ထုတ်လုပ်ဆဲ Covid-19 ကာကွယ်ဆေးများ အပြိုင်အဆိုင် ပန်းဝင်ခါနီးအခြေအနေ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ထုတ်လုပ်ဆဲ Covid-19 ကာကွယ်ဆေးများ အပြိုင်အဆိုင် ပန်းဝင်ခါနီးအခြေအနေ

💉 Covid-19 #ကာကွယ်ဆေးတွေအတွက် #အခုထိအခြေအနေကောင်းနေ။
Covid-19 ကာကွယ်ဆေးရဖို့ ကြိုးပမ်းနေကြရာမှာ #အပြိုင်အဆိုင် ပန်းဝင်ခါနီးကို တဖြည်းဖြည်းချဉ်းကပ်လာနေပြီဖြစ်ပါတယ်။
သို့သော် နောက်ဆုံးအဆင့် Phase 3 မှာ ဘယ်သူကလက်ခံနိုင်လောက်အောင် အောင်မြင်မလဲ ကြည့်ကြရမှာဖြစ်ပါတယ်။
ကာကွယ်ဆေးအောင်မြင်တယ်ဆိုတာနဲ့ အပြိုင်အဆိုင်ထုတ်ကြအုံးမှာပါ။ ထုတ်ပြီးတာနဲ့ ကျနော်တို့ဆီရောက်ဖို့ ထပ်စောင့်ရမှာပါ။
ကာကွယ်ဆေးရဖို့ clinical trials စမ်းသပ်မှု Phase 1, Phase 2, Phase 3 ဆိုပြီး အဓိက အဆင့် ၃ ဆင့်ရှိပါတယ်။
အခုအထိ ရလဒ်လေးတွေကို ကြည့်ကြရအောင်…

နံပါတ် (၁) 💉

🇬🇧 ယူကေနိုင်ငံ အောက်စဖို့တက္ကသိုလ်နဲ့ AstraZeneca ရဲ့ဆေးက Phase 1 နဲ့ Phase 2 ရလဒ်တွေအရ
▪️လုံခြုံစိတ်ချရမှု (safe) ဖြစ်တယ်၊
▪️Covid ခုခံနိုင်ရည် (immunity response) ကောင်းကောင်းတုန့်ပြန်တာတွေ့ရတယ်။
▪️လူပေါင်း ၅၄၃ ယောက်ကို စမ်းသပ်ဆေးထိုးပေးရာမှာ humoral response ရော၊ cellular response ရော တုန့်ပြန်မှုတွေကောင်းတယ်။
cellular response ဆိုတာ ကျနော်သိသလောက်က antibodies မပါဘူး။ ဘာလို့သတင်းထဲမှာ antibodies တက်တယ်လို့ရေးတာလဲ မသိဘူး။ ခြုံငုံရေးတာဖြစ်မယ်။
အဲ့ဒီ အောက်စဖို့တက္ကသိုလ်ရဲ့ဆေးက ကာကွယ်ဆေးထိုးပြီး ၂၈ ရက်အကြာမှာ ပဋိပစ္စည်း (antibodies) အမြင့်ဆုံးဖြစ်ပြီး ၂ လကြာအထိဆက်မြင့်နေတယ်တဲ့။
ဘေးထွက်ဆိုးကျိုး (side effects) တွေက…
▪️ဆေးထိုးထားတဲ့သူရဲ့ ၇၀ ရာနှုန်းက ကိုယ်လက်ပင်ပန်းနွမ်းနယ်တယ်ပြောတယ်။
▪️၆၈ ရာနှုန်းက ခေါင်းကိုက်သတဲ့။
▪️ကြွက်သားတွေနာတာ၊ နုံးချိတာ၊ အပူတက်သလိုခံစားရတာတွေ ရှိတယ်လို့လည်းပြောကြတယ်။
▪️ဒါပေမယ့် ဆိုးဆိုးဝါးဝါးဖြစ်တာမျိုးတော့မရှိဘူး။
▪️စမ်းသပ်မှုက အသက် ၅၅ နှစ်အထိပဲ အသက်အကြီးဆုံးစမ်းထားတယ်။
နောက်ဆုံးအဆင့် Phase 3 ကို ဘရာဇီး၊ ယူကေနဲ့ တောင်အာဖရိကတို့မှာ လူများများနဲ့ စမ်းသပ်မယ်တဲ့။

နံပါတ် (၂) 💉

🇨🇳 တရုတ်ကုမ္ပဏီ CanSino Biologics ရဲ့ဆေးကလည်း လုံခြုံစိတ်ချမှုရှိပြီး Covid ခုခံနိုင်ရည်ကောင်းတာ တွေ့ရပါတယ်တဲ့။
တရုတ်သိပ္ပံပညာရှင်တွေရဲ့ အပြောအရ သူတို့ရဲ့ဆေးတွေဟာ Phase 2 အပြီးမှာ Covid ရောဂါပိုးကို ခုခံမယ့် neutralising antibody ကောင်းကောင်းထွက်တာတွေ့ရပါတယ်တဲ့။
ဒါက ဆေးကို အနိမ့်ဆုံး low နဲ့ အလယ်အလတ် medium dose ပေးထားတဲ့ သူတွေမှာတွေ့ရတာတဲ့။
dose တစ်ခုမှာ ပမာဏဘယ်လောက်ပါလဲ ရေးတာမတွေ့ဘူး။
သူတို့လည်း အသက် ၅၅ က စမ်းသပ်မှုအသက်အကြီးဆုံးပဲ။
ဆေးထိုးလိုက်တာနဲ့ ၁၄ ရက်အတွင်း အာနိသင်ပြပါသတဲ့။ သူလည်း humoral response ရော cellular response ရော ၂၈ ရက်အတွင်းမှာ အများစုမှာ ကောင်းပါသတဲ့။
၁၂၉ ယောက်ကို စမ်းသပ်ရာမှာ ဘေးထွက်ဆိုးကျိုးတွေကတော့..
▪️lower dose ဆေးအပျော့အားနဲ့ စမ်းသပ်သူရဲ့ ၇၄ ရာနှုန်းနဲ့ medium dose အလယ်အလတ်အားနဲ့ စမ်းသပ်သူရဲ့ ၇၂ ရာနှုန်းမှာ ကိုယ်လက်ပင်ပန်းတာ၊ ခေါင်းကိုက်တာ၊ အပူတက်တာမျိုး အနည်းဆုံးတစ်ခုတော့ဖြစ်သတဲ့။
▪️ဆိုးဆိုးဝါးဝါးဖြစ်တာတော့ တစ်ယောက်မှ မတွေ့ဘူးတဲ့။

နံပါတ် (၃) 💉

🇺🇸 အမေရိကန်ပြည်ထောင်စု Moderna က ကြိုးပမ်းနေတဲ့ဆေးက သူ့ရဲ့ Phase 1 ရလဒ်ကို ထုတ်ပြန်ပြီ။
စမ်းသပ်ခဲ့တဲ့ လူ ၄၅ ယောက်စလုံးမှာ လုံခြုံစိတ်ချရမှုရှိပြီး Covid ခံနိုင်ရည် ရှိတာတွေ့ရသတဲ့။
ဒီလထဲမှာ Phase 3 စမ်းသပ်မယ်လို့ဆိုတယ်။

နံပါတ် (၄) 💉

🇩🇪 ဂျာမနီက BioNTech နဲ့ 🇺🇸 အမေရိကန်က Pfizer တို့ရဲ့ ဆေးကလည်း Covid ခံနိုင်ရည်ကောင်းတာတွေ့ရသတဲ့။
စမ်းသပ်မှုကို လူ ၃၀၀၀၀ အထိတိုးပြီးစမ်းသပ်မယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တရုတ်ကုမ္ပဏီအတော်များများလည်း နောက်ဆုံးအဆင့် Phase 3 ကို စမ်းသပ်တော့မယ်လို့ ဆိုပါတယ်။
ရုရှားက ကာကွယ်ဆေးအောင်ပြီလို့ ကြိုအော်ထားပြီး အခုမှ Phase 3 ကို စမ်းဖို့လုပ်နေတယ်။
ဘာပဲပြောပြော ကာကွယ်ဆေးအတွက် ကြိုးပမ်းနေတဲ့ ကုမ္ပဏီအားလုံးက အခြေအနေကောင်းတယ်လို့ပြောနေတာ ဝမ်းသာစရာပါပဲ။
ကိုယ့်ငါးချဉ်ကိုယ်ချဉ်ကြတာလား တကယ်ကောင်းတာလားဆိုတာ နောက်ဆုံးအဖြေပေါ်မှာပါ။
Richard Myo Thant
21-July-2020

Spread the love
  •  
  •  
  •  
  •  
  •  
  •