ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး၊ လှမ်းလင့်ဝင့်ထည် ချီတက်ရေးဆီသို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ တိုင်းရင်းသား ပြည်သူအားလုံး၏ စုပေါင်းအင်အားများဖြင့် –

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး၊
လှမ်းလင့်ဝင့်ထည် ချီတက်ရေးဆီသို့၊
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ တိုင်းရင်းသား ပြည်သူအားလုံး၏ စုပေါင်းအင်အားများဖြင့် –

၁၉၄၇ ပင်လုံညီလာခံ မှ သဘောတူညီမူ (၉) ချက်မရသေးခင်မှာ၊
ရှမ်း၊ကချင် နှင့် ချင်းတိုင်းရင်းသားများ၏ ဆွေးနွေးသဘောတူမူ မှတ်တမ်းတစ်ချို့ကို၊
ပထမဦးစွာ ရေးသားတင်ပြပါရစေ၊

ပင်လုံညီလာခံတွင် ကချင်မှတက်ရောက်ရန်ကိုယ်စားလှယ် ရှစ်ဦးကိုရွေးချယ်ပြီး၊
ပင်လုံညီလာခံတွင် တင်ပြရန်အချက်များ၊
(၁) ဗမာနှင့်အတူ လွတ်လပ်ရေးရယူရန်၊
(၂) လွတ်လပ်ရေးရပြီးနောက် ကချင်လူမျိုးများလိုလားသော ကချင်ပြည်နယ်ကို သတ်မှဖွဲ့စည်းရန်၊
(၃) ယင်းကချင်ပြည်နယ်တွင် မြစ်ကြီးနားခရိုင်နှင့်
ဗန်းမော်ခရိုင်များပါဝင်ရန်၊
(၄) ကချင်နှင့် ဗမာ နှစ်ဦးသဘောတူညီချက်အရ
ကချင်ပြည်နယ်၏ နယ်နိမိတ်ကိုသတ်မှတ်ရန်၊
(၅) ကချင်လူမျိုးများရရှိခံစားထိုက်သောအခွင့်အရေးများကို ခံစားနိူင်အောင် တောင်တန်းဒေသ အုပ်ချုပ်ရေး ဆိုင်ရာအခွင့် အာဏာများအားလုံးကို လွဲပြောင်းရယူပြီး လွတ်လပ်ရေးမရရှိမှီက ဖွဲ့စည်းထားသော ဗမာ(ပြည်မ) အစိုးရအဖွဲ့တွင် ဝန်ကြီးတစ်နေရာ ရရှိရန် အတွက်ကိုယ်စားလှယ်တစ်ဦးပါဝင်ရန်၊
(က) ကချင်ဝန်ကြီးသည် ပေါ်ထွန်းလာမည့် ကချင်ပြည်နယ်၏အုပ်ချုပ်ရေးကို တာဝန်ယူရန်၊
(ခ) နိုင်ငံခြားအစိုးရနှင့် ပေါ်ထွက်လာမည့် ပြည်ထောင်စုအစိုးရတို့၏ ဆက်သွယ် ဆက်ဆံရေး ဆွေးနွေးပွဲများတွင်ပါဝင်ဆွေးနွေးခွင့်ရရှိရန်၊
(ဂ) ပြည်ထောင်စုအစိုးရ ကာကွယ်ရေးဝန်ကြီးကို
အကြံဉာဏ်ပေးနိုင်ရန်အတွက် ကချင်ကိုယ်စားလှယ်တစ်ဦးထားရှိရန်၊

(၆) ပြည်ထောင်စုမြန်မာနိုင်ငတော်၏ံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရာတွင်
ကချင်နှင့် ရှမ်းကိုယ်စားလှယ်များပါဝင်ရန်၊
(၇) လွတ်လပ်ရေးရပြီးနောက် ကချင်ပြည်နယ်အပါအဝင်ဖြစ်သောပြည်ထောင်စုမြန်မာနိုင်ငံကို အတူဖွဲံ့စည်းရန်၊
(၈) ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်၊
ငွေကြေးအထောက်အပံ့ ပေးရန်၊
(၉) အထက်ပါအချက်အလက်များကို အခြားတောင်တန်းဒေသများမှ ကိုယ်စားလှယ်များလည်း လက်ခံလာအောင်ရှင်းလင်းပြရန်၊
တို့ ဖြစ်ပါတယ်။

(5-2-1947) နေ့တွင် –
ပင်လုံ၌ ရှမ်းစော်ဘွားများနှင့်တွေ့ဆုံပြီး ကချင်၊ရှမ်းအစည်းအဝေးပြုလုပ်ခဲ့ရာတွင် ရှမ်းစော်ဘွားများက ဗမာနှင့်အတူ လွတ်လပ်ရေး မယူလိုကြောင်း၊
ဗြိတိသျှ၏ တောင်တန်းဒေသ အုပ်ချုပ်မူအောက်တွင်ဆက်နေလိုကြောင်း၊
သို့သော် ကချင်ခေါင်းဆောင်များ၏ သဘောထားကိုသိရှိပြီးမှ အခိုင်အမာဆုံးဖြတ်လိုကြောင်း၊
ဟူသော သူတို့၏ သဘောထားကိုရှင်းပြကြပါတယ်၊
ဤတွင် ကချင်ခေါင်းဆောင် ဆမားဒူဝါဆင်ဝါးနောင်မှ –
ကချင်များယူလာသောစာထဲမှ အဓိကအချက် သုံးချက်ကိုရှင်းပြခဲ့ပါတယ်၊
(၁) ဗမာနှင့်အတူလွတ်လပ်ရေးယူရန်၊
(၂) လွတ်လပ်ရေးယူပြီးနောက် ရှမ်း၊ကချ င် ပြည်နယ်များကို သတ်မှတ်ယူပြီး မိမိပြည်နယ်ကို မိမိအုပ်ချုပ်ရန်၊
(၃) ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်ပါဝင်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို ထူထောင်ရန်တို့ ဖြစ်ပါတယ်၊

(6-2-1947) နေ့၌
ရှမ်း၊ကချင်စည်းဝေးပွဲကို ပြန်လည် ကျင်းပရာတွင် ရှမ်းစော်ဘွားများနဲ့အတူ ရှမ်းအမျိုးသားလူငယ်ခေါင်းဆောင်များလည်းပါဝင်လာ၍ ရှမ်းခေါင်းဆောင်များအနေနဲ့လည်း ကချင် နည်းတူ ဗမာနှင့် လွတ်လပ်ရေး အတူယူပြီး ပြည်ထောင်စုဖွဲ့ရန် သဘောတူ လက်ခံကြောင်း ကို ကချင်ကိုယ်စားလှယ်များရှေ့တွင်
အတိအလင်း ဆုံးဖြတ်ပြောဆိုခဲ့ပါတယ်၊

ပင်လုံညီလာခံသို့မသွားခင်
ဗိုလ်ချုပ်အောင်ဆန်းသည်ကချင်သို့သွားရောက် ညှိနှိုင်း ရှင်းပြ သဘောတူမူ ရယူခဲ့ ခြင်းနှင့်
ကချင်ခေါင်းဆောင်များ၏ ပင်လုံသို့ သယ်ဆောင်လာသည့် သဘောထား စာတမ်းများ၏ အရေးပါခဲ့ မူအား ၊
ဒေါ်အောင်ဆန်းစုကြည် ပင်လုံညီလာခံနှင့်
ကချင်ဆက်နွယ် စတင်မူကို ပြောသွားခြင်းသည်၊
ထိုသဘောကို ပြောဆိုခြင်းဟု စာရေးသူမှ ထင်မှတ်ပါတယ်၊
(ဒါကို တစ်ချို့မှ ဂဃနဏ မလေ့လာကြပါဘဲ ဒေါ်အောင်ဆန်းစုကြည်အား ဟိုဟို ဒီဒီ ရေးနေကြသူများကိုလည်းတွေ့နေရပါတယ်)၊

ကချင် ၊ရှမ်း အစည်းဝေးသဘောတူမူ –
(၁) ဗမာနှင့် အတူလွတ်လပ်ရေးရယူရန်၊
(၂) မြန်မာနိုင်ငံအစိုးရအဖွဲ့တွင် ရှမ်းနှင့် ကချင် ကိုယ်စားလှယ်တစ်ဦးစီပါဝင်၍
ယင်းပုဂ္ဂိုလ်များသည် မိမိပြည်နယ်အုပ်ချုပ်ရေးတာဝန် များကို ရယူရန်နှင့် မြန်မာနိုင်ငံအစိုးရသည် နိုင်ငံခြားရေးနှင့် ကာကွယ်ရေးကိုသာတာဝန်ယူရန်၊
(၃) လွတ်လပ်ရေးရယူပြီးနောက် ကချင်နှင့် ရှမ်းတို့သည် ပြည်ထောင်စုမှခွဲထွက်လိုက ခွဲထွက်ခွင့်ရှိရန်၊
တို့ ဖြစ်ပါတယ်။

ခွဲထွက်ခွင့်နဲ့ ပတ်သက်သော အခွင့်အရေးကို ၁၉၄၇ အခြေခံ ဥပဒေ အခန်း(၁၀) ၌
ပုဒ်မ( ၂၀၁ မှ ၂၀၆ ) အထိ ပုဒ်မ (၇)ခု၊
ဖြင့်ပြဌာန်းထားသော်လည်း၊
ကချင်ပြည်နယ် အစိုးရအောက်ရှိ၊ပုဒ်မ (၁၇၈) တွင် ဤအခြေခံဥပဒေ၏၊
အခန်း(၁၀) ရှိ ပြဌာန်းချက်များသည်
ကချင်ပြည်နယ်နှင့် မသက်ဆိုင်ရ၊
ဆိုပြီး ထပ်မံပြဌာန်းထားတာကိုလည်းတွေ့ရပါတယ်၊
ဘာကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်း ပြဌာန်းထားရပါသလဲဆိုသည်မှာ –
ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရပြီးနောက်
ဦးနုသည် ဖဆပလဥက္ကဌ တာဝန်ကိုထမ်းဆောင်သည့်အခါတွင် ၊
ဗြိတိသျှအစိုးရထံမှ လွတ်လပ်ရေးအမြန်ရရှိရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဦးဆောင်ရေးဆွဲခဲ့စဉ်၌ မြစ်ကြီးနားခရိုင်နှင့်ဗန်းမော်ခရိုင်တို့ကို ပေါင်းစည်းပြီး၊
ကချင်ပြည်နယ်သတ်မှတ်ပေးရန် သဘောတူဆုံးဖြတ်ချက်အပေါ် ၊
ရှမ်းခေါင်းဆောင် ဦးဖိုးထီနှင့်ဦးဖိုးရင်တို့က၊
မြစ်ကြီးနားခရိုင်နှင့်ဗန်းမော်ခရိုင်တို့တွင် ကချင်လူမျိုးများသာနေထိုင်တာမဟုတ်ကြောင်း၊ ရှမ်းလူမျိုးများလည်းအမြောက်အများနေထိုင်လျက်ရှိကြကြောင်း၊
ထို့ကြောင့်၎င်းဒေသကို ကချင်ပြည်နယ်သတ်မှတ်ပေးတာကိုသဘောမတူကန့်ကွက်ကြောင်း၊ ညီလာခံ၌တင်ပြကြပါတယ်၊
ထိုအခါ ဖဆပလ ခေါင်းဆောင် ဦးနု၏ ပြောဆိုဖျောင်းဖျမူအား ရှမ်းခေါင်းဆောင်အချို့က၊ ရှမ်းနဲ့ ကချင်များဟာ ဘယ်သောအခါမှ ပြသနာကြီးကြီးမားမား မပေါ်ပေါက်ခဲ့ကြဘူးပါ၊
ရှမ်းနဲ့ကချင် အတူတူနေကြပါမယ်ဟု
ကချင်ပြည်နယ်အဖြစ်သဘောတူလက်ခံခဲ့ကြပါတယ်၊
ထိုအခါမှာ ဦးနုသည် ကချင်များကိုပြည်နယ်သတ်မှတ်ပေးသည့်အတွက် လွတ်လပ်ရေးရပြီးတဲ့အခါမှာ ကချင်တိုင်းရင်းသားများသည် ပြည်ထောင်စုကြီးမှ
မခွဲထွက်ပါရန် ကချင်ခေါင်းဆောင်များထံ ဂတိတောင်းခဲ့ရာ၊
ကချင်ခေါင်းဆောင်များကလည်း လက်ခံသဘောတူခဲ့ကြပါတယ်၊
သို့ကြောင့် (၁၉၄၇) ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ကချင်ပြည်နယ်ကို ပြည်ထောင်စုမှ ခွဲထွက်ပိုင်ခွင့်ကို ထည့်သွင်း မထားခြင်းဖြစ်ပါတယ်ဟု ဖတ်မှတ်ရပါတယ်။
ထို့ကြောင့် (၁၉၄၈)ခုနှစ်၊ဇန်နဝါရီလ(၄) ရက်နေ့
လွတ်လပ်ရေးရပြီး၊
(၆)ရက်အကြာ၊ဇန်နဝါရီလ(၁၀) ရက်နေ့တွင်
ကချင်ပြည်နယ်ကို တရားဝင်မွေးဖွားပေးလိုက်ကာ၊
ကချင်ပြည်နယ်နေ့ရယ်လို့သမိုင်းဝင်သတ်မှတ်ခေါ်ဝေါ်လာခဲ့တာ မြန်မာနိုင်ငံလွတ်လပ်ရေးရသော သက်တမ်းနဲ့အတူတူ(၇၃)နှစ်တိုင်ခဲ့လေပြီ။

(၁၉၄၇) ပင်လုံညီလာခံမှ သဘောတူညီချက်(၉)ခု လက်မှတ်ထိုးချက် အကြိုဆွေးနွေးမူ၊
ဖြစ်စဉ်များကို ပြန်စလိုက်ကြရအောင်၊

(7-2-1947) နေ့-
ရှမ်း၊ကချင်၊ချင်း တိုင်းရင်းသားများ၏အစည်းဝေးပွဲကို ကျင်းပခဲ့ ပြီး သဘောတူညီချက်မှာ –
(၁) ဗမာများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ရှမ်း၊ကချင် နှင့်ချင်း လူမျိုးများ၏ လွတ်လပ်ရေးကို ပိုမိုလျှင်မြန်စွာ ရရှိနိုင်လိမ့်မည်ဟုယုံကြည်ကြောင်း၊
(၂) ဒီမိုကရေစီ စနစ်အရ ဗမာလူမျိုးများရရှိခံစားရသော အဆင့်အတန်း၊အခွင့်အရေးနှင့် အကျိုးစီးပွားများကဲ့သို့ ရှမ်း၊ကချင်၊ချင်းလူမျိုးများလည်း ရရှိခံစားနိုင်ရန် လိုလားကြောင်း၊
(၃) ရှမ်း၊ကချင်နှင့် ချင်း အမူဆောင်ဝန်ကြီးများသည် မိမိတို့နှင့် သက်ဆိုင်ရာပြည်နယ်အရေး ကိစ္စအဝဝ တို့တွင် မိမိတို့သာလျှင် တာဝန်ခံ၍ အများနှင့် သက်ဆိုင်သောကိစ္စ ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေး၊ နိုင်ငံခြားဆက်ဆံရေး၊ မီးရထားနှင့် ဆိပ်ကမ်းခွန် စသည်တို့ကို ဗမာတို့နှင့် ပူးပေါင်းတာဝန်ယူလိုကြောင်း၊
ဟူ၍ သဘောတူညီခဲ့ ကြပါတယ်။

စာရေးသူ ယခုအထိရေးသားတင်ပြမူတို့သည်
(12-2-1947) ပင်လုံညီလာခံကြီး မစခင်ရက်ပိုင်းမှာ၊
ထိုစဉ်က တောင်တန်းဒေသများဟူ၍ ဗြိတိသျှ မှသတ်မှတ် ခွဲခြား အုပ်ချုပ်ထားသော
ရှမ်း၊ကချင်နှင့် ချင်း တိုင်းရင်းသား များ၏
သဘောထားများပင်ဖြစ်ပါတယ်။

ယခုခေတ်ကာလ အခြေအနေတွင် မိမိတို့၏ ပြည်ထောင်စုကြီး တခွင်လုံးတွင် တိုင်းရင်းသားများ၏ ဒေသအသီးသီး၌ လူမျိုးစု ပြသာနာများမှာ ရှိနေကြတာကိုလည်းတွေ့နေရပါတယ်၊
ဥပမာ – ကချင်ပြည်နယ်တွင် ကချင်မျိုးနွယ်စုများဖြစ်ကြသည့် ဂျိန်းဖော၊ လီဆူ၊ ရဝမ်၊ လော်ဝေါ်(လဝေါ်)၊ လာချိဒ် နှင့် ဇိုင်ဝါး တို့၏ အချင်းချင်းမကြေမလည်ဖြစ်နေမူများအပြင်၊
ကချင်ပြည်နယ်တွင် လူဦးရေ၏ (၂၄ )ရာခိုင်နှုန်းရှိသော မူရင်းဇာတိ ဘွားနေထိုင်ကြပါသော ရှမ်းတိုင်းရင်းသားများနှင့် ဖြစ်နေကြသောမကြေလည်မူများသည် လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလ ပင်လုံညီလာခံ ကထဲက ပင်ဖြစ်ပါတယ်၊

အခြား ဒေသများတွင်လည်းမျိုးနွယ်စုကြီး၊ငယ်ပြသနာများ၊နယ်မြေဧရိယာပြသနာများ ၊ ဒေသအတွင်း မကြေလည်မူများက အနည်းနဲ့ အများပင်ဖြစ်ပါတယ်၊
သို့ ကြောင့် ရွေးချယ်ခံပြည်ထောင်စုအစိုးရ အားကောင်းဘို့လိုပေသည်၊
ဒီမိုကရေအခွင့်များနဲ့တကွဖက်ဒရယ်ပြည်ထောင်စုနဲ့သက်ဆိုင်သော ဆောင်ကျဉ်းပိုင်ခွင့် ဥပဒေများနဲ့အတူ ဖြစ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးများအား ကာကွယ်နိုင်မည့် ဥပဒေများကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းပြဌာန်းနိုင်စေဘို့လည်း လိုအပ်ပါတယ်၊
ပြည်ထောင်စုကြီးအား မပြို မလဲဘဲ စည်းလုံးညီညွတ်၍ အားကောင်းသောဖက်ဒရယ် ပြည်ထောင်စုကြီးအဖြစ် နိုင်ငံရေး အုပ်ချုပ်ရေးစနစ်ကောင်းမွန်အထိုင်ကျသော၊
အကျိုးအကြောင်းဆီလျော်ပြီး မှန်ကန်ထက်မြက်ပြီး၊လျော်ကန် သင့် မြတ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အတူ မိမိတို့ပြည်ထောင်စုကြီးအား ထိန်းကြောင်းနိုင်မည့် ဥပဒေများရှိနေစေရန်လိုအပ်လာပါပြီ၊

ပြည်ထောင်စုတစ်ခုလုံးအား လွှမ်းခြုံနိုင်မူ အခွင့်အာဏာရှိသည့် ပြည်ထောင်စုအစိုးရ ဖွဲ့စည်းနိုင်ခွင့် ရရှိ သွားသည့် အနိုင်ရပါတီ သည် ပြည်ထောင်စုအစိုးရအဖွဲ့၌
ပထမခြေလှမ်းအဖြစ်အနိုင်ရပြည်နယ်ကိုယ်စားပြုတိုင်းရင်းသားများနှင့် ညှိနှိုင်းဆွေးနွေး၍ တိုင်းရင်းသားများကို ထည့်ဝင်ဖွဲ့ စည်းနိုင်ဘို့လိုအပ်ပါတယ်၊
အဘယ်ကြောင့် အနိုင်ရတိုင်းရင်းသားကိုယ်စားပြုဟု ခေါ်ဝေါ်ရခြင်းမှာ ပြည်နယ်တိုင်းရင်းသားဒေသများ၌ ရွေးကောက်ပွတွင် အနိုင်မရသောဒေသတွင်းပါတီများရှိနေကြခြင်းနှင့်လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များလည်းရှိနေကြခြင်းတို့ကြောင့်ပင်ဖြစ်ပြီး၊
အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှလည်းဘဲ၊ ရွေးကောက်ပွဲတွင် အနိုင်ရသည် ဖြစ်စေ၊ အနိုင် မရသည်ဘဲ ဖြစ်စေ၊
တိုင်းရင်းသားပါတီအားလုံးကို၊
မိမိတို့အားလုံးနှင့်သက်ဆိုင်သော၊
မိမိတို့တိုင်းရင်းသား ပြည်သူအပေါင်းမှ ပူးပေါင်းပါဝင်မူအခွင့်အာဏာရှိနေသော၊
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေးကို
အားလုံးမှ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြပါစေရန် ဖိတ်ခေါ်ထားတာကိုတွေ့ကြရမှာဖြစ်ပါတယ်၊
သို့ပါသောကြောင့် သူ့အပိုင်းလိုက်၊
သူ့ကဏ္ဍအလိုက် သွားမယ်လို့ဆောင်ရွက်လိမ့်မည်ဟု မြင်ရပါတယ်၊
သက်ဆိုင်သူအားလုံးမှ အမျိုးမျိုးသော မြည်တွန်တောက်တီးမူတွေ လုပ်နေကြမယ့်အစား ပြည်ထောင်စုကြီးအရေးကို ရိုးသားဖြောင့်မတ်စွာ ပြောဆို ပြမြူ စုပေါင်းဆောင်ရွက်ကြဘို့လိုအပ်လာပါပြီ၊
ဤသည်ကား မိမိတို့ ပြည်ထောင်စုကြီးကို မပြိုမလဲစေသော၊
စုစည်းပြီး စည်းလုံးသည့် စုပေါင်းအင်အားဖြစ်ကာ ပူးပေါင်း စုပေါင်း အင်အားများပင် ဖြစ်ပေသည်။

(1947) ပင်လုံ သဘောတူ စာချုပ်ပါ၊
အချက်(၉) ချက်အား အလျဉ်းသင့်သလိုထပ်မံရေးသားတင်ပြပါမယ်၊

မိမိတို့ အားလုံးလေ့လာ သိရှိဘို့လိုအပ်မူများကိုသိသာကြပါစေရေးသားတင်ပြခြင်းဖြစ်ပါတယ်။
ပင်လုံစာချုပ်နဲ့အတူ ရှမ်း၊ကချင်နှင့် ချင်းတိုင်းရင်းသားများ၏ သဘောတူညီမူ စာချုပ်တွင် ၊
အပိုဒ်(၅) ဘုရင်ခံ၏အမှုဆောင်ကောင်စီကိုတိုးချဲ့မည်ဖြစ်သော်လည်း နယ်စပ်ဒေသများ၏နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုခံစားနေရသောကိုယ်ပိုင်အုပ်ချုပ်ရေးကို မည်သည့်နည်းနှင့်မဆို တစုံတရာလက်လွတ်စေရန်အဆိုပါကောင်စီကပြုလုပ်ခြင်းမရှိစေရ၊
နယ်စပ်ဒေသများအတွက် နယ်တွင်း နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေးရာခိုင်နှုန်း အပြည့်ရှိစေရမည်၊ဟူသောမူကို သဘောတူညီကြသည်။
(ပင်လုံစာချုပ်အပိုဒ်(၅) ပါ အချ က်)
ဆိုလိုသည်မှာ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်ရှိစေရမည် ဟူ၍ ဖွင့်ဆိုမူ မရှိပါ ။
ကိုယ်ပိုင်အုပ်ချုပ်ရေးအပြည့် ရှိစေရမည်၊
ဆိုသည်ကိုသာဆိုလိုရင်းဖြစ်ပါတယ်၊

သို့ပေမယ့် –
(၁၉၄၇) ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊
ပုဒ်(၉၂)(၂) ဖွင့်ဆိုပြဌာန်းထားချက်နဲ့အရ၊
ပြည်နယ်ဥပဒေပြုစာရင်း –
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုင်ရာကိစ္စများ၊
ပြည်နယ်၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
ပြုခြင်း၊(၁/၂/၃/၄) ပြဌာန်းခဲ့သည်ကို တွေ့ရပါတယ်၊

ယခုအခါတွင် (၂၀၂၀)ပြည့်နှစ်၊နိုဝင်ဘာလ(၈)ရက်နေ့တွင်ကျင်းပပြီးခဲ့သော အထွေထွေရွေးကောက်ပွဲ၌ ပြည်သူတစ်ဦးခြင်းမှ လွတ်လွတ် လပ်လပ် ဆုံးဖြတ်ကြကာ၊
ဆန္ဒမဲများပေးထားမူများအား နိုင်ငံရေးပါတီတစ်ချို့မှ တာဝန်ရှိသူများ၏ ပြောဆိုနေကြမူသည် မဲပေးပြည်သူများအား အထင်သေး၊အမြင်သေးဖြင့် ဗိုလ်ကျ စိုးမိုး မထီမဲ့မြင်ပြုမူ ပြောဆိုမူ အခြေအနေများဆီသို့ရောက်ရှိနေတာကို နေ့စဉ်နီးပါးတွေ့နေကြရပါတယ်၊
ရပ်ကြဘို့တေဲာ့လိုလာပါပြီ။

၎င်းအပြင် နိုင်ငံတော်ကြီး၏ အင်စတီကျူးရှင်းဖြစ်သော အဓိက ကာကွယ်ရေးလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် တပ်မတော်မှ ရွေးကောက်ပွဲနှင့်သက်ဆိုင်သော မဲစာရင်းများဟူပြီး ထုတ်ပြန်နေမူများသည် တစ်စ တစ်စ ဖြင့် တရားဥပဒေစိုးမိုးမူကို အနှောင့်အယှက်ဖြစ်လာစေကာ၊
နိုင်ငံရေးနှင့် တိုင်းပြည် တည်ငြိမ်အေးချမ်းမှုကို ထိပါးလာစေပါတယ်၊
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပြဌာန်းထားသည့် တည်ဆဲဥပဒေများ၊နည်းဥပဒေ၊များ၊စည်းမျဉ်းများ၊စည်းကမ်းများ၊အမိန့်ကြော်ငြာစာများ၊အမိန့်များ၊ညွှန်ကြားချက်များနှင့် လုပ်ထုံး လုပ်နည်းများကိုကို ဆန့်ကျင်၊လွမ်းမိုး၊ကျော်လွန်လာတာကိုတွေ့နေရပါတယ်၊
သို့ပါ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ၊
ပုဒ်မ(၂၀)(စ) ဖွင့်ဆိုပြဌာန်းချက်နဲ့အညီ တပ်မတော်မှ –
နိုင်ငံတော်နှင့် ပြည်သူ့အရေး အရာများကို ထောက်ရှု၊ချင့်ချိန် သုံးသပ် ဆင်ခြင်နိုင်ကြစေရန်လိုအပ်လာပါပြီ၊

မိမိတို့အားလုံးသည် ယနေ့ခေတ်ကာလ အခြေအနေနဲ့ မိမိတို့အားလုံး မွေးဖွား မှီတင်းနေထိုင် ပိုင်ဆိုင်သော ပြည်ထောင်စုကြီးအား၊
ထာဝရ ငြိမ်းချမ်းပြီး၊
ဖွံ့ဖြိုးတိုးတက် စည်းလုံးသည့် စုပေါင်းအင်အားများဖြင့် ပြည်ထောင်စုကြီးကို မည်ကဲ့သို့သော နည်းလမ်းများဖြင့် ထူထောင်တည်ဆောက်ကြမှာလည်း ဆိုသည်ကို၊
ညီရင်းအကို မောင်နှမ သားချင်းများ အချင်းချင်း နွေးထွေးစွာညှိနှိုင်း ဆွေးနွေး တိုင်ပင်ဆုံးဖြတ်ကြပါစေကြောင်း တိုက်တွန်း ရေးသား နှိုးဆော် လိုက်ရပါတယ်။

အလေးထားစွာဖြင့်. ကိုသိန်းဌေး ပဲခူး၊
……….(၁၁.၁.၂၀၂၁)……….


Spread the love
  •  
  •  
  •  
  •  
  •  
  •