ထပ်မံပြီးသတိပေးပါရ​စေ၊ ဒုတိယ covid လှိုင်းဟာ ပထမထက်ဆိုးဖို့ ရာများတယ်လို့ လေ့လာထားသူတွေက သုံးသပ်ပါတယ်(ဒေါ်အောင်ဆန်းစုကြည်)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ထပ်မံပြီးသတိပေးပါရ​စေ၊ ဒုတိယ covid လှိုင်းဟာ ပထမထက်ဆိုးဖို့ ရာများတယ်လို့ လေ့လာထားသူတွေက သုံးသပ်ပါတယ်(ဒေါ်အောင်ဆန်းစုကြည်)

မဇ္ဇျိမ – အလယ်အလတ် -ဆိုတော့ အလွယ်ဆုံးလမ်းလို့ ထင်ရပေမယ့် တကယ်တော့ မလွယ်တာတွေ့နေရပါတယ်။ အစွန်း မရောက်၊ တည်တည်ငြိမ်ငြိမ်နဲ့ ဆက်လှမ်းတာက ဒီဘက် ဟိုဘက် ယိမ်းသွားတာထက် ပိုပြီး ခက်နေမလားပဲ။ COVID ကာကွယ်ရေးအတွက် လျှောက်ရမဲ့လမ်းကို ပြောနေတာပါ။

အစိုးရိမ်မလွန်ဖို့ သတိပေးနေရသလို မပေါ့ဆဖို့လည်း တိုက်တွန်း ရပါသေးတယ်။ ပခုက္ကူဆရာတော်ဘုရားကြီး ဖေဖေ့ကို မိန့်ခဲ့တဲ့ ဩဝါဒအတိုင်းပါပဲ။ ခြောက်တိုင်းလည်း မကြောက်နဲ့၊ မကြောက်ပဲလည််း မနေနဲ့ပေါ့။ ဒီရောဂါကြီး အန္တရာယ် ဘယ်တော့မှ ကင်းစင်သွားပါမလိမ့်၊ ဘယ်လိုခရီးဆက်ရပါမလိမ့်လို့တွေးပြီး စိုးရိမ်သောကတွေတောက်လောင်နေတာက အစွန်းတစ်ဘက် ရောက်နေသလို၊ ပကတိသာမန်အနေအထားမှာလို စိတ်ရှိသလို နေချင်သလိုနေ၊ သွားချင် သလိုသွားတာမျိုးကလည်း အန္တရာယ်များလှတဲ့ အခြားတစ်ဘက် စွန်းပါ။

ကျွန်မတို့ နိုင်ငံမှာ ကျန်းမာရေးစည်းမျဉ်းစည်းကမ်းတွေ ကြပ်ကြပ် မတ်မတ် ချပြီး covid ကာကွယ်ရေး ဆောင်ရွက်ခဲ့တာ သုံးလတင်းတင်းတောင် မပြည့်သေးပါဘူး၊ သည်းမခံနိုင်တော့တဲ့သူတွေကိုမြင်နေရပါတယ်။ ဒီလိုအခြေအနေက ကြောက်သင့်လို့ ကြောက်ရမဲ့ (ဝါ)၊ သတိကို လက်မလွှတ်ရမယ့် အချိန်ပါ။ Covid စိန်ခေါ်မှုကြီးကိုကျော်လွှားနိုင်ပြီလို့ တရားဝင်ကြေငြာခဲ့တဲ့ နိုင်ငံအချို့မှာ covid ပြန်လည် တွေ့နေရပါပြီ။ ကြောက်စရာပါ။

ထပ်မံပြီးသတိပေးပါရ​စေ၊ ဒုတိယ covid လှိုင်းဟာ ပထမထက်ဆိုးဖို့ ရာများတယ်လို့ လေ့လာထားသူတွေက သုံးသပ်ပါတယ်။ ကျွန်မတို့ ပထမလှိုင်းကို ကျော်လွှားနိုင်ခဲ့တာလည်း လွယ်လွယ်နဲ့မဟုတ်ပါဘူး။ ငွေအင်အား၊ လူအင်အား၊ စိတ်ဓါတ်အင်အား၊ အင်အားအမျိုးမျိုး ရင်းနှီးခဲ့ရပါတယ်။ ဒီရင်းနှီးမှုတွေ အဟောသိကံ မဖြစ်သွားဖို့ ကျွန်မတို့ စိတ်အင်အားတွေ အဆက်မပြတ်ထုတ်ရပါဦးမယ်။

ရည်မှန်းချက် အောင်ပန်းဆွတ်ခူးနိုင်ဖို့၊ ပင်ပန်းတယ်လို့ ခံစားရပေမဲ့လည်း လုံ့လဝီရိယ မလျှော့စတမ်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ် ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပါ။ အနာဂတ်မှာ ကုက္ကုစ္စ မပွါးရအောင် ယခုအချိန်မှာ မှန်ကန်တဲ့ အလယ်အလတ်လမ်းကို တည့်တည့်မတ်မတ်လျှောက်ကြပါ။


Spread the love
  •  
  •  
  •  
  •  
  •  
  •