တောင်သာနှင့်မလှိုင်မြို့နယ်တို့မှ ကျေးရွာပေါင်း ၅၀၀ခန့် လျှပ်စစ်ဓာတ်အား အရည်အသွေးပြည့်သုံးစွဲနိုင်ပြီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

တောင်သာ ဓာတ်အားခွဲရုံနှင့် မြင်းခြံ-တောင်သာ ၆၆ ကေဗွီ ဓာတ်အားလိုင်း ဖွင့်လှစ်

တောင်သာနှင့်မလှိုင်မြို့နယ်တို့မှ ကျေးရွာပေါင်း ၅၀၀ခန့်
လျှပ်စစ်ဓာတ်အား အရည်အသွေးပြည့်မီစွာ ပိုမိုသုံးစွဲနိုင်ပြီ

တောင်သာဓာတ်အားခွဲရုံးကို ဖွင့်လှစ်နိုင်ခဲ့သည့်အတွက်ကြောင့် တောင်သာမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၄၃ ရွာနှင့် မလှိုင်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၄၇ ရွာအပြင် အနီးပတ်ဝန်းကျင်ရှိကျေးရွာများပါ လျှပ်စစ်ဓာတ်အားကို ယခင်ကထက် အရည်အသွေးပြည့်မီစွာ အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကအဖွင့်အမှာစကားတွင်ထည့်သွင်းပြောကြားခဲ့သည်။

ဇန်နဝါရီ ၁၉ ရက် နံနက်၉နာရီက မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် ပြုလုပ်သည့် 66/33kV, 30MVA တောင်သာ ဓာတ်အားခွဲရုံနှင့် မြင်းခြံ-တောင်သာ ၆၆ ကေဗွီ ဓာတ်အားလိုင်း (၁၄)မိုင် ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အထက်ပါအတိုင်းပြောကြားခဲ့သည်။

အဆိုပါဓာတ်အားခွဲရုံကို Asia Power Quality Co.,Ltdမှ တာဝန်ယူတည်ဆောက်ခဲ့ပြီး လုပ်ငန်းကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှစတင်ခဲ့၍ စက်တင်ဘာ ၁ ရက်နေ့တွင် ပြီးစီးခဲ့သည်။

ထို့ကြောင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၇ရက်တွင် ဓာတ်အားလွှတ်ပေးနိုင်ခဲ့သဖြင့် ယခုအချိန်တွင် တောင်သာမြို့နယ်အတွင်းရှိ 33kV ခွဲရုံတွင် အဝင်ဗို့အား 29kVမှ 32.7kVအထိနှင့် မလှိုင်မြို့နယ်အတွင်းရှိ 33kVခွဲရုံ တွင် အဝင်ဗို့အား 25.21kVမှ 31kV အထိ တိုးတက်သုံးစွဲနိုင်မည်ဖြစ်သည်။

‘‘အစိုးရ ငါးနှစ်သက်တမ်းကာလအတွင်း ကျေးရွာပြည်သူလူထုအတွက် လျှပ်စစ်မီးလင်းအောင် လုပ်ပေးနိုင်ခဲ့ပါတယ်၊ အစိုးရသစ်တာဝန်ယူကတည်းက မန္တလေးတိုင်းဒေသကြီးကို မြန်မာနိုင်ငံရဲ့စီးပွားရေးအရ ဒုတိယအင်ဂျင်ဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ ရည်မှန်းချက်တစ်ခုရှိပါတယ်၊ အခက်အခဲစိန်ခေါ်မှုတွေလည်း ရှိပါတယ်၊မအောင်မြင်စရာမရှိဘူးလို့လည်း ယုံကြည်ပါတယ်၊ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ သဘာ၀ပတ်ဝန်းကျင် မပျက်စီးဖို့လည်း အရေးကြီးပါတယ်၊ အနာဂတ်မျိုးဆက်သစ်တွေအတွက် ချန်ထားခဲ့ပြီး တည်ဆောက်ရမှာပါ၊ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ဖို့ဆိုတာ အခြေခံအဆောက်အအုံတွေ ရှိကိုရှိရပါတယ်၊ အခြေခံလိုအပ်ချက်က အဓိကလမ်းပန်းဆက်သွယ်ရေးနဲ့လျှပ်စစ်ပါ၊ ဆောက်လုပ်ရေးကဏ္ဍကနေ လမ်းပန်းဆက်သွယ်ရေးအတွက် ဘတ်ဂျက်တွေ ခွဲဝေသုံးစွဲပါတယ်၊ ကျေးလက်နေပြည်သူတွေရဲ့ လူမှု ဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးဖို့အတွက်လည်း အခြေခံကျတဲ့ လမ်းနဲ့လျှပ်စစ်အတွက် ဘတ်ဂျက် တော်တော်များများကိုသုံးစွဲခဲ့ပါတယ်”ဟု ဝန်ကြီးချုပ်က ဆက်လက်ပြောသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအနေဖြင့် ပြည်သူများ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ဦးစားပေးဆောင်ရွက်ရာတွင် တိုင်းဒေသကြီးအစိုးရဘတ်ဂျက်ငွေမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သန်းပေါင်း ၈၇၄၈ ဒသမ ၆၀၆သန်း၊ ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သန်း ပေါင်း ၉၆၂၅ ဒသမ ၀၈၂သန်း၊ ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်တွင် ငွေကျပ်သန်းပေါင်း ၉၉၁၉ဒသမ ၆၈၄ သန်း၊၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သန်းပေါင်း ၁၉၃၂၁ဒသမ ၆၀၇ သန်း၊၂၀၁၉-၂၀၂၁ဘဏ္ဍာနှစ်တွင် ငွေကျပ်သန်းပေါင်း ၁၅၀၀၀ သန်းကို သုံးစွဲရန် လျာထားပြီးဖြစ်ကြောင်း၊ သို့အတွက်ကြောင့် ၅ နှစ်တာကာလအတွင်း တိုင်းဒေသကြီးဘတ်ဂျက်မှ သုံးစွဲမှု အနေဖြင့် စုစုပေါင်းငွေကျပ် သန်းပေါင်း ၉၃၂၉၀ ဒသမ ၄၃၁သန်းထိရှိကြောင်းလည်းသိရသည်။

ထို့ပြင် ဝန်ကြီးချုပ်က တိုင်းဒေသကြီးဘတ်ဂျက်တစ်ခုတည်းဖြင့် လျှပ်စစ်ကဏ္ဍဆောင်ရွက်ခြင်း မဟုတ်ပါဘူး၊ ပြည်ထောင်စုကလည်း မြန်မာနိုင်ငံကို လျှပ်စစ်မီးလင်းရေးအတွက် ၂၀၃၀ ခုနှစ်မှာတစ်နိုင်ငံလုံး မီးလင်းရေး ဆိုတဲ့မူကိုချမှတ်ပြီး ဆောင်ရွက်နေပါတယ်၊ ပြည်ထောင်စုဘတ်ဂျက်အပြင် ပြည်ပ ချေးငွေလည်း သုံးစွဲ ရပါတယ်၊ JICA ကရန်ပုံငွေနဲ့ ဘတ်ဂျက်ကိုအသုံးပြုပြီး တည်ဆောက်တာဖြစ်ပါတယ်၊ ADB က ချေးငွေတွေနဲ့ တည်ဆောက်တာလည်းပါပါတယ်၊ ပြည်ထောင်စုဘတ်ဂျက်ရောအပါအဝင်စုစုပေါင်း မန္တလေးတိုင်း ဒေသကြီး မီးလင်းရေးမှာ ၂၃၆ဘီလီယံ သုံးစွဲထားပါတယ်၊၂၀၂၀-၂၀၂၁ခုနှစ်မှာ နှစ်ကုန်မှာ မန္တလေးတိုင်း တစ်တိုင်းလုံးမီးလင်းအောင် ကြိုးစားသွားမှာပါ၊ လျှပ်စစ်ဓာတ်အား ပြင်ပမှာရှိနေတဲ့ရွာတွေဆိုရင် ဆိုလာစနစ်နဲ့ မီးလင်းအောင်ဆောင်ရွက်ဖို့စီမံထားပါတယ်၊ ရွာပေါင်း ၅၀ကျော်လောက်ရှိပါပြီ၊ ကျန်တဲ့ လျှပ်စစ်ဓာတ်အား လိုင်းရောက်တဲ့ရွာတွေကတော့ ဒီနှစ်ကုန်လို့၂၀၂၂နှစ်ဆန်းမှာ မန္တလေးတိုင်းဒေသ ကြီးတစ်ခုလုံးရာနှုန်းပြည့် မီးလင်းအောင်ဆောင်ရွက်သွားမှာပါ၊ မန္တလေးတိုင်းအတွင်းမှာရှိနေတဲ့ ပြည်သူလူထုအတွက်လူမှု ဘဝဖွံ့ဖြိုး တိုးတက်ဖို့အတွက် အခြေခံကောင်းတွေရလာမယ်ဆိုတာသေချာပါတယ်၊ တောင်သာနဲ့မလှိုင်အတွင်းမှာရှိနေ တဲ့ ကျေးရွာတွေအတွက်ကတော့ လျှပ်စစ်ဓာတ်အားအသုံးပြုပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်ကြလိမ့်မယ်ဆိုတာယုံကြည်ပါတယ်” ဟု ထပ်လောင်းပြောသည်။

အဆိုပါ မြင်းခြံခရိုင်၊တောင်သာမြို့နယ်တွင်ပြုလုပ်သည့် 66/33kv,30MVA တောင်သာဓာတ်အားခွဲ ရုံနှင့် မြင်းခြံ-တောင်သာ ၆၆ ကေဗွီဓာတ်အားလိုင်း(၁၄)မိုင်ဖွင့်ပွဲအစီအစဉ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ သက်ဆိုင်ရာလွှတ်တော်ကိုယ်စာလှယ်များ၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း မှတာဝန်ရှိသူများကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခြင်း၊တိုင်းဒေသကြီးဝန်ကြီးချုပ်ကဓာတ်အားခွဲရုံကဗ္မည်း ကျောက်စာ အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခြင်း၊ ဓာတ်အားခွဲရုံအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူမှုစနစ်နှင့် စက်ရုံအတွင်း စက်စွမ်းအားအခြေအနေများကို လိုက်လံကြည့်ရှုခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ မန္တလေးလျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင် ခေတ္တဥက္ကဋ္ဌက တောင်သာဒေသ ဓာတ်အားစနစ် ပိုမိုကောင်းမွန်ရေးအတွက် ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မန္တလေး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက တာဝန်ယူကြီးကြပ်ပြီး အကောင်အထည်ဖော်သည့် ယခုဓာတ် အားခွဲရုံတည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်များ၊ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားရရှိရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနလက်အောက်တွင် မန္တလေးလျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်ဖွဲ့စည်းဆောင် ရွက်ခဲ့မှုအခြေအနေများနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုနှင့်အတူ လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ပြည်သူများအတွက်လျှပ်စစ်ဓာတ်အားကို မြန်မြန်ဆန်ဆန်ရရှိစေရန်၊ ကုန်ကျစရိတ်နည်းပါး စွာဖြင့်ရရှိစေရန်၊ အရည်အသွေးပြည့်ပြည့်၀၀ကို ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်စေရန်၊ ဓာတ်အားပြတ်တောက်မှု နည်းပါးစေရန်နှင့် အချိန်တိုအတွင်း အမြန်ပြုပြင်နိုင်ရန်၊ ဝန်ဆောင်မှုကောင်းစေရန် စသည့် ရည်ရွယ်ချက်များ ၊ မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲလာနိုင်စေရန်အတွက် ဓာတ်အားလိုင်းတိုးချဲ့ တည်ဆောက်ခြင်းလုပ်ငန်းအနေဖြင့် ၆၆ကေဗွီ ဓာတ်အားလိုင်း ၂၂၁ဒသမ၁၉မိုင်၊ ၃၃ကေဗွီ ဓာတ်အားလိုင်း ၁၀၄၈ ဒသမ၁၂မိုင်၊ ၁၁ကေဗွီဓာတ်အားလိုင်း ၂၉၈၄ ဒသမ ၁၀မိုင် နှင့် ၄၀၀ဗွီဓာတ်အားလိုင်း ၁၇၈၇ ဒသမ ၆၅မိုင်အထိ တိုးချဲ့တည်ဆောက်နိုင်ခဲ့ပြီး ဓာတ်အားခွဲရုံများ တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းအဖြစ် ၆၆ကေဗွီ ဓာတ်အားခွဲရုံ ၂၀ရုံ၊ ၃၃ကေဗွီဓာတ်အားခွဲရုံ ၈၅ရုံနှင့် ၁၁ကေဗွီ ဓာတ်အားခွဲရုံ ၃၇၂၂ရုံ တိုးချဲ့တည်ဆောက်ပြီး စီးခဲ့မှုအခြေအနေများနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီးနောက်တောင်သာဒေသမှ ဒေသခံတစ်ဦး က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအတွင်း၌ ကျေးရွာပေါင်း ၄၇၉၉ ရွာရှိသည့်အနက် ၂၀၁၅-၂၀၁၆ခုနှစ် အစိုးရ စတင်တာဝန်ယူခဲ့စဉ်တွင်ကျေးရွာပေါင်း ၁၆၂၀ ရွာ လျှပ်စစ်မီးရရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၃၄ ရာခိုင်နှုန်းသာရှိခဲ့ ကြောင်း၊ ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလအကုန်တွင် နိုင်ငံတော်ဓာတ်အားစနစ်မှ မီးလင်းပြီးကျေးရွာ ၃၈၆၃ရွာ၊ နေ ရောင်ခြည်စွမ်းအင်အပါအဝင် ဓာတ်အားစနစ်ပြင်ပမှ မီးလင်းပြီးကျေးရွာ ၃၂၄ရွာ စုစုပေါင်း ၄၁၈၇ ရွာအထိ မီးလင်းခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၈၇ဒသမ၂၄၇ ရာခိုင်နှုန်းအထိ ရရှိခဲ့ပြီးဖြစ်ကြောင်း၊ ယခု ဘဏ္ဍာရေးနှစ်အတွင်း ဓာတ်အားစနစ်ရောက်ရှိနိုင်သည့် ကျန်ရှိနေသည့် ကျေးရွာအားလုံးကို လျှပ်စစ်ဓာတ်အား ရရှိအောင် ဆောင်ရွက်မည်ဖြစ်သည့်အပြင် ဓာတ်အားစနစ် မရောက်ရှိနိုင်သည့် ကျေးရွာပေါင်း ၅၀ ကျော်ကိုလည်း နေရောင်ခြည်စွမ်းအင်သုံးစနစ်ဖြင့် လျှပ်စစ်ဓာတ်အားရရှိအောင် ဆောင်ရွက်ပေးမည်ဖြစ်သည့်အတွက် မန္တလေးတိုင်း ဒေသကြီးတစ်ခုလုံး ၁၀၀ ရာခိုင်နှုန်းအပြည့် လျှပ်စစ်ဓာတ်အား ရရှိတော့မည်ဖြစ်ကာ လျှပ်စစ်ဓာတ်အားကို ကောင်းမွန်စွာအသုံးချပြီး ကျေးလက်နေပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးနိုင်ရန်အတွက် SMEs စီးပွားရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

MRG
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •