ဒီမိုကရေစီနဲ့ပညာအသိ (ဂျင်မီ)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဒီမိုကရေစီနဲ့ပညာသိ

 

ဖေ့စ်ဘုတ်ပေါ်လာတာရယ်၊အရင်ကထက်ပိုပြီးလွတ်လပ်လာတာရယ်ကြောင့်လူငယ်လူရွယ်လေးတွေဟာကိုယ်ကျွမ်းကျင်ရာဘာသာရပ်ပေါင်းစုံကိုတင်ပြကြဆွေးနွေးကြရင်းအောင်မြင်နေကြတာဟာမုဒိတာပွားစရာပါ။ဒါပေမယ့်စာပေအသိနဲ့တဆင့်ကြားအသိလို့ခေါ်တဲ့သညာသိမှာတင်ရပ်မနေပဲအတွေ့အကြုံအသိနဲ့ကိုယ်တိုင်နားလည်သဘောပေါက်တဲ့ပညာအသိတွေကိုမှန်မှန်ကန်ကန်မျှဝေနိုင်ဖို့လိုပါတယ်။အထူးသဖြင့်နိုင်ငံရေးကိစ္စတွေကိုတို့မယ်ထိမယ်ဆိုရင်အတွေ့အကြုံအသိနဲ့ပညာသိဖြစ်ဖို့လိုပါတယ်။နိုင်ငံရေးဆိုတာဘာသာရပ်အားလုံးပေါင်းချုပ်ထားတာဖြစ်ပါတယ်။အခုလိုရွေးကောက်ပွဲနားနီးလာချိန်မှာပိုပြီးသတိထားရပါတယ်။ဘာကြောင့်လဲဆိုတော့မပြီးဆုံးသေးတဲ့ဒီမိုကရေစီတိုက်ပွဲရဲ့သမိုင်းဆိုင်ရာအားပြိုင်မှူဖြစ်လို့ပါ။အနီနဲ့အစိမ်းဆိုပြီးအလွယ်ကူပြောနေကြတဲ့အလံတွေနဲ့တံဆိပ်တွေမှာလေးနက်တဲ့အဓိပ္ပါယ်တွေရှိနေပါတယ်။နှစ်ပေါင်းများစွာအဖိနှိပ်ခံရသူတွေကိုကိုယ်စားပြုတဲ့သင်္ကေတနဲ့သားစဉ်မြေးဆက်အုပ်စိုးဖိနှိပ်သူတွေကိုကိုယ်စားပြုတဲ့အမှတ်တံဆိပ်တွေကိုတွေ့ရမှာပါ။

လာမယ့်၂၀၂၀ရွေးကောက်ပွဲမှာဘယ်သူမှဆော်သြစရာမလိုပဲအတက်ကြွဆုံးစည်းရုံးရေးသမားတွေဟာအနှေးယာဉ်၊တက္ကစီနဲ့လက်လုပ်လက်စားပြည်သူတွေဖြစ်နေတာကိုတွေ့ရပါမယ်။ဒါဟာပေါ့သေးသေးကိစ္စမဟုတ်ပါဘူး။သူတို့ဟာအာဏာရှင်ခေတ်အဆက်ဆက်အဖိနှိပ်ခံတွေကိုကိုယ်စားပြုပါတယ်။ကိုဗစ်ကာလစီးပွားမကောင်းတဲ့အချိန်မှာတောင်ကိုယ့်ပိုက်ဆံနဲ့ကိုယ်အလံတွေတံဆိပ်တွေဝယ်ပြီးထောက်ခံကြတာဟာအဖိနှိပ်ခံတွေရဲ့တိုက်ပွဲဝင်စိတ်ဓါတ်ကိုဖေါ်ပြနေတာဖြစ်သလိုဖိနှိပ်အုပ်စိုးခဲ့သူတွေကိုမလိုချင်တော့တဲ့အကြောင်းပြသတာလည်းဖြစ်ပါတယ်။ဒါဟာပညာသိလို့မဆိုနိုင်ရင်တောင်သညာသိထက်မြင့်တဲ့အတွေ့အကြုံအသိဖြစ်ပါတယ်။

မှန်ပါတယ်။ကျနော့်ရဲ့နစ်၃၀ကျော်ကြာဒီမိုကရေစီလှူပ်ရှားမှူအတွေ့အကြုံအရရွေးကောက်ပွဲဟာအသွင်ပြောင်းသွားတဲ့ဒီမိုကရေစီတိုက်ပွဲဖြစ်သွားပါပြီ။အဲဒီတိုက်ပွဲမှာဘက်ကလည်းအရင်အတိုင်းနှစ်ဘက်ပဲရှိပါတယ်။ဒီမိုကရေစီလိုချင်တဲ့ဘက်နဲ့ဒီမိုကရေစီမလိုချင်တဲ့ဘက်ပါ။ကြားမရှိပါဘူး။ဒါကိုရှင်းအောင်ကြည့်ဖို့လိုပါတယ်။ဘက်နှစ်ဘက်ကိုကြည့်ပြန်တော့ခေါင်းဆောင်တွေကလည်းမပြောင်းသေးပါဘူး။
နှစ်ပေါင်းများစွာအတိုက်အခံဘဝနဲ့ရုန်းကန်ခဲ့ရတဲ့ဒီမိုကရေစီသမားတွေအာဏာရလာတဲ့သက်တမ်းငါးနှစ်လေးကိုကြည့်ပြီးစိတ်ပျက်တယ်လို့ပြောနေသူတချို့ကိုကျနော်ဒီလိုလေးဆွေးနွေးချင်ပါတယ်။လူဆိုတာကိုယ်မျှော်မှန်းသလိုဖြစ်မလာရင်စိတ်ပျက်တာစိတ်ဓါတ်ကျတာသဘာဝကျပါတယ်။လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်လည်းလူဖြစ်တဲ့အတွက်ဒုက္ခခံနေတဲ့အချိန်တွေမှာစိတ်ပျက်တာစိတ်ဓါတ်ကျတာတွေရှိခဲ့မှာသေချာပါတယ်။နှစ်ရှည်ထောင်ဒါဏ်တွေကျခဲ့တဲ့ကျနော်လည်းစစ်အာဏာရှင်ခေတ်အကြောက်တရားအောက်မှာအမိန့်အတိုင်းလုပ်နေကြတဲ့ပညာတတ်တွေ၊ပါမောက္ခကြီးတွေ၊Eliteတွေ၊ဘက်ပြောင်းတွေ၊ကိုယ်ကျိုးစီးပွားအတွက်ဟိုလိုသည်လိုတွေကိုကြည့်ပြီးစိတ်ပျက်တာ၊စိတ်ဓါတ်ကျတာတွေရှိခဲ့ဖူးပါတယ်။ဘယ်လိုပဲစိတ်ပျက်စိတ်ဓါတ်ကျပါစေဒီမိုကရေစီဘက်ကရပ်တည်တဲ့သာမာန်ပြည်သူအများစုကိုသစ္စာစောင့်သိရမယ်ဆိုတဲ့ယုံကြည်ချက်နဲ့အရာအားလုံးကိုကျော်ဖြတ်ပြီးအသက်ရှင်ခဲ့တာပါ။

ကျနော့်နိုင်ငံရေးကဒီမိုကရေစီရေးပါပဲ။ဒီမိုကရေစီမှာအမုန်းအာဃာတဆိုတာမရှိရပါဘူး။လွှတ်တော်နဲ့အစိုးရမှာပြည်သူရွေးချယ်တင်မြှောက်တဲ့ကိုယ်စားလှယ်၁၀၀%ဖြစ်တဲ့နေ့မှာကျနော်ဘယ်ပါတီဘက်မှာမှမရှိတော့တာသေချာပါတယ်။အခုတာ့နှစ်ပေါင်းသုံးဆယ်ကျော်ဒီမိုကရေစီကိုသစ္စာရှိခဲ့တဲ့ဒ်ါအောင်ဆန်းစုကြည်ဘက်မှာကျနော်ရှိနေပါမယ်။

ချုပ်ပြီးပြောရရင်ယနေ့အချိန်အထိဒီမိုကရေစီလိုချင်သူနဲ့ဒီမိုကရေစီမလိုချင်သူတို့ရဲ့ဘက်နှစ်ဘက်တိုက်ပွဲဖြစ်နေဆဲပါ။ကြားမရှိပါဘူး။ဒီနေ့အထိရွေ့ခဲ့တဲ့အရွေ့တွေဟာတိုက်အားတွန်းအားတွေကြောင့်ရွေ့ခဲ့တာပါ။တချို့တွေဥပမာပေးကျေးဇူးတင်နေတဲ့နေတဲ့ဖုန်းဆင်းကဒ်တကဒ်ကို၁၅၀၀ကျပ်ဖြစ်ဖို့လူထုကမ်ပိန်းတွေအများကြီးလုပ်ပြီးတိုက်ခဲ့ရဖူးတဲ့သမိုင်းကလတ်လတ်ဆတ်ဆတ်ကြီးရှိပါတယ်။ဒါကြောင့်ကိုယ်မျှော်မှန်းထားသလိုမဖြစ်လို့စိတ်ပျက်တာစိတ်ဓါတ်ကျတာတွေရှိပေမယ့်ဒီမိုကရေစီဘက်ကဝင်တိုက်ပေးကြပါလို့ကျနော်တောင်းဆိုပါတယ်။
လူ့ဘဝမှဘယ်အရာမှပြီးပြည့်စုံတာမရှိပါဘူး။အကောင်းဆုံးကိုပဲလုပ်ကြရတာပါ။

ဂျင်မီ
၁၅စက်တင်ဘာ၂၀၂၀


Spread the love
  •  
  •  
  •  
  •  
  •  
  •