တွေ့ခဲ့ဘူးတယ်..(ရင်ဂို)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

တွေ့ခဲ့ဘူးတယ်…..

မီးပျက်တဲ့နေ့တွေညတွေ
စိတ်ညစ်ညစ်နဲ့ထိုင်ရင်းရည်ရွယ်ချက်တွေ
မဲ့ခဲ့ဘူးတယ်။

BMလိုင်းကားရဲ့ရေသရောက်ကို အားပြုပြီးသေရေးရှင်ရေးတွယ်စီးခဲ့ဘူးတယ်။

ကောလိပ်ကျောင်းလို့
နံမည်တပ်ထားတဲ့နယ်မြို့က အထက
ကျောင်းမှာကျောင်းတက်ခဲ့ဘူးတယ်။

သင်ဃန်းကျွန်းဆို
လမ်းကြမ်းလို့မလိုက်ဘူးဆိုတဲ့ရန်ကုန်မြို့ က
taxi တွေမြင်ခဲ့ဘူးတယ်။

ဇင်ပိတ်အပြာကိုပြောင်းပြန်လှန်၊အပ်ချည်
အနီနဲ့ နင်းလို့ချုပ်ထားတဲ့ဂျင်းဂျက်ကက်
ဆိုတာကို ဝယ်ဝတ်ခဲ့ဘူးတယ်။

ဆူးလေဂလုပ်ရုံအောက်မှာ tourist
ပြန်ရောင်းသွားတဲ့
Big John ဂျင်းဘောင်းဘီအဟောင်း
ဝယ်ဝတ်ဘူးတယ်။

စက်ဘီးတာယာ ကားတာယာကို
ကွန်ပေါင်းတင်သည်ဆိုတဲ့လုပ်ငန်းတွေကို
မထူးဆန်းစွာတွေ့ခဲ့ဘူးတယ်။

သူငယ်ချင်းမှောင်ခိုသယ်တဲ့
အချိုမှုန့်တွေကိုကျောမှာပိုးပြီး
မော်လမြိုင်မုတ္တမကူးတဲ့ဇက်ပေါ်မှာ
စီးခဲ့ဘူးတယ်။

ကားတစ်စီးနဲ့တစ်စီးရှောင်ရင်း
တစ်စီးကလမ်းဘေးချပေးရတဲ့
ရန်ကုန်မန္တ​လေးဟိုင်းဝေးလမ်းမကြီးမှာ
ကားမောင်းခဲ့ဘူးတယ်။

ဂျပန်ကားကိုဖင်ဖြတ်ပုံပြောင်းပြီး
စက်မှုဇုံကထုတ်တယ်ပြောတာကို
နှာစေးပေးနေတဲ့
လူကြီးတွေကိုသတင်းစာထဲက
ဓာတ်ပုံမှာတွေ့ခဲ့ဘူးတယ်။

နံနံပင်ကွမ်းရွက်စတဲ့ဟင်းသီးဟင်းရွက်တွေကို
အိမ်သာထဲအပြည့်ထည့်ပြီး သယ်တဲ့လူစီး
ရထားကြီးတွေစီးခဲ့ဘူးတယ်။

အဆောင်တစ်ဆောင်လုံးက သူငယ်ချင်းတွေ
ဗိုလ်လောင်းသင်တန်းဝင်ခွင့်သွားဖြေကြတဲ့နေ့က
အဆောင်မှာ ကျနော်တစ်ယောက်ထည်း
ကျန်ခဲ့ဘူးတယ်။

တစ်ကျောင်းလုံးနီးပါး ဂုဏ်ထူးထွက်တဲ့
နိုင်ငံရေးသိပ္ပံဘာသာကို ဂုဏ်ထူးမထွက်တဲ့
ကျောင်းသား၆ယောက်စာရင်းမှာ
ကျနော်ပါဝင်ခဲ့ဘူးတယ်။

အထက်ပါစာသားမျိုးလောက်ကို
ရေးယုံပြောယုံမျှဖြင့်
အရေးယူအပြစ်​​ပေးခဲ့ဘူးတဲ့
အဆင်းရဲဆုံးတိုင်းပြည်မှာ
ကျနော်နေခဲ့ဘူးပါတယ်။

ရင်ဂို 2020#


Spread the love
  •  
  •  
  •  
  •  
  •  
  •