ဒေါက်တာဇော်မြင့်မောင် အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေ ပေးအပ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အခြေခံလူတန်းစား အိမ်ထောင်စုများအား ဒုတိယအကြိမ်ထောက်ပံ့ငွေ ပေးအပ်

[ထောက်ပံ့မှုကို မှန်မှန်ကန်ကန်ဖြင့် ပြည်သူ့လက်ဝယ်သို့ရောက်ရှိအောင် ဆောင်ရွက်ပေးစေလိုကြောင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တိုက်တွန်း]

နိုင်ငံတော်အစိုးရက ပေးအပ်သည့် ထောက်ပံ့ငွေများကို ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အခြေခံလူတန်းစား အိမ်ထောင်စုများ လက်ဝယ်ရောက်အောင် ပေးအပ်ရာတွင် စာရင်းအင်းတိကျစွာဖြင့် မှန်မှန်ကန်ကန် ဆောင်ရွက်ပေးစေလိုကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က တိုက်တွန်းပြောကြားသည်။

 

အမရပူရမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် သြဂုတ်လ ၁၅ရက် နံနက်ပိုင်းက ပြုလုပ်သည့် အမရပူရမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများကို နိုင်ငံတော်အစိုးရက ဒုတိယအကြိမ်ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနားတွင် တက်ရောက်လာကြသော ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ဝန်ကြီးချုပ်က ယင်းသို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်ပြီး တစ်အိမ်ထောင်စုလျှင် ငွေကျပ် ၂ဝဝဝဝနှုန်းဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၅၁ အုပ်စုမှ အိမ်ထောင်စု ၂၈၈၄၈ အတွက် ငွေကျပ် သိန်းပေါင်း၅၇ဝဝ ကျော်ကို ပေးအပ်ခဲ့သည်။

 

”ဒုတိယအကြိမ် ထောက်ပံ့တဲ့ ငွေတွေကိုလည်း မှန်မှန်ကန်ကန်ဖြစ်အောင် ဆောင်ရွက်ပေးဖို့ လိုပါတယ်၊ စာရင်းတိကျဖို့ လိုပါတယ်၊ အိမ်ထောင်စုတွေလက်ထဲ ကိုယ်တိုင်ရောက်စေချင်ပါတယ်၊ တိုင်ကြားတာတွေတော့ မရှိစေချင်ပါဘူး၊ ပေးဝေတဲ့အချိန်မှာလည်း လမ်းညွှန်ချက်တွေနဲ့အညီ ဆောင်ရွက်ပေးစေချင်ပါတယ်”ဟုဝန်ကြီးချုပ်က ပြောသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်းတွင် အခြေခံလူတန်းစားများသာမက လူတိုင်းလုပ်ငန်းများ ထိခိုက်မှုရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ဆင်းရဲသည့် နိုင်ငံဖြစ်သည့်အတွက် ချိန်ဆတိုင်းတာပြီးမှ ထောက်ပံ့ရ ကြောင်း၊ ထို့ကြောင့် အိမ်ထောင်စုတိုင်းပေးနိုင်ရန်မှာ များစွာ ခဲယဉ်းသဖြင့် အခြေခံအချက်အလက်များ သတ်မှတ်ပြီး ထောက်ပံ့သည့် အစီအစဉ်ကို လုပ်ဆောင်ရကြောင်းလည်း ဝန်ကြီးချုပ်က ဆိုသည်။

 

”အိမ်ထောင်စုတိုင်းက ထောက်ပံ့မှုလိုချင်တယ်ဆိုတာဖြစ်လာတယ်၊ ဒါတွေကို နားလည်ပါတယ်၊ ဒါပေမဲ့ အစိုးရဘက်မှာ အိမ်ထောင်စုတိုင်း၊ နိုင်ငံသားတိုင်း ပေးဖို့ဆိုတာ အခက်အခဲတွေ အများကြီးရှိပါတယ်၊ ဒီလို ပေးတဲ့အခါမှာ တိုင်စာတွေလည်း အများကြီးရှိပါတယ်၊ အခြေအနေကို သိအောင်လုပ်ရပါတယ်၊ နိုင်ငံတော်က ပေးတဲ့ငွေကို အလေအလွင့် အပြုန်းအတီးမဖြစ်စေချင်ပါဘူး။ မသက်ဆိုင်သူက ကိုယ်ကျိုးအတွက် သုံးတာတွေ လည်း မဖြစ်စေချင်ဘူး၊ ဒါမှ ရတဲ့သူရော ပေးတဲ့သူရော နှစ်ဖက်စလုံး အကျိုးရှိမှာပါ”ဟု ဆက်လက်ပြောကြား သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်မြင့်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေတို့က နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ငွေများကို ပေးအပ်ကြရာ ရပ်ကွက်ကျေးရွာအုပ်စုအသီးသီးမှ အုပ်ချုပ်ရေးမှူး များက လက်ခံခဲ့ကြသည်။

အခမ်းအနားအပြီးတွင် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ အဖွဲ့အစည်းဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများသည် အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ ပြာသာဒ်ရပ်သို့ သွားရောက်၍ နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ငွေများကို ဒေသခံပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။

MRG
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •