တောင်တန်းဒေသ အတိုင်ပင်ခံဝန်ကြီး မိုင်းပွန်စော်ဘွား စဝ်စံထွန်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

တောင်တန်းဒေသ အတိုင်ပင်ခံဝန်ကြီး

မိုင်းပွန်စော်ဘွား စဝ်စံထွန်း

———————————
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ လုပ်ကြံမှုကြောင့် အဲဒီတုန်းက အစိုးရအဖွဲ့ဝင် ၇ ဦး ကျဆုံး ကွယ်လွန်ခဲ့ရပါတယ်။ အဲဒီထဲမှာ အခင်းဖြစ်ပြီး ၂၅ နာရီကျော်မှ ကွယ်လွန်ခဲ့ရသူက မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းဖြစ်ပါတယ်။ ဒဏ်ရာမများလို့ သိပ်မစိုးရိမ်ရဘူးလို့ ထင်ထားကြ၊ သတင်းတွေမှာ ဖော်ပြကြပေမယ့် သွေးထွက်လွန်သွားတဲ့အတွက် ဇူလိုင် ၂၀ ရက် မွန်းတည့်ချိန်မှာ ကွယ်လွန်ခဲ့ရပါတယ်။
၁၉၄၇ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ထုတ် ဟံသာဝတီသတင်းစာမှာ “မိုင်းပွန်စော်ဘွားကြီးမှာ ပါး၌ ဒဏ်ရာရသွား၏”၊ ကွန်မြူနစ်နေ့စဥ်သတင်းစာမှာ စော်ဘွားကြီးအမည်ကို ကံကောင်းသူများဆိုတဲ့အောက်မှာ ထည့်ထားပြီး “မိုင်းပွန်စော်ဘွား စောစံထွန်းမှာ ပါးစပ်တွင်ဒဏ်ရာရသွားပြီး အခြားသူများမှာလည်း ဒဏ်ရာရကြကြောင်း”၊ လူထုနေ့စဥ်သတင်းစာမှာ “မိုင်းပွန်စော်ဘွားကြီးမှာ ဒဏ်ရာရရှိသော်လည်း ဒဏ်ရာမှာ မပြင်းထန်ဟုဆိုကြောင်း” စသဖြင့် ဖော်ပြခဲ့တဲ့အတွက် စော်ဘွားကြီး အသက်ဘေးက လွတ်လိမ့်မယ်လို့ အများက ထင်ခဲ့ပါလိမ့်မယ်။
စာရေးဆရာသင်္ခါရဲ့ “အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို” စာအုပ်ထဲမှာ “ထိုနေ့က မိုင်းပွန်စော်ဘွားကြီးမှာ ပါးစပ်နှင့်မေးရိုးတွင် ထိမှန်သွားကာ ပါးစပ်ကိုပိတ်၍ ဗိုလ်ထွန်းလှ အခန်းဘက်သို့ပင် ဝင်သွားသေးရာ ဗိုလ်ထွန်းလှက ထိုင်ခိုင်းလိုက်ရကြောင်း သိရသည်” လို့ ဖော်ပြထားသလို တက္ကသိုလ်နေဝင်း (ဗိုလ်ထွန်းလှ) ရဲ့
“မမေ့နိုင်သော ဇူလိုင် ၁၉ ရက်” ဆောင်းပါးမှာလည်း “
ရုံးအပေါ်ထပ် အစည်းအဝေးခန်းမကြီးတွင်ကား တောင်တန်းဒေသဆိုင်ရာ အတိုင်ပင်ခံဝန်ကြီး မိုင်းပွန်စော်ဘွားကြီးသည် မျက်နှာတွင် သွေးလိမ်းကျံသောဒဏ်ရာတို့ဖြင့် ကျွန်ုပ်ရှိရာသို့ ထလျှောက်လာသေးရာ ကျွန်ုပ်ကပင် ဇွတ်အတင်း အထိုင်ခိုင်းရသေးသည်” လို့ရေးသားခဲ့ပါတယ်။ တာဝန်ယူကုသပေးရတဲ့ ဒေါက်တာဘသန်းရဲ့ ပြောဆိုချက်မှာလည်း ညာဘက်မေးရိုးမှာ ဒဏ်ရာတစ်ချက်နဲ့ ဘယ်ဘက်လည်ပင်းအထက်ပိုင်းမှာ ဒဏ်ရာတစ်ချက်ရခဲ့ကြောင်း သိရပါတယ်။
အဲဒီအဖြစ်ကိုစဥ်းစားတိုင်း ဒီခေတ် တိုးတက်တဲ့ဆေးပညာ ခေတ်မီဆေးဝါးကိရိယာတွေနဲ့ဆိုရင် စော်ဘွားကြီး အသက်ရှင်လေမလားလို့ အကြိမ်ကြိမ်တွေးရင်း နှမြောမိပါတယ်။ ကျန်းမာရေးလိုက်စားပြီး အားကစားထူးချွန်သူ၊ ပညာတတ် တိုးတက်တဲ့အမြင်ရှိသူ၊ တိုင်းရင်းသားသွေးစည်းညီညွတ်ရေးကို ကြိုးပမ်းခဲ့သူ၊ တောင်တန်းဒေသမှာ ခေတ်မီစိုက်ပျိုးရေးလုပ်ငန်းများ ပေါ်ပေါက်အောင်ကြိုးပမ်းခဲ့သူ မိုင်းပွန်စော်ဘွားကြီးလို ပုဂ္ဂိုလ်များ ဆုံးရှုံးလိုက်ရတာ တိုင်းပြည်အတွက် အလွန်နစ်နာပါတယ်။
၁၉၀၇ ခုနှစ် မေလ ၃၀ ရက်မှာ မွေးဖွားခဲ့တဲ့ မိုင်းပွန်စော်ဘွားကြီးဟာ အသက် ၂၁ နှစ် ပြည့်ပြီးစမှာပဲ ဖခင်ရဲ့ စော်ဘွားအရိုက်အရာကို ဆက်ခံခဲ့သူဖြစ်ပါတယ်။ ငယ်စဥ်ကတည်းက မြန်မာစာပေနဲ့ အင်္ဂလိပ်စာအခြေခံ သင်ကြားခဲ့ပြီး ရှမ်းစော်ဘွားသားများ အထက်တန်းကျောင်း၊ ရဲအုပ်သင်တန်းကျောင်းတွေ တက်ရောက်ခဲ့ပြီး စော်ဘွားအရိုက်အရာမခံခင်မှာ မိတ္ထီလာ စက်ရှင်တရားသူကြီးရုံး အလုပ်သင်၊ ဗန်းမော်မြို့မှာ အလုပ်သင်ဝန်ထောက်တို့အဖြစ် ခေတ္တဝင်ရောက်လုပ်ကိုင်ခဲ့သလို တောင်ကြီးမြို့ ရှမ်းပြည်မင်းကြီးရုံးမှာလည်း ခေတ္တအလုပ်လုပ်ကိုင်ခဲ့ပါတယ်။
မိုင်းပွန်စော်ဘွားကြီးက ကျန်းမာရေးလိုက်စားသူဖြစ်ပြီး တင်းနစ်၊ ခရစ်ကက်၊ ဟော်ကီ၊ ဘောလုံး ကစားခြင်းများနဲ့ သိုင်းကစားခြင်း၊ မြင်းစီးခြင်း၊ ရေကူးခြင်းများကို ခုံမင်ခဲ့ကြောင်း၊ ဘောလုံးကစားရာမှာလည်း ဘယ်တောင်ပံကစားသမား နဲ့ ဂိုးသမားအဖြစ် နာမည်ကြီးခဲ့ကြောင်း သိရပါတယ်။ ဂီတကို ဝါသနာပါပြီး ပတ္တလား၊ လက်ဆွဲဘာဂျာ၊ ဘင်ဂျို၊ မယ်ဒလင်တို့ ကျွမ်းကျင်စွာ တီးခတ်နိုင်သူဖြစ်ပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ်မှာ သိပ္ပံနည်းကျ စိုက်ပျိုးရေးလုပ်ငန်းများထွန်းကားဖို့ ကြိုးပမ်းခဲ့သူလည်းဖြစ်ပါတယ်။ စိုက်ပျိုးရေးဆိုင်ရာ စာအုပ်တွေ၊ မျိုးစေ့တွေ၊ ကိရိယာတန်ဆာပလာတွေကို အင်္ဂလန်မှ မှာယူခဲ့ပြီး နယ်သူနယ်သားတွေကို စိုက်ပျိုးရေးပညာဖြန့်ဖြူးနိုင်ဖို့ မိုင်းပွန်မြို့မှာ စံပြဥယျာဥ် တည်ထောင်ခဲ့ပါတယ်။ ခေတ်မီစိုက်ပျိုးရေးလုပ်ငန်းနဲ့ပတ်သက်ပြီး ဟောပြောမှုများလည်း လုပ်ဆောင်ခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်ပြီးတဲ့အခါ ကမ္ဘာ့အခြေအနေ၊ မြန်မာပြည်အခြေအနေ၊ တောင်တန်းဒေသအခြေအနေတွေကို ရှုမြင်သုံးသပ်နိုင်တဲ့ စော်ဘွားကြီးက နိုင်ငံရေးစာပေတွေကို ဖတ်ရှုလေ့လာခဲ့ပါတယ်။ လွတ်လပ်ရေးကြိုးပမ်းနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တွဲဖက်မိရာက တောင်တန်း ပြည်မ ညီညွတ်ရေးကို ၁၉၄၆ ခုနှစ် နိုဝင်ဘာလလောက်ကစပြီး ​အစွမ်းကုန်ကြိုးပမ်းခဲ့ပါတယ်။
မိုင်းပွန်စော်ဘွားကြီးက ပင်လုံညီလာခံမှာ တောင်တန်းပြည်မ တွဲရေး ခွဲရေးဖြစ်လာတဲ့အခါ တွဲရေးဘက်မှရပ်တည်ခဲ့ပြီး ပင်လုံစာချုပ်မှာ လက်မှတ်ထိုးခဲ့သူလည်းဖြစ်ပါတယ်။ အောင်ဆန်း-အက်တလီစာချုပ်အရ တောင်တန်းနယ်ခြားဒေသများရဲ့ကိစ္စများနဲ့ပတ်သက်ပြီး ဘုရင်ခံကို အကြံဉာဏ်ပေးဖို့နဲ့ အစိုးရအဖွဲ့နဲ့ဆက်သွယ်ဖို့ ကိုယ်စားလှယ်တစ်စု သို့မဟုတ် တစ်ယောက်ကို အတိုင်ပင်ခံဝန်ကြီးအဖြစ် ခန့်ထားဖို့သတ်မှတ်ခဲ့ပါတယ်။ တောင်တန်းဒေသကိုယ်စားလှယ်များက မြန်မာအစိုးရအဖွဲ့မှာ ပါဝင်ဆောင်ရွက်ဖို့သဘောတူကြပြီး ရှမ်း၊ ချင်း၊ ကချင် လူမျိုးသုံးခုအတွက် ၃ နေရာ တောင်းကြပေမယ့် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော် အက်ဥပဒေအရ တစ်နေရာသာ ပေးနိုင်တော့တဲ့အခြေအနေဖြစ်နေပါတယ်။ ဒါကြောင့် လူမျိုးစု ကိုယ်စားလှယ်တွေ တိုင်ပင်ကြပြီး မိုင်းပွန်စော်ဘွားကြီးကို ရွေးချယ်ခဲ့ကြပါတယ်။
မိုင်းပွန်စော်ဘွားကြီးက တောင်တန်းဒေသ အတိုင်ပင်ခံဝန်ကြီးအဖြစ် ၁၉၄၇ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ စတင် ဆောင်ရွက်ခဲ့ပါတယ်။ ရှမ်း၊ ချင်း၊ ကချင် လူမျိုးစုကြီးတွေရဲ့ ကိုယ်စားလှယ်အဖြစ် တာဝန်ယူရသူဖြစ်ပေမယ့် မွန်၊ ဗမာ၊ ရှမ်း၊ ချင်း၊ ကချင်၊ ကယား စတဲ့ မြန်မာတမျိုးသားလုံးရဲ့ လွတ်လပ်ရေးအတွက် ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။
နိုင်ငံတော်လုပ်ကြံမှုကြီး ပေါ်ပေါက်ပြီး အာဇာနည်တွေကျဆုံးရတာနဲ့ပတ်သက်လို့ ရှမ်းပြည် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ကြေညာချက်ထဲက စာသားတွေကို ကြည့်လိုက်ရုံနဲ့ အဲဒီအချိန်က ခေါင်းဆောင်များအပေါ် ကြည်ညိုလေးစားမှု၊ လွတ်လပ်ရေးအတွက် သန္နိဋ္ဌာန်များကိုတွေ့ရမှာဖြစ်ပါတယ်။ ကြေညာချက်ရဲ့ အစပိုဒ်နဲ့ အဆုံးပိုဒ်မှာ အခုလို ဖော်ပြထားပါတယ်။
“သတ္တိကင်းမဲ့ စုတ်ပဲ့ နုံချာသော လူမသမာတို့၏ ညစ်ညမ်းသောလုပ်ကြံမှုကြောင့် ကွယ်လွန်ကြရရှာသော ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသည့် မြန်မာ့အမျိုးသားခေါင်းဆောင်ကြီး ၅ ဦးနှင့် ငါတို့၏ အမျိုးသားခေါင်းဆောင်ကြီး အာဇာနည် မိုင်းပွန်စော်ဘွားကြီးအတွက် ငါတို့သည် အထူးနှမြေတသ ဝမ်းနည်းကြေကွဲကြကာ ယူကျုံးမရ ဖြစ်ရပါကြောင်း။
……………
………….
တို့ ရှမ်းတိုင်းရင်းသားအပေါင်းတို့၊ ငါတို့ ရှမ်းလူမျိုးတို့၏ သွေးကား မြေသို့ကျခဲ့လေပြီ။ ငါတို့ခေါင်းဆောင်ကြီးများ ချပေးခဲ့သော လမ်းစဥ်အတိုင်း အမျိုးသားချင်း သွေးစည်းရေး၊ ညီညွတ်ရေးကို ပိုမိုခိုင်ခန့်အောင် တည်ဆောက်၍ နယ်ချဲ့စနစ်အောက်မှ လုံးဝလွတ်လပ်ရေး ပန်းတိုင်သို့ တညီတညွတ်တည်း ချီတက်ကြကုန်အံ့။”
မိုင်းပွန်စော်ဘွားကြီးရဲ့ ရုပ်ကလာပ်ကို ဂျူဗလီဟောမှာ အခြားခေါင်းဆောင်များရဲ့ ရုပ်ကလာပ်များနဲ့အတူ အများပြည်သူ ကြည့်ရှုဂုဏ်ပြုဖို့ ထားရှိရာက ရှမ်းပြည်နယ် မိုင်းပွန်မြို့ကိုသယ်ဆောင်ခဲ့ပြီး ၁၉၄၈ ခုနှစ် ဧပြီလ ၈ ရက်နေ့မှာ ထုံးတမ်းစဥ်လာအတိုင်း အခမ်းအနားနဲ့ ဖုတ်ကြည်းသင်္ဂြိုဟ်ပါတယ်။ အရိုးပြာတဝက်ကို ရန်ကုန် အာဇာနည်ဗိမာန်သို့ပို့ပြီး ကျန်တဝက်ကိုတော့ မိုင်းပွန်မြို့တောင်ဘက်ကုန်းမှာ အာဇာနည်ဗိမာန် ပြသာဒ်ဆောက်ပြီး ထားရှိပါတယ်။
မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းလို အမြော်အမြင်ရှိသူ၊ စည်းလုံးညီညွတ်ရေး စွမ်းစွမ်းတမံကြိုးပမ်းသူ၊ ပြည်ထောင်စုပေါ်ထွန်းရေးအတွက် ကိုယ်ကျိုးစွန့်ထမ်းဆောင်ကြတဲ့ နိုင်ငံရေးခေါင်းဆောင်များ ဆက်လက်ပေါ်ပေါက်ပါစေကြောင်း ဆန္ဒပြုလိုက်ရပါတယ်။ ။
၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၇ ရက်

Spread the love
  •  
  •  
  •  
  •  
  •  
  •