ထိုင်းနိုင်ငံ Siriraj ပြတိုက်က လူသားစားလူသတ်ကောင်အဖြစ် ပြသထားတဲ့ ဆေးစိမ် အလောင်းကိုဖယ်ရှားတော့မယ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

Si Quey #တကယ်လူသားစားခဲ့သလား⁉️

🇹🇭 ထိုင်းနိုင်ငံ Siriraj ဆေးသိပ္ပံပြတိုက်မှာ #လူသားစားလူသတ်ကောင်အဖြစ် ပြသထားတဲ့ဆေးစီမံအလောင်းကိုဖယ်ရှားတော့မှာဖြစ်ပါတယ်။

Si Quey ရဲ့ရုပ်အလောင်းဟာ ကမ္ဘာလှည့်ခရီးသည်တွေ စိတ်ဝင်စားတဲ့ အဲ့ဒီပြတိုက်ရဲ့ ဆွဲဆောင်မှုအရှိဆုံးနေရာတစ်ခုဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ လွန်ခဲ့သောနှစ်ပေါင်း ၆၀ လောက်ကတည်းက မိဘတွေဟာ သားသမီးတွေကို ပြောမရရင် Si Quey နာမည်သုံးပြီး ခြောက်ခဲ့ကြတာပါ။

“ဟိုကလေး…. အိမ်ထဲမဝင်သေးဘူးလား? အေး…. Si Quey ကြီးလာလိမ့်မယ်”

“ကျောင်းပြေးရင် Si Quey ကြီးနဲ့ တွေ့သွားမယ်။ ကလေးတွေကိုသတ်ပြီး ကလီစာထုတ်စားတာနော်”

အဲ့သည်လိုတွေခြောက်လှန့်ခဲ့ကြတာပါ။

Si Quey ဟာ ဒုတိယကမ္ဘာစစ်အပြီးမှာ တရုတ်ပြည်ကနေ ထိုင်းနိုင်ငံကို လာအလုပ်လုပ်တဲ့ ရွှေ့ပြောင်းလုပ်သားတစ်ယောက်ဖြစ်ပါတယ်။

သူ့ကို ၁၉၅၉ ခုနှစ်မှာ ကလေး ၇ ယောက်ကို သတ်ပြီး လူသားစားမှုနဲ့ သေဒဏ်ပေးခဲ့တာပါ။

သူ့အလောင်းကို ဖယောင်းနဲ့ဆေးစီမံပြီး လူသားစားလူသတ်ကောင်အဖြစ် ပြတိုက်မှာ ပြသထားတာပါ။

အခုတော့ လူတွေရဲ့တောင်းဆိုချက်အရ Si Quey ရဲ့အလောင်းကို ပြတိုက်ကဖယ်ရှားပြီး သေချာသဂြိုဟ်ပေးတော့မယ်လို့ ဆိုပါတယ်။

▪️Si Quey ဟာဘယ်သူလဲ⁉️

Si Quey (နာမည်ရင်း Si Quey Sae Urng) ဟာ ၁၉၂၇ ခုနှစ်မှာ တရုတ်ပြည်တောင်ပိုင်း Shantou ပြည်နယ်မှာ မွေးဖွားခဲ့တဲ့ လယ်သမားတစ်ယောက်ပါ။

၁၉၄၆ ခုနှစ်မှာ ထိုင်းနိုင်ငံကိုရောက်ရှိလာပြီး စိုက်ခြံလုပ်သားအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

၁၉၅၈ ခုနှစ်မှာ Rayong, Prachaup Kiri Khan, Nakhon Pathom, Bangkok စတဲ့ ပြည်နယ်တွေက ကလေးပျောက်မှု ခုနှစ်မှုနဲ့ လူသားစားမှု အတွက် အပြစ်ရှိတယ်ဆိုပြီး သေဒဏ်အပေးခံရပါတယ်။

Si Quey က နောက်ဆုံးဝန်ခံခဲ့တယ်ဆိုပြီး ၁၉၅၉ ခုနှစ် စက်တင်ဘာလမှာ သေဒဏ်ပေးသေနတ်တပ်ဖွဲ့နဲ့ ပစ်သတ်ကာ အဆုံးစီရင်ခံခဲ့ရပါတယ်။

ပြတိုက်က သူ့ရဲ့အလောင်းမှာ သေနတ်ကျည်ဆံရာတွေ တွေ့နိုင်ပါတယ်။

​▪️Si Quey ကို ဘာလို့ဖမ်းခဲ့တာလဲ⁉️

ဖြစ်ပုံက ၁၉၅၈ ခုနှစ်မှာ Somboon Boonyakan ဆိုတဲ့ ၈ နှစ်အရွယ် ထိုင်းကောင်လေးတစ်ယောက်ဟာ အိမ်ကနေ Si Quey ရှိတဲ့ခြံမှာ ဟင်ူသီးဟင်းရွက်ဝယ်ဖို့ ထွက်သွားပါသတဲ့။

အဲ့ဒီကလေး အိမ်ပြန်မလာတော့ မိဘတွေက လိုက်ရှာပါတယ်။ ကလေးအဖေက Si Quey ကို ခြံထဲမှာ သစ်ရွက်ခြောက်တွေနဲ့ အမှိုက်ပုံမီးရှို့မလို့ လုပ်နေတာတွေ့ရပါသတဲ့။

အဲ့ဒီအမှိုက်ပုံထဲမှာ ရင်ခွဲထားတဲ့ ကလေးအလောင်းကို ကလေးအဖေက ရှာတွေ့ခဲ့တယ်လို့ဆိုပါတယ်။

ကလေးမိဘတွေရဲ့အပြောအရ Si Quey ဟာ ကလေးရဲ့ ကလီစာတွေကို စားမလို့ ကလေးကိုသတ်ခဲ့တာလို့ ဆိုပါတယ်။

👉 လူတွေအခုထောက်ပြနေတာက #လူသတ်မှုသက်သေအထောက်အထားမခိုင်လုံမှုပါ။

Si Quey က ရဲစခန်းမှာ ဝန်ခံတယ်လို့ပြောတယ်။

ထိုင်းရဲစခန်းမှာရှိတဲ့ မအူမလည် ရွှေ့ပြောင်းလုပ်သားတစ်ယောက်ကို ဝန်ခံခိုင်းဖို့ မခက်ခဲဘူးလို့ဆိုပါတယ်။

ထိုင်းရဲစခန်းမှာ ထွက်ဆိုတယ်ဆိုတဲ့ Si Quey ရဲ့ ဝန်ခံချက်တွေဟာ #ရဲကတင်ပြတဲ့လူသတ်မှုအထောက်အထားတွေနဲ့ကွဲလွဲနေပါတယ်။

ထိုင်းရဲဟာ Si Quey က ကလေးတွေကို တကယ်သတ်ခဲ့ပါတယ်ဆိုတာရော၊ လူသားစားပါတယ်ဆိုတာရော #ခိုင်မာတဲ့သက်သေအထောက်အထားမျိုးမပြနိုင်ခဲ့ပါဘူး။

Si Quey ဟာ ပြည်နယ်တွေအများကြီးက ကလေး ခုနှစ်ယောက်ပျောက်မှုရဲ့ #တရားခံတကယ်ဟုတ်ပါရဲ့လားလို့လူတွေကသံသယဝင်ကြပါတယ်။ ⁉️

ထိုင်းနိုင်ငံ ချုလာလောင်ကွန်တက္ကသိုလ်က သမိုင်းပါမောက္ခ Professor Wasana Wongsurawat က “Si Quey ကိစ္စမှာ တရားစီရင်ရေးမှားယွင်းပြီး Si Quey ကို သေဒဏ်ပေးခဲ့တာ” လို့ ဆိုပါတယ်။

ရှိသမျှကလေးပျောက်မှုတွေ Si Quey ဆီပုံချပြီး Si Quey ဟာ အချောင်ခံခဲ့ရတဲ့ scapegoat လို့ဆိုပါတယ်။

သူတင်မဟုတ်ဘူး ထိုင်းကလူအတော်များများကလည်း Si Quey ကို လူသားစားလူသတ်ကောင်လို့ မထင်ကြပါဘူး။

သွားကျဲကျဲနဲ့ သမ်းဝေနေတဲ့ Si Quey ပုံကို
ကလေးတွေသတ်စားတဲ့ လူသတ်ကောင်အဖြစ် သတင်းစာတွေက ပုံကြီးချဲ့ရေးပြီး စောင်ရေတိုးဖို့ လုပ်ခဲ့ကြပါတယ်။

အဲ့ဒီတုန်းက တရုတ်ပြည်က ရွှေ့ပြောင်းလုပ်သားတွေဟာ တစ်ခုခုဆိုရင် တရားခံအဖြစ်ထိုးချတာ ခံရလေ့ရှိတယ်လို့ သမိုင်းပါမောက္ခက ဆိုပါတယ်။

“#အခုခေတ်ထိုင်းရောက်နေတဲ့မြန်မာနဲ့ကမ်ဘောဒီယားရွှေ့ပြောင်းလုပ်သားတွေလိုပါပဲ” တဲ့။

Si Quey လို ထိုင်းစကားကို တစ်လုံးနှစ်လုံးပဲတတ်ပြီး ဆွေမရှိမျိုးမရှိ ရွှေ့ပြောင်းလုပ်သားကို လူသားစားပါတယ်၊ ကလေးတွေလိုက်သတ်ပါတယ်လို့ ထိုင်းရဲစခန်းမှာ ဝန်ခံခိုင်းဖို့ မခက်ပါတဲ့။

Suttisa Rattanasri ဆိုတဲ့ ကျောင်းသားရဲ့ အပြောအရ “လူတွေက ပြတိုက်ထဲက Si Quey ရဲ့ ရုပ်အလောင်းကို လက်ညိုးထိုးပြီး သူ့ကိုမှန်ပုံးထဲမှာထည့်ပိတ်ထားတာ စိတ်မကောင်းစရာပါပဲ” တဲ့။

Sakorn Khunain ဆိုတဲ့ ဘန်ကောက်က တက္ကဆီမောင်းသူပြောတာက “အဲ့ဒီတုန်းက လူတွေက ယုံလွယ်ကြတယ်။ သက်သေအထောက်အထားမပြည့်စုံလဲ သတင်းစာကရေးရင် အများပြောရင် ယုံလိုက်ကြတာပဲ” တဲ့။

“ကျနော်ကတော့ သံသယဝင်တယ်။ တကယ်ဖြစ်ခဲ့မဖြစ်ခဲ့ အမှန်တရားကို သိချင်ပါတယ်” တဲ့။

အဲ့ဒီတုန်းက သတင်းကအမျိုးမျိုးထွက်ခဲ့တာပါ။

Si Quey ဟာ ဂျပန်ခေတ်က တရုတ်ပြည်မှာ စစ်သား။ အရမ်းငတ်လာတော့ ဂျပန်တွေကို သတ်စားခဲ့တာတို့ ဘာညာ။

Si Quey ဟာ ၁၉၅၄ ကနေ ၁၉၅၈ ကြားမှာ ထိုင်းနိုင်ငံလှည့်ပြီး ယောက်ကျားလေးမိန်းကလေး ၆ ယောက်ကို ဓားနဲ့ထိုးသတိပြီး ကလီစာတွေထုတ်ယူခဲ့တယ်။

သူဟာအရွယ်နုပျိုဖို့ ကလေးကလီစာတွေစားခဲ့တယ်လို့ ဆိုကြပါတယ်။ ကလေးတွေကို ဖမ်းရတာက လွယ်လို့လို့ဆိုကြပါတယ်။

ကျနေည့်အမြင်ပြောရရင် ရွှေ့ပြောင်းလုပ်သားတစ်ယောက် အလုပ်အခြေအနေအရ ပြည်နယ်တစ်ခုနဲ့ တစ်ခု ကူးမိကောင်းကူးမိမယ်။

နောက်ဆုံး သူ့ကိုကလေးအလောင်းပါတဲ့ အမှိုက်ပုံကို မီးရှို့ဖို့လုပ်နေတုန်း မိတာဖြစ်ကောင်းဖြစ်မယ်။

အထဲက ကလေးအလောင်းနဲ့ သူနဲ့ဘယ်လိုပတ်သက်သလဲ သေသေချာချာ သက်သေအထောက်အထားရှာဖွေသင့်တယ်လို့ မြင်ပါတယ်။

သူဟာ နုပျိုဖို့ကလေးတွေသတ်စားတယ်လို့ပြောတာမျိုးက ချဲ့ကားပြောကြတာပါ။

အခုအချိန်မှာတော့ လူပေါင်းသောင်းနဲ့ချီပြီး လက်မှတ်ရေးထိုးကာ တောင်ဆိုခဲ့တာကြောင့် ပြတိုက်က Si Quey ကို လူသားစားလူသတ်ကောင်စာတန်းထိုးထားတာ ဖယ်ရှားလိုက်ပါပြီ။ မကြာခင်သေချာသဂြိုဟ်တော့မယ်လို့ ဆိုပါတယ်။

ကျနော်ဆက်စပ်တွေးတောမိနေတာက ထိုင်းနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေရဲ့ဘဝနဲ့ #ဝင်းနဲ့ဇော်ရောလွတ်မှာလား⁉️ ဆိုတာပဲဖြစ်ပါကြောင်း။

Richard Myo Thant
23-July-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •