တောင်ကိုရီးယားအပေါ် စစ်ရေးအရ အရေးယူနိုင်ကြောင်း မြောက်ကိုရီးယား သတိပေး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

တောင်ကိုရီးယားအပေါ် စစ်ရေးအရ အရေးယူနိုင်ကြောင်း မြောက်ကိုရီးယား သတိပေး

ပြုံးယမ်း၊ ဇွန်-၁၄

မြောက်ကိုရီးယားသည် ကိုရီးယား နှစ်နိုင်ငံအကြား ထားရှိသည့် ဆက်ဆံရေးရုံကို ပိတ်ပစ်မည် ဖြစ်ပြီး တောင်ကိုရီးယားအပေါ် နောက်ထပ် အရေးယူမှုများတွင် စစ်ရေးအရလည်း ပါဝင်လာနိုင်ကြောင်း ကင်ဂျုံအန်၏ ညီမဖြစ်သူ ကင်ယိုဂျုံ သတိပေး ပြောဆိုလိုက်သည်။

ခေါင်းဆောင် ကင်ဂျုံ အပ်နှင်းသည့် လုပ်ပိုင်ခွင့် အာဏာအရ တောင်ကိုရီးယားအပေါ် နောက်ထပ် အရေးယူမှုများပြုရန် တာဝန်ရှိသများကို ညွှန်ကြားထားပြီး ဖြစ်ကြောင်း ကြေညာချက်တွင် ၎င်းက ပြောသည်။

များမကြာသည့် အချိန်ကာလတွင် ကိုရီးယား ဆက်ဆံရေးရုံး အပြီးတိုင် ပြိုပျက်သွားသည့် ဝမ်းနည်းဖွယ် မြင်ကွင်းကို တွေ့မြင်ရလိမ့်မည်ဟု ကင်ယိုဂျုံကပြောသည်။

တောင်ကိုရီးယား နိုင်ငံကို ရန်သူအဖြစ် ၎င်းက ခေါ်ဝေါ် သမုတ်လိုက်ပြီး တောင်ကိုရီးယားနှင့် အဆက်ဖြတ်ရန် အချိန်တန်ပြီ ဖြစ်ကြောင်း ပြောဆိုသည်။

မြောက်ကိုရီးယား စစ်တပ် ဗိုလ်ချုပ်ကြီး အနေဖြင့် တောင်ကိုရီးယားအပေါ် နောက်တစ်ဆင့် အရေးယူမှုပြုခွင့် ရှိကြောင်း ကင်ယိုဂျုံက ပြောသည်။

တောင်ကိုရီးယားတွင် နေထိုင်သည့် ဘက်ပြောင်း ခိုလှုံသူများက ခေါင်းဆောင် ကင်ဂျုံအန်အပေါ် ဝေဖန်ထားသည့် စာရွက်များကို နယ်စပ်တစ်လျှောက်မှ နိုင်ငံအတွင်းသို့ လွှတ်တင် ပေးပို့နေမှုအပေါ် မြောက်ကိုရီးယားက အမျက်ဒေါသ ထွက်နေခဲ့သည်။

ယင်းသို့ လုပ်ဆောင်မှုများကို တောင်ကိုရီးယားက လျစ်လျူရှုခဲ့ကြောင်း မြောက်ကိုရီးယားက ဝေဖန် ပြောဆိုပြီး နှစ်နိုင်ငံ ဆက်သွယ်ရေးလိုင်းများ အားလုံးကို ဖြတ်တောက်ခဲ့သည်။

သမ္မတ မွန်ဂျေးအင်၏ တောင်ကိုရီးယား အစိုးရသည် မြောက်ကိုရီးယားနှင့် ပတ်သက်၍ ညှိနှိုင်းသည့် သဘောထား ရပ်တည်ချက် ရှိနေသည်။

သို့သော် တောင်ကိုရီးယားအပေါ် တင်းမာသည့် မြောက်ကိုရီးယား ရပ်တည်ချက် သဘောထားကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးမှာ ဆိုးရွားလာဖွယ်ရှိသည်။

Photo: Reuters

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •