ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ လက်နက်ကိုင်ဆောင်ထားသူ ၃ ဦးအား ဖမ်းဆီး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ လက်နက်ကိုင်ဆောင်ထားသူ ၃ ဦးအား ဖမ်းဆီး

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၄ ရက် နေ့လည်ပိုင်းတွင် လူအုပ်စု(၂)စု ဝိုင်းဖွဲ့ခိုက်ရန်ဖြစ်ပွား မည်ဟု သတင်းရရှိသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက သတင်းရရှိသည့်နေရာတစ်ဝိုက် စောင့်ကြည့် ဆောင်ရွက်နေစဉ် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၆၆)ရပ်ကွက်၊ ဧရာဝဏ်လမ်းဘေးတွင် မော်တော်ယာဉ် ၁ စီးနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၆၆)ရပ်ကွက်နေသူများဖြစ်သည့် မြရွှေ(၆၁)နှစ်၊ မျိုးကိုကို(၂၈)နှစ်နှင့် ဖြိုးသူအောင်(၂၉)နှစ်တို့ ၃ ဦးအား မသင်္ကာဖွယ်တွေ့ရှိ စစ်ဆေးရှာဖွေခဲ့ရာ ဖြိုးသူအောင် လွယ်ထားသော လွယ်အိတ်အတွင်းမှ ၉မမ ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၎င်းကျည် ၁၀ တောင့်၊ မျိုးကိုကို လွယ်ထားသော လွယ်အိတ်အတွင်းမှ ပွိုင့် ၂၂ ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၎င်းကျည် ၁၂ တောင့်နှင့်  ဓားဦးချွန် ၁ ချောင်းတို့အား သိမ်းဆည်းရမိခဲ့ကြောင်း၊

စစ်ဆေးချက်အရ ၎င်းတို့ ၃ ဦးသည် လောင်းကစား ပြုလုပ်ကြသူများဖြစ်ပြီး နယ်မြေဒေသအသီးသီးသို့ လှည့်လည်၍ လောင်းကစားပြုလုပ် ကြကြောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၀)ရပ်ကွက်နေ အမျိုးသားတစ်ဦးမှ ၎င်း၏သားဖြစ်သူ အရိုက်ခံခဲ့ရသဖြင့် လာရောက်ခြိမ်းခြောက် ကြိမ်းမောင်းပြောဆိုခဲ့သည်ကို မကျေနပ်သောကြောင့် ခိုက်ရန်ပြုရန်အတွက် သေနတ်များ သိုဝှက်ယူဆောင်၍ တစ်ဖက်အဖွဲ့အားစောင့်နေစဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိပြီး သေနတ်ရရှိမှုအခြေအနေနှင့် ပတ်သက်၍ ကွင်းဆက်တရားခံတစ်ဦးအား ဖမ်းဆီးစိစစ်လျက်ရှိပါသည်။

ကိုဗစ်-၁၉ ရောဂါကာလအတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကာကွယ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေး ထိန်းချုပ် ဆောင်ရွက်နေချိန်တွင် လက်နက်ကိုင်ဆောင် ဥပဒေမဲ့ပြုမူလုပ်ကိုင်နေထိုင်ခြင်းများကို အချိန်မှီဖော်ထုတ် ထိန်းသိမ်း၍ ပြည်သူလူထုအတွင်း မလိုလားအပ်သည့်ပြဿနာများ မဖြစ်ပေါ်စေရေး အလေးထား ဆောင်ရွက်လျက်ရှိကြောင်း အသိပေးအပ်ပါသည်။

Credit ရဲဇာနည်


Spread the love
  •  
  •  
  •  
  •  
  •  
  •