ဒီးဒုတ်ဦးဘချို၏ မျိုးချစ်စိတ် နှင့် သမိုင်းမှတ်တိုင်များ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဒီးဒုတ်ဦးဘချို၏ မျိုးချစ်စိတ် နှင့် သမိုင်းမှတ်တိုင်များ

——————————————————————-
မြန်မာပြည်ရဲ့ စာပေဟာ နိုင်ငံရေး ရေစီးကြောင်းတွေပေါ်မှာ လိုက်ပြီး ရှင်သန်နေရတာကြောင့် နိုင်ငံရေး အကျပ်အတည်းတွေ ဖြစ်တာနဲ့အမျှ စာပေလွတ်လပ်ခွင့်တွေကိုလည်း ထိခိုက်လေ့ရှိပါတယ်။ ဒီလိုအခြေအနေတွေမှာ နိုင်ငံရေးစာပေ၊ အတ္ထုပ္ပတ္တိစာပေတွေက ကျယ်ကျယ်ပြန့်ပြန့် မထွန်းကားနိုင်ပါဘူး။ ဒါကြောင့်မို့လို့ သမိုင်းမှတ်တမ်းတွေ၊ သမိုင်းဝင်ပုဂ္ဂိုလ်များရဲ့ အကြောင်းအရာတွေကို သိရှိဖို့ဆိုရင် ခက်ခက်ခဲခဲ ရှာဖွေကြရပြီး မှတ်တမ်းမှတ်ရာတွေ ပျောက်ဆုံးကုန်ရတဲ့ ဆုံးရှုံးမှုက တိုင်းပြည်နဲ့လူမျိုးအတွက် ကြီးမားတဲ့ အဆုံးအရှုံးတွေ ဖြစ်ပါတယ်။
ဆရာ ဒီးဒုတ်ဦးဘချို ရဲ့ အတ္ထုပ္ပတ္တိဆိုရင်လည်း ဒီလိုပါပဲ။ ဆရာကွယ်လွန်ပြီး ၃ နှစ်လောက်အကြာမှာ ဆရာ့အတ္ထုပ္ပတ္တိတစ်ခု ပေါ်ပေါက်ဖို့ ဆရာနဲ့ရင်းနှီးကျွမ်းဝင်ခဲ့သူတွေကို ရန်ကုန်မြို့က ဆန်းကဖီးမှာ ဖိတ်ကြားပြီး ဆွေးနွေးတိုင်ပင်ခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမယ့်လည်း နှစ်ပေါင်း ၂ဝ ကျော်တဲ့အထိ ဘာစာအုပ်စာတမ်းမှ ထွက်ပေါ်လာခဲ့ခြင်းမရှိပါဘူး။ နောက်ဆုံး စာရေးဆရာ သင်္ခါရဲ့ ကြိုးပမ်းမှုကြောင့်သာ ‘အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို’ ဆိုတဲ့စာအုပ် ထွက်ပေါ်လာပါတယ်။ အဲဒီစာအုပ် ပထမဆုံးထုတ်ဝေတဲ့ အချိန်မှာ ဆရာဦးဘချို ကွယ်လွန်ခဲ့တာ ၂၉ နှစ်ကျော်ပါပြီ။
ဆရာဦးဘချိုဟာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း အတ္ထုပ္ပတ္တိစာအုပ်မှာ ဖြည့်စွက်ချက်အနေနဲ့ ရေးခဲ့သူဖြစ်သလို ဆရာကြီးနဲ့လည်း နှစ်ပေါင်းများစွာ အမျိုးသားရေးကို အတူတူ လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ ကျောင်းသားဘဝမှာ ပညာတတ် ကောလိပ်ကျောင်းသားတွေနည်းတူ ဘိုကေတိုတို ထားပေမယ့် ပင်နီအင်္ကျီ၊ ပိန်းတန်းဖိနပ်၊ အိမ်တော်ရာ ကတ္တီပါဖိနပ် တို့ကိုပဲ အမြဲတမ်း ဝတ်ဆင်လေ့ရှိပါတယ်။ နောက်ပိုင်းမှာတော့ ဆံပင်အရှည်ထားပြီး ခေါင်းပေါင်းနဲ့ပဲ နေခဲ့ပါတယ်။ ၁၉၂ဝ ကျောင်းသားသပိတ် ပေါ်ပေါက်တဲ့အခါ ဆရာဦးဘချိုက သူလုပ်ကိုင်နေတဲ့ အစိုးရအလုပ်ကနေ ထွက်ပြီး အမျိုးသားကျောင်းဆရာအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ နောက်ပိုင်း အမျိုးသားကောလိပ် တည်ထောင်ပြီးတော့လည်း ပေးနိုင်တဲ့လစာငွေ နည်းလို့၊ လစာမပေးနိုင်လို့ ဆရာတွေ အလျှိုအလျှို ထွက်ကုန်ကြပေမယ့် ဆရာဦးဘချိုက ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့နဲ့အတူ နောက်ဆုံး ကောလိပ် ပိတ်လိုက်ရတဲ့အချိန်ထိ ကျောင်းဆရာအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။
အဲဒီလို လုပ်ဖော်ကိုင်ဖက် ဖြစ်ခဲ့တဲ့အကြောင်းကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းက အာဇာနည်တွေ ကျဆုံးခဲ့ရတဲ့အချိန် ရေးသားခဲ့တဲ့ ‘လွတ်လပ်ရေး ဆောင်းပါးတော်ကြီး’မှာ “၄င်း မောင်ဘချိုမှာ ဆရာနှင့်မကင်း၊ တရှဉ်းသောနွားပမာ မြန်မာပြည် ဂျီစီဘီအေခေတ်၌ အသစ်အဆန်း ဖြစ်ပေါ်လာသော နေရှင်နယ် အမျိုးသားကောလိပ်ကျောင်း၌ ကျောင်းသူကျောင်းသားဟူသမျှတို့အား သင်ကြားပို့ချ ပြသ သွန်သင်ခဲ့ကြရပေကြောင်း” လို့ မစ္စတာမောင်မှိုင်း အမည်နဲ့ ရေးသားခဲ့ပါတယ်။
ဆရာဦးဘချိုဟာ ကိုလိုနီအစိုးရ၊ နိုင်ငံရေးခေါင်းဆောင်တွေ ပတ်သက်တဲ့ အကြောင်းအရာမျိုးစုံကို ဒီးဒုတ်ဂျာနယ်ထဲမှာ ခေါင်းကြီး၊ ဆောင်းပါး၊ သရော်စာ စတဲ့ စာပေးရေးသားနည်း မျိုးစုံနဲ့ ရေးသားခဲ့ပြီး ကလောင်နဲ့ နိုင်ငံရေးတာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ၁၃ဝဝ ပြည့် အရေးတော်ပုံကာလမှာ ရန်ကုန်မြို့လုံးကျွတ် ကျောင်းသားမိဘ အစည်းအဝေးကြီးပြုလုပ်ခဲ့ပြီး အဲဒီအစည်းအဝေးကြီးမှာ ဆရာဦးဘချိုက သဘာပတိအဖြစ် တာဝန်ယူခဲ့ရပါတယ်။ အဲဒီလို အစည်းအဝေးကြီး ပေါ်ပေါက်အောင် လှုံ့ဆော်ခဲ့သူတွေထဲမှာ ဒီးဒုတ်ဂျာနယ်ကလည်း ရှေ့ဆုံးက ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် အစည်းအဝေးပြီးလို့ နောက်တနေ့ရောက်တာနဲ့ မိုးမလင်းခင် ဒီးဒုတ်ဂျာနယ်တိုက်ကို ဝင်ပြီး အိပ်ရာက မနိုးသေးတဲ့ ဆရာ့ကို ဘုရင်ခံရဲ့ လုံခြုံရေး တချက်လွတ်အမိန့်နဲ့ ဖမ်းဆီးပါတော့တယ်။ ဒီလို ဖမ်းဆီးတဲ့အခါ ဆရာကတော်နဲ့ ဆရာ့သမီးတွေက အပြုံးမပျက်ဘဲ ‘တို့ဗမာ’လို့ တောင် အော်ဟစ်လိုက်ကြပါတယ်။ ဒါတင်မကသေးဘဲ “ဂျာနယ်နဲ့ သတင်းစာကို တစ်ယောက်တည်း ကုန်းလုပ်နေရလို့ အဖေ သိပ်ပင်ပန်းပြီး ပိန်နေတာ။ ခုတော့ အနားရသွားတာပေါ့။ ထောင်က ထွက်လာရင် အဖေတော့ ဝ လာမှာပဲ” လို့တောင် ပြောလိုက်ပါသတဲ့။ အဲဒီတုန်းက ဆရာ့ကို ရက်ပေါင်း ၂ဝ ကျော် ထောင်ကြီးချုပ်မှာ ထားခဲ့ပါတယ်။
ဆရာဦးဘချိုဟာ တကယ်လည်း အအိပ်အနေ၊ အစားအသောက် နည်းသူဖြစ်ပါတယ်။ စာရေး စာဖတ် လုပ်ရာမှာလည်း သမာဓိကောင်းသူဖြစ်တယ်လို့သိရပါတယ်။ တီးမှုတ်နေသူကို ညွှန်ကြားနေရင်းနဲ့ တချိန်တည်းမှာ စာဖတ်နိုင်သူဖြစ်ပါတယ်။ ဖဆပလ အလုပ်အမှုဆောင် အစည်းအဝေးလုပ်နေတုန်းမှာတောင် အချိန်အအားရတာနဲ့ စာရေးတတ်သူဖြစ်ပါတယ်။ ဒီလို ထောင့်စေ့အောင် အရည်အချင်းရှိလှတဲ့ ဆရာဦးဘချိုက မြန်မာပြည် လွတ်လပ်ရေးနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်အောင်ဆန်းကို ယုံကြည်အားကိုးသလို ဗိုလ်ချုပ်အောင်ဆန်းကလည်း ဆရာ့ကို ယုံကြည်အားကိုးခဲ့ပါတယ်။ ဒါကြောင့်ပဲ ရာထူးအာဏာ လုံးဝမလိုချင်တဲ့ ဆရာက ဒုတိယ ကမ္ဘာစစ် ပြီးတဲ့အချိန်မှာ ဖဆပလ အဖွဲ့ချုပ်ကြီးရဲ့ ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ယူပြီး လွတ်လပ်ရေးအတွက် စာပေတာဝန်၊ နိုင်ငံရေးတာဝန်တွေကို တပြိုင်တည်း ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။
၁၉၄၇ ခုနှစ် မတ်လမှာ ချင်းတောင် ထီးလင်းမြို့မှာ ချင်းဗမာ ချစ်ကြည်ရေးကျောက်တိုင် စိုက်ထူပွဲ ပြုလုပ်ပါတယ်။ အဲဒီပွဲကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်ကြီးတွေကို ဖိတ်ကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း တောင်တန်းဒေသ အုပ်ချုပ်ရေးကိစ္စတွေ စုံစမ်းဖို့ ရောက်လာကြတဲ့ ဗြိတိသျှ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ ရှိတာကြောင့် ဗိုလ်ချုပ်အောင်ဆန်း မတက်ရောက်နိုင်ပါဘူး။ ဒါကြောင့် ဆရာဦးဘချိုကို သွားရောက်ဖို့ ပန်ကြားခဲ့ပါတယ်။ အဲဒီ ခရီးစဉ်မှာ ချင်းတိုင်းရင်းသားတွေနဲ့အတူ မှတ်တမ်းတင်ထားတဲ့ ဆရာ ဦးဘချိုရဲ့ ပုံရိပ်တွေကို ပြန်ကြည့်မယ်ဆိုရင် ဆရာ့ရဲ့ ရိုးသားတဲ့မျက်နှာကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီတုန်းက အခမ်းအနားမှာ ဆရာပြောခဲ့တဲ့စကားထဲမှာ တန်းတူအခွင့်အရေးနဲ့ပတ်သက်လို့ အခုလို ပြောဆိုခဲ့ပါတယ်။
“ကမ္ဘာပေါ်ရှိ လူမျိုးတိုင်းသည် မည်သည့်တိုင်းပြည် နိုင်ငံတွင်ပင်မဆို အဘယ်လူမျိုးက ကြီးသည်၊ ငယ်သည်၊ နိမ့်သည်ဟူ၍ မရှိဘဲ ကွာခြားချက်တစ်ခုသာ ရှိသည်။ ထိုအချက်မှာ ထိုလူမျိုးအဖို့ အခွင့်အရေး (ရမှု) နှင့် အလေ့အကျင့် (ရှိမှု)သာ ဖြစ်သည်”
စာပေအနုပညာနဲ့ နိုင်ငံရေးလှုပ်ရှားမှုများဟာ သမိုင်းရဲ့လိုအပ်ချက် ရှိလာမယ်ဆိုရင် အမြဲတမ်း ဒွန်တွဲနေသင့်တယ်ဆိုတဲ့အချက်ကို ဆရာ ဒီးဒုတ်ဦးဘချိုက ပြသသွားခဲ့တယ်လို့ ယူဆမိပါတယ်။ ။
(၁၄၊ ၁ဝ၊ ၂ဝဝ၈)

Spread the love
  •  
  •  
  •  
  •  
  •  
  •