ထိုင်းနိုင်ငံ၌ ဆန့်ကျင်ဘက် အင်အားစုနှစ်ခု တစ်နေ့တည်း တစ်နေရာတည်း၌ အပြိုင် ဆန္ဒပြ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ထိုင်းနိုင်ငံ၌ ဆန့်ကျင်ဘက် အင်အားစုနှစ်ခု တစ်နေ့တည်း တစ်နေရာတည်း၌ အပြိုင် ဆန္ဒပြ

 

ဘန်ကောက်၊ သြဂုတ် ၁၆

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် သြဂုတ်လ ၁၆ ရက်က ဒီမိုကရေစီ ထောက်ခံသူ အင်အားစုမှ အင်အား အနည်းဆုံး ၅၀၀၀ ခန့် စုဝေးကာ ဒီမိုကရေစီ အထိမ်းအမှတ် ကျောက်တိုင်၌ ဆန္ဒပြမှု တစ်ရပ်ကို မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့ကြသည်။

ကျောင်းသားများ ခေါင်းဆောင်သည့် အဆိုပါ ဆန္ဒပြ လူစုလူဝေးကို Free Youth Group နှင့် ၎င်း၏ မဟာမိတ်များက စည်းရုံး ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပြီး လွတ်လပ်သော ပြည်သူ့လှုပ်ရှားမှု (Free People Movement) ဟု အမည်ပေးထားကာ လက်ရှိ ပါလီမန်ကို ဖျက်သိမ်းရန်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအား အသစ်ရေးဆွဲရန်နှင့် ဝေဖန်ရေးသမားများကို ခြိမ်းခြောက်နေမှုများ ရပ်ဆိုင်းရန် တို့အတွက် အစိုးရအား ဖိအား ပေးသွားရန် ရည်ရွယ် ဆောင်ရွက်ခဲ့ကြခြင်းဟု သိရှိရသည်။

 

အဆိုပါ ဆန္ဒပြမှုများကို ဇူလိုင်လလယ်ခန့်မှ စ၍ ဘန်ကောက်မြို့တွင် ပြုလုပ်လာခဲ့ကြပြီး ဆန္ဒပြသမားများက ဘုရင်စနစ် ဖျက်သိမ်းရေးကိုလည်း တောင်းဆိုခဲ့ကြသည်။

သြဂုတ်လ ၁၆ ရက်တွင် ပြုလုပ်သော အဆိုပါ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲက ကိုဗစ်-၁၉ ကန့်သတ်မှုများ ဖြေလျှော့ခဲ့ပြီး နောက်တွင် ပြုလုပ်ခဲ့သော အကြီးမားဆုံး ဆန္ဒပြပွဲလည်း ဖြစ်သည်။

ဆန္ဒပြပွဲကို စည်းရုံး လှုပ်ရှားသူများက “ပြည်သူတွေရဲ့ အခွင့်အာဏာကို ဒီမှာ ပြတာပဲ” ဟု ပြောကြား ခဲ့သည်။

ဒီမိုကရေစီ အထိမ်းအမှတ် ကျောက်တိုင် အနီးတွင် ရဲတပ်ဖွဲ့ဝင် အင်အား ၃၀၀ ကျော် စောင့်ကြပ် နေခဲ့ကြသော်လည်း ဆန္ဒပြ အင်အားစုများ တစ်ဖွဲဖွဲ ရောက်ရှိလာခဲ့ကြသည်။

ထိုသို့ အစိုးရ ဆန့်ကျင်ရေး အင်အားစုများက ဆန္ဒပြရန်အတွက် စုရုံးမှု မပြုမီမှာပင် အခြားသော တက်ကြွလှုပ်ရှားသူ ကျောင်းသားများ ခေါင်းဆောင်သည့် အင်အား ၆၀ ခန့်ရှိ ဆန္ဒပြ အဖွဲ့တစ်ခုကလည်း ဒီမိုကရေစီ အထိမ်းအမှတ် ကျောက်တိုင် အနီးရှိ Ratchadamneon Avenue လမ်းတွင် စုဝေးကြကာ ကျောက်တိုင်ဆီသို့ ချီတက်လာခဲ့ကြကြောင်း သိရသည်။

၎င်းအဖွဲ့က ဘုရင်စနစ်ကို ထောက်ခံသူများ၏ အစုအဝေး ဖြစ်ကာ ထိုင်းနိုင်ငံ အလံတော်၊ ဘုရင်နှင့် တော်ဝင်မိသားစုတို့၏ ပုံများကို ကိုင်ဆောင်ကာ ချီတက်ခဲ့ကြပြီး Ratchadamneon Avenue လမ်း၏ အခြားတစ်ဘက်မှ နေ၍ တန်ပြန် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ထိုအဖွဲ့ကို ဦးဆောင်သူ တစ်ဦးက တစ်ဖက် ဆန္ဒပြအဖွဲ့အနေနဲ့ မည်သည့် အချက်ကိုမဆို တောင်းဆိုနိုင်ကြောင်း၊ မည်သူကိုမဆို ဆန့်ကျင် ဆန္ဒပြနိုင်ကြောင်း၊ သို့သော် ဘုရင်စနစ်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ တောင်းဆို ပြောကြားရန် အခွင့်မရှိဟု ဆိုသည်။

အဆိုပါ ဘုရင်စနစ်ကို ထောက်ခံသူများ၏ အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်သူ ဆူမတ်ထရာကူလ် ဝန်နူ ကလည်း ၎င်းတို့ အဖွဲ့က အကြမ်းဖက်မှု ဖြစ်ပွားအောင် တစ်စုံတစ်ရာ လှုံ့ဆော် ရန်စ မည် မဟုတ်ကြောင်း၊ သို့သော် အစိုးရ ဆန့်ကျင်ရေးဆန္ဒပြမှု အဖွဲ့မှ ဆန္ဒပြသူများ အနေဖြင့် ဘုရင်စနစ်ကို တိုက်ခိုက် ပြောကြားကာ မလေးမစား ပြုလုပ်လာပါက မှတ်တမ်း ပြုလုပ်၍ ရဲတပ်ဖွဲ့သို့ တိုင်ကြားသွား မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ဆန္ဒပြမှုများ ဖြစ်ပွားရာ ဒီမိုကရေစီ အထိမ်းအမှတ် ကျောက်တိုင်အနီးတွင် ရဲတပ်ဖွဲ့ဝင် အင်အား ၆၀၀ ခန့် လုံခြုံရေးအတွက် တပ်ဖြန့် ချထားပြီး လိုအပ်ပါက နှစ်ဆ တိုးသွားနိုင်ကြောင်း သိရသည်။

Photo – Pichayada / CNA

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •