆိုသည်ကို တပ်မတော်အပါအဝင် အားလုံးသိစေရန်လိုအပ်ပါတယ်၊
လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများအား တပ်မတော်အပါအဝင် အစိုးရများမှလည်းဝင်ရောက်စိုးမိုး ချယ်လှယ်ပိုင်ခွင့်ရှိသည့်
ဥပဒေပြဌာန်းထားခြင်းမရှိပါ၊

ထို့အပြင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့သည် တပ်ပိုင်းဆိုင်ရာကိစ္စများအား တပ်မတော်ကိုယ်စား ပြည်သူများကိုအသိပေးတင်ပြရခြင်းသာဖြစ်ပါတယ်၊
တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက်အဓိကအကျဆုံးသောလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပါတယ်၊(ပုဒ်မ ၃၃၇) ၊

နိုင်ငံတော်အကြီးအကဲကို သို့မဟုတ် ပြည်ထောင်စုနိုင်ငံ၏ လုပ်ငန်းအဖွဲ့ကိုအကြည်ညိုပျက်အောင်ပြုခြင်း၊ပြည်ထောင်စုအဖွဲ့ဝင်၏လုပ်ငန်းအဖွဲ့ကိုဖြစ်စေအနိုင်အထက် ဖြိုဖျက်စေရန်နိူးဆော်ခြင်းတို့လုပ်ပါက
ရာဇသတ်ကြီးပုဒ်မ(၁၂၄)(က)နှင့်(ခ) တို့ဖြင့်ငြိစွန်းပါတယ်၊

ပုဒ်မ(၃၈)(က) နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခွင့်နှင့်
ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်၊
ဟူသည့်ဖွဲ့စည်းပုံအခြေခံဥပဒေဖွင့်ဆို ပြဌာန်းထားမူအပေါ်တွင် တပ်မတော်အဖွဲ့အစည်းက လွှမ်းမိုးပိုင်ခွင့်သည် တည်ဆဲဖွဲ့စည်းပုံအရရော၊တည်ဆဲရွေးကောက်ပွဲဥပဒေများအရပါ၊လုံးဝကိုမရှိပါပေ၊
၎င်းအပြင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်ကော်မရှင်ခွဲအဆင့်ဆင့်တို့အပေါ်တွင်လည်းမရှိပါပေ၊
ပုဒ်မ(၃၈)(က) အရ မဲဆန္ဒရှင်တစ်ဦးခြင်းသည်မှာသာအခရာသာဖြစ်ပြီး၊
ရွေးကောက်တင်မြှောက်ခံရခြင်းကိုကန့်ကွက်လွှာတင်ရမှာသည်လည်း၊ ရွေးကောက်ပွဲဥပဒေ ပုဒ်မ(၆၈)မှာလည်း တိတိကျကျ ဖွင့်ဆိုပြဌာန်းထားပါတယ်၊

ရွေးကောက်ပွဲဆိုင်ရာအချက်အလက်များကူးယူခွင့်ပြုရေးတောင်းဆိုမူသည် ဥပဒေနှင့်မညီကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သဘောထားကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ငြင်းဆိုလိုက်ပြီး၊
ဆောင်ရွက်ပေးသင့်ကြောင်းထပ်မံတောင်းဆိုလိုက်မူသည်၊
တိုင်းပြည်၏ တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီဖွဲ့စည်းတာဝန်ပေးခြင်းခံထားရသော ပြည်ထောင်စုအဆင့်ဖြစ်ပြီး၊ လွတ်လပ်သည့်အဖွဲ့အစည်းဖြစ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဖြစ်ကာ ဖွဲ့စည်းပုံနှင့်အညီ ဖွင့်ဆိုပြဌာန်းထားသည့် ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊နည်းဥပဒေ၊စည်းမျဉ်းများအား ၊ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်တကွတည်ဆဲဥပဒေများနှင့်မညီသောတောင်းဆိုမူဖြစ်ပြီး၊
တိုင်းရေး ပြည်ရာကို ပိုမိုရူတ်ထွေးလာစေရန်၊သက်သက်သာ ဖြစ်လာစေနိုင်ပါတယ်၊

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၆) –
(စ) နိုင်ငံတော်၏အမျိုးသားနိုင်ငံရေးဦးဆောင်မူအခန်းကဏ္ဍတွင် တပ်မတော်ကပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်၊
ဟုဖွင့်ဆိုပြဌာန်းထားမူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်အား နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့၊
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့တိုက်ရိုက်တင်သွင်းခွင့်ရှိသော
နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ပြည်သူ့လွတ်တော်၊အမျိုးသားလွတ်တော်ဥက္ကဌများ၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ၊ နှင့် ပြည်သူသို့မဟုတ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၏ (၁၀)% အရေအတွက်ရှိသောကိုယ်စားလှယ်များက မေးမြန်းဘို့လိုလာပါပြီ၊

အမျိုးသားနိုင်ငံရေးဆိုသည်မှာ နိုင်ငံသားတိုင်း၏လုပ်နိုင်မူအခွင့်အရေးများဖြစ်ပါတယ်၊
နိုင်ငံတော်ကာကွယ်ရေးအတွက်သာလက်နက်ကိုင်ထားရသော တပ်မတော်တစ်ခုတည်းဆီမှာ ပုံအပ်ထားခြင်းမရှိပါပေ၊
ပုဒ်မ (၆)(စ) ပြဌာန်းချက်ကို ကိုင်ထားပြီး၊
ဖွဲ့စည်းပုံနှင့်အညီဖွဲ့စည်းထားသည် နို့င်ငံအတွင်းရှိရှိ သမျှ အဖွဲ့အစည်းများအပေါ်
ဖွဲ့စည်းပုံနှင့်မညီသော၊
ပြဌာန်းထားသည့် တည်ဆဲဥပဒေများ၊နည်းဥပဒေများဖြင့် ညီညွတ်မူအလျဉ်းမရှိပါသော၊
ထုတ်ပြန်တောင်းဆိုမူများအား လျှော့ချကြစေရန်သည် မိမိတို့နိုင်ငံအတွက် အရေးပါ လိုအပ်ပါသော တရားဥပဒေစိုးမိုးမူပင်ဖြစ်ပါတယ်၊
ယခုအချိန်ရွေးကောက်ပွဲနှင့်သက်ဆိုင်သော တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ပြောရေးဆိုမူ၊ထုတ်ပြန်မူများအား မဲဆန္ဒရှင် မိဘပြည်သူအများစုမှ လက်မခံပါဘဲ ငြင်းဆိုနေကြတာကိုလည်းတွေ့နေရမှာဖြစ်ပါတယ်၊

အမေရိကန်ပြည်ထောင်စု၏ ကာကွယ်ရေးဝန်ကြီးခန့်အပ်မူကို အကျဉ်းရုံးရေးသားပါရစေ၊
ကာကွယ်ရေးဝန်ကြီးအဖြစ် သမ္မတက ခန့်အပ်မည့် ပုဂ္ဂိုလ်သည် တပ်မတော်တွင်တာဝန်ထမ်းဆောင်ခဲ့သူစစ်ဘက်အရာရှိဖြစ်ပါက အငြိမ်းယူပြီး(၇) နှစ်ပြည့်သူဖြစ်ရပါမယ်၊
မပြည့်ပါက ကွန်ဂရက်ဆိုင်ရာသက်ညှာခွင့်အထူးခွင့်ပြုချက်တောင်းခံမူလိုအပ်ရမှာဖြစ်ပါတယ်၊
ယင်းဥပဒေက အရပ်သားတစ်ဦးကိုသာလျှင်
ကာကွယ်ရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်စေလိုတဲ့သဘောကိုတွေ့ရပါတယ်၊
မြန်မာပြည်မှာတော့ ထိုသဘောအတိုင်းသွားနိုင်ဘို့လုံးဝမလွယ်ကူပါသော်လည်း၊
တပ်မတော်သည် ကာကွယ်ရေးဝန်ကြီးဖြစ်တဲ့ စစ်ဗိုလ်ချုပ်ကြီးရဲ့အောက်မှာရှိစေဘို့လိုအပ်ပါတယ်၊
သို့မှသာလျှင် စစ်အာဏာရှင်ဖြစ်နိုင်ခြေများတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နေရာကို အငြိမ်းစားယူရမည့်အသက်ကန့်သတ်ချက်နဲ့အညီထားရှိရမှာဖြစ်ပြီး၊
ကာကွယ်ရေးဦးစီးချုပ်နေရာကို သူ့သက်တန်းအလိုက် အဆင့်မှီတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေကို ခန့်အပ်တာဝန်ပေးနိုင်မှာဖြစ်ပါတယ်၊
မြန်မာ့တပ်မတော်သည်လည်း နိုင်ငံတစ်ကာ အသိုက် အဝန်းများနဲ့လိုက်လျောညီထွေမူတွေဖြစ်စေလာမှာဖြစ်ပါတယ်၊

ရေးစရာ အကြောင်းအချက်များမှာ ကုန်နိုင်ဘွယ်မရှိ များပြားလှသော်လည်း၊
တိုင်းပြည်တွင် မလိုအပ်သော ပြသနာများမဖြစ်ပေါ်လာစေရန်အတွက် တိုင်းသူ ပြည်သားများအပါအဝင်၊ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ရွေးချယ်ခံ ပြည်သူ့အစိုးရအသစ်အားဆီလိုအပေါက်ရှာ ပြသနာရှာလိုမူများ ကင်းဝေးလာစေပြီး၊
ရွေးချယ်ခံအစိုးရနှင့်အတူ တိုင်းနိုင်ငံအရေးအရာများကို ချစ်ကြည်မူများနဲ့တကွ တိုင်းပြည်၏ အချုပ်အခြာနှင့်ပြည်သူ ပြည်သားများကို ဘေးရန်အပေါင်းမှကာကွယ်နေသောဂုဏ်ရည်မြင့်သည့်ပြည်သူချစ်သော တပ်မတော်ကြီးအဖြစ်မြင်ချင်စမ်းလှပါဘိ၊
ဟုတမ်းတမျှော်လင့်ရင်းဖြင့် မိမိ၏
ဆောင်းပါးကို အဆုံးသတ်လိုက်ပါတယ်။

အလေးထားစွာဖြင့်. ကိုသိန်းဌေး ပဲခူး၊
……….(၁၁.၁၂.၂၀၂၀)………


Spread the love
  •  
  •  
  •  
  •  
  •  
  •