ဒလနှင့် ဆိပ်ကြီးခနောင်တို ဆက်သွယ်မည့် တွံတေးတူးမြောင်းကူး တံတားတစ်စင်း တည်ဆောက်မည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ဒလနှင့် ဆိပ်ကြီးခနောင်တို ဆက်သွယ်မည့် တွံတေးတူးမြောင်းကူး တံတားတစ်စင်း တည်ဆောက်မည်

ရန်ကုန် ဇူလိုင် ၃၁

ရန်ကုန်တိုင်းတောင်ပိုင်းခရိုင်အတွင်းရှိ ဒလမြို့နယ်နှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်တို့သို့ ဆက်သွယ်မည့် တွံတေး တူးမြောင်းကူး တံတားတစ်စင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မှ စတင်ပြီး ပြည်ထောင်စုရန်ပုံငွေဖြင့် အကောင်အထည်ဖော် တည်ဆောက် သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်သည် ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိပြီး အကျယ်အဝန်းမှာ ၃.၀၄ စတုရန်းမိုင် ကျယ်ဝန်း ပြီး အရှေ့မှ အနောက်သို့ ၃.၂ မိုင် ရှိပြီး၊ တောင်မှ မြောက်သို့ ၂.၃ မိုင် ရှည်လျားသည်။ မြို့နယ်၏ အရှေ့ဘက်တွင် ရန်ကုန်မြစ် နှင့် ဒလမြို့နယ်၊ အနောက်ဘက်တွင် တွံတေးမြို့နယ်၊ တောင်ဘက်တွင် တွံတေးမြို့နယ် နှင့် ဒလမြို့နယ်၊ မြောက်ဘက်တွင် ရန်ကုန်မြစ်နှင့် ကြည့်မြင်တိုင်မြို့နယ်တို့နှင့် ထိဆက်လျက်ရှိကြောင်းသိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိက ဝန်ထမ်းများ၊ အထွေထွေလုပ်သားများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများစွာတို့သည် နေ့စဉ်နှင့်အမျှ စီးပွားရေး မြို့တော် ရန်ကုန်မြို့သို့ ရေလမ်းကြောင်းခရီးဖြင့်သော စက်တပ်သမ္ဗန်များဖြင့်သာ ယနေ့အချိန်ထိ ကူးသန်းသွားလာ ကြရဆဲပင်ဖြစ်သည်။ နွေရာသီတွင် သောက်သုံးရေရှားပါးမှုဒဏ်၊ မိုးရာသီမှာ လေဒဏ်၊ မိုးဒဏ်၊ လှိုင်ဒဏ်နှင့် ဆောင်းရာသီကာလတွင် မြူနှင်းပိတ်မှုကြောင့် ခရီးသည်ပြည်သူများစွာ တို့မှာ အသက်အန္တရာယ်နှင့်ရင်းပြီး ရန်ကုန်မြို့ရှိ လုပ်ငန်းခွင်အသီးသီး သို့ မိုးလင်းမှ မိုးချုပ်အချိန်ထိ ရန်ကုန်မြစ်အတွင်း စုန်ဆန်သွားလာ နေရခြင်းဖြစ်သည်။

ဒလမြို့သူမြို့သားများအတွက် (ဒလ) မြစ်ကူးတံတားကြီးသည် အိမ်မက်တံတားကြီး တစ်စင်း ဖြစ်သလို ဒလမြို့နယ် နှင့် ဆိပ်ကြီးခနောင်တို မြို့နယ်အချင်းချင်း ဆက်သွယ်ပေါင်းကူးပေးမည့် တွံတေးတူးမြောင်းပေါ်မှ ဖြတ်သန်း သွားလာနိုင်သော တံတားတစ်စင်း သည်လည်း ဆိပ်ကြီးခနောင်တိုမြို့သူမြို့သားများ၏ အိမ်မက်တံတား တစ်စင်းပင် ဖြစ်ပေသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်သည် ရန်ကုန်မြစ်တစ်ဖက်ကမ်းနှင့် တွံတေး တူးမြောင်းနှင့် ခနောင်တိုချောင်း ဆုံရာတွင် တည်ရှိပြီး တွံတေး တူးမြောင်းကို ဖြတ်ကျော်ပြီး ဒလမြို့နယ်နှင့် ချိတ်ဆက်၍ ကူးသန်းသွားလာနိုင်မည့် တံတား တစ်စင်းမှာ လိုအပ်လျက်ရှိရာ လက်ရှိအချိန်တွင် တံတားတည်ဆောက်မည့် မြေနေရာအား သက်ဆိုင် ရာများနှင့် ညှိနှိုင်း ပေါင်းစပ်မှုများ၊ လေ့လာဆန်းစစ်မှုများ ပြုလုပ် လျက်ရှိပြီး ဇူလိုင်လ ၉ ရက်နေ့က တံတား တည်ဆောက်မည့် လမ်းအူကြောင်းမြေနေရာအား ဒလမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိန်မြအေး၊ ဆိပ်ကြီး ခနောင်တို မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ထွေး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဒေါ်စန္ဒာမင်း၊ ဦးထွန်းရင်၊ ဦးထွေးတင် နှင့် တံတားဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှုခဲ့ကြသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်နဲ့ ဒလမြို့နယ်တို့သို့ ဆက်သွယ်တည်ဆောက် မည့် တွံတေးတူးမြောင်းကူး တံတား အမျိုးအစားမှာ သံမဏိ သံပေါင် တံတား၊ ၂ လမ်းသွားဖြစ်ပြီး၊ ဂျပန်နိုင်ငံ၌ နောက်ဆုံး တည်ဆောက် နေသော တံတားဒီဇိုင်းဖြင့် တည်ဆောက် သွားမည်ဖြစ်ကြောင်း၊ တံတား အရှည် ၇၇၅ မီတာ၊ အကျယ် ၁၀ မီတာ၊ ချဉ်းကပ်လမ်း အပါအဝင် စုစုပေါင်း အရှည် ၂၅၄၂ ပေ ရှိပြီး စုစုပေါင်း ငွေကျပ် ၂၅ ဘီလီယံ ကုန်ကျမည်ဖြစ်ရာ အဆိုပါတံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားတည်ဆောက်ရေး အဖွဲ့(၁) မှ တည်ဆောက် သွားမည်ဖြစ်ကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် ငွေကျပ်သိန်း ၅၀၀၀ ချထားပေးခဲ့ပြီး ယခုအခါ မြေနေရာ ရှင်းလင်းခြင်း၊ စီမံကိန်းနေရာ သတ်မှတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

သတင်းနှင့်ဓာတ်ပုံ – နိုင်လင်းကျော်(ဒလ)၊ ဝေယံ

Source – MOI


Spread the love
  •  
  •  
  •  
  •  
  •  
  •