ပြည်သူတွေကို ဆပ်ရမယ့် မေတ္တာကြွေးတွေက အနန္တ (ဒေါ်အောင်ဆန်းစုကြည်)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဒီနေ့အတွက် ဒီအတွေး

“ပြည်သူ” ဆိုတာ ကျွန်မအတွက် တစ်ယောက်လို့လည်း ပြောလို့ရတယ်၊ သောင်း၊ သိန်း၊ သန်း ချီတယ်လို့လည်း ပြောလို့ရတယ်။

တစ်ယောက်ထဲပြောရမယ်ဆိုရင်၊ ဧရာဝတီကမ်းဘေးမှာ (၁၉၈၈ – ၈၉) လောက်က တွေ့ခဲ့တဲ့ ရေလုပ်သား။ သူ့ရဲ့လှေနားမှာ။ ကျွန်မကိုမြင်တော့ ပြောတယ်၊ “ဒေါ်အောင်ဆန်းစုကြည်၊ ကျွန်တော်တို့ ဗမာတွေ ဆင်းရဲပါတယ်” တဲ့။ မျက်နှာက တည်တည်ငြိမ်ငြိမ်၊ သူဘာဆိုလိုတယ်ဆိုတာ ကျွန်မ နားလည်မယ်လို့ ယုံကြည်စိတ်ချပြီးသား။

မုံရွာအထွက်လမ်းမှာ တာဝန်ကျနေတဲ့ တပ်မတော်သားလေးတွေထဲက တစ်ယောက်။ သူ့ဘေးမှာ ရပ်နေတဲ့အမျိုးသမီးက ကျွန်မကို ပန်းစည်းပေးဖို့ စောင့်နေတာ သူပေးပါရစေတဲ့။ အမျိုးသမီးက သူ့ပန်းစည်းကို လက်မလွှတ်ချင်၊ ဘေးကပြည်သူတွေက ဝိုင်းပြီး “ပေးလိုက်ပါ၊ ရဲဘော်လေးပေးပါစေ” တဲ့။ အမျိုးသမီးလည်း မငြင်းနိုင်။ အားလုံးပျော်ကြတယ်။

ကြိုဆိုနေတဲ့ လူအုပ်ထဲမှာ တန်းစီစောင့်နေတဲ့ လယ်သမားကြီးတွေ။ လက်ထဲမှာ လမ်းဘေးပေါက်တဲ့ အရိုင်းပန်းလေးတွေကိုယ်စီနဲ့။ ပန်းလေးတွေကမ်းပေးတဲ့ လက်တွေကို ဆုပ်ကိုင်လိုက်တော့ သစ်သားကြမ်းလို မာနေကြတယ်။ အပြုံးတွေကတော့ အင်မတန်နူးညံ့။

အပြုံးတွေ၊ ပြည်သူတွေရဲ့ အပြုံးတွေ။ လူသူမရှိတဲ့ လယ်ကွင်းတွေ ဘေးလမ်းပေါ်ရပ်ပြီး ကျန်းမာပါစေကြောင်း ဆုတောင်းပေးနေတဲ့ အဖီအိမ်လေး ရှေ့က အဖေ၊ အမေ၊ ကလေးတို့ရဲ့ အပြုံးတွေ။

ခပ်မိုက်မိုက်ဂိုက်ကလေးတွေနဲ့ ဆံပင်ကလည်း ရောင်စုံနဲ့ မြို့ထိပ်က ဆယ်ကျော်သက် လူငယ်များရဲ့ တောက်ပတဲ့ အပြုံးတွေ။

စူးစူးရှရှ ဟစ်အော်၊ နှုတ်ဆက်နေတဲ့ လှပျိုဖြူလေးတွေရဲ့ ဟန်မဆောင် ရယ်ပြုံးတွေ။

ရေတွက်လို့ မရတဲ့ အပြုံးတွေ။ ဘာကိုမှ မတောင်းဆို၊ မေတ္တာဆုတောင်းတွေပဲ ပေးနေကြတယ်။

ကျွန်မတို့ ပြည်သူတွေလေ။ သူတို့ကို ဆပ်ရမယ့် မေတ္တာကြွေးတွေက အနန္တ။

အောင်ဆန်းစုကြည်
စက်တင်ဘာ ၁၈၊ ၂၀၂၀


Spread the love
  •  
  •  
  •  
  •  
  •  
  •