ဒေါက်တာဇော်မြင့်မောင် အမရပူရမြို့နယ်တွင် အနိုင်ရရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဒေါက်တာဇော်မြင့်မောင် အမရပူရမြို့နယ်တွင် အနိုင်ရရှိ
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု အမရပူရမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးချယ်ခံသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ(၂)၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် နိုဝင်ဘာ ၈ ရက် ညပိုင်း မဲရေတွက်ပြီးစီးမှုအရ အနိုင်ရရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။
ဒေါက်တာဇော်မြင့်မောင်သည် ၁၉၉ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ကိုယ်စားလှယ်လောင်းအဖြစ် အမရပူရမြို့နယ်မှ ဝင်ရောက်အရွေးချယ်ခံခဲ့ရာ ပြည်သူလူထု၏ ထောက်ခံမှုဖြင့် အနိုင်ရရှိခဲ့သည်။ ထိုစဉ်က စစ်အစိုးရ၏ လွှတ်တော် ခေါ်ယူပေးရန် ပျက်ကွက်မှုကြောင့် နိုင်ငံရေး တင်းမာမှုများ ရှိလာခဲ့ရာ စင်ပြိုင်အစိုးရ တည်ထောင်သည်ဟု စစ်အစိုးရ၏ စွပ်စွဲချက်ဖြင့် ၁၉၉ဝ ပြည့်နှစ် နိုဝင်ဘာလတွင် မတရား ဖမ်းဆီးခံခဲ့ရပြီး အင်းစိန်ထောင်တွင်းရှိ စစ်ခုံရုံးမှ ထောင်ဒဏ် ၂၅နှစ် ချမှတ်ခံခဲ့ရသည်။
အင်းစိန်ထောင်၌ အကျဉ်းကျနေချိန် ၁၉၉၅ ခုနှစ်တွင် ထပ်မံတရားစွဲခံရပြီး ထောင်ဒဏ် ၁၂ နှစ် ထပ်တိုးချ ခံခဲ့ရရာ ပထမအမှုအပါအဝင် စုစုပေါင်း ထောင်ဒဏ် ၃၇ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး အင်းစိန်ထောင်နှင့် မြစ်ကြီးနားအကျဉ်းထောင်တို့တွင် နှစ်ပေါင်း ၂ဝ နီးပါး အကျဉ်းချခြင်း ခံခဲ့ရသည်။
ထို့နောက် ၂ဝဝ၉ ခုနှစ်တွင် မြစ်ကြီးနားထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ၂ဝ၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ကိုယ်စားလှယ်လောင်းအဖြစ် ကျောက်ပန်းတောင်း မြို့နယ်မှ ဝင်ရောက်အရွေးချယ်ခံခဲ့ရာ ပြည်သူလူထု၏ ထောက်ခံမှုဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ယင်းနောက် ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ကိုယ်စားလှယ်လောင်းအဖြစ် အမရပူရမြို့နယ်မှ ဝင်ရောက်အရွေး ချယ်ခံခဲ့ရာ ပြည်သူလူထု၏ ထောက်ခံမှုဖြင့် အနိုင်ရရှိခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ်လည်းကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ(၂)အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်လျက်ရှိသည်။

Spread the love
  •  
  •  
  •  
  •  
  •  
  •