ဒေါ်အောင်ဆန်းစုကြည်ရဲ့ သီတင်းကျွတ်လပြည့်နေ့ ဆုတောင်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သီတင်းကျွတ်လပြည့်နေ့ ဆုတောင်း

 

ဒီကနေ့အတွက် ဒီအတွေး (၆)

သီတင်းကျွတ်လပြည့်နေ့မှာ ကျွန်မ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌအနေနဲ့ ပြည်သူပြည်သားများ ဘေးအန္တရာယ်ခပ်သိမ်း၊ သောကခပ်သိမ်းမှ လွတ်ကျွတ်ပြီး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

ဒီကနေ့ သီတင်းကျွတ်အကြောင်း ရေးရမလား၊ ကလေးတွေအကြောင်းရေးရမလားလို့ စဉ်းစားပါတယ်။ ကလေးတွေအကြောင်းရေးချင်တာကတော့ ယခုအောင်နိုင်ရေးကာလတလျောက်မှာ ကျွန်မတို့ NLD အတွက် တကယ့်ကို အင်အားတစ်ရပ်အဖြစ် မြင်ရတာကတော့ ကလေးတွေပါပဲ။ ဒီမှာ “ကလေး” လို့ဆိုရာမှာ ကျွန်မက ကျောင်းမပြီးသေးခင်အရွယ်၊ ရွေးကောက်ပွဲမှာ မဲမပေးရသေးတဲ့အရွယ် ကလေးတွေကို မျက်စိထဲမှာ မြင်မိပါတယ်။

သီတင်းကျွတ်နဲ့ ကလေးတွေနဲ့ ပူးတွဲပြီး စဉ်းစားလိုက်တော့ ကျွန်မ ကလေးဘဝက မျက်လုံးနဲ့ သီတင်းကျွတ်ကို ပြန်မြင်မိပါတယ်။ မီးပုံးလေးတွေ၊ မီးပန်းလေးတွေ။ လူသားများဟာ အလင်းရောင်ကို မြတ်နိုးကြတယ်၊ အလင်းရောင်နဲ့ ဖန်တီးထားတဲ့ အလှကို နှစ်သက်ကြတယ်။ ကလေးတွေဟာ ကျွန်မတို့အတွက် လင်းလက်နေတဲ့ မျှော်လင့်ချက်လေးတွေမို့ သူတို့လေးတွေရဲ့ အားပေးထောက်ခံမှုဟာ တကယ့်မြတ်နိုးဖွယ်ရာ၊ လှပတင့်တယ်မှုပါပဲ။

COVID ကြောင့် ပြည်သူတွေထဲဆင်းပြီး စည်းရုံးရေးမလုပ်ရတော့၊ ကလေးတွေရဲ့ ချစ်စဖွယ်၊ ဖြူစင်တဲ့ တက်ကြွမှုအပြည့်အဝနဲ့ ပြုံးရွှင်စွာ ခုန်ပေါက်၊ ပြေးလွှားအားပေးတဲ့ ရှုခင်းလေးတွေကို အောက်မေ့မိပါတယ်။

တစ်ခါက ကျွန်မတို့ အောင်နိုင်ရေးသီချင်းသံ ကြားလို့ အိမ်ထဲကတစ်ယောက်တည်း၊ လူကြီးတွေမပါ၊ ခြေထောက်တိုတိုတုတ်တုတ်ကလေးတွေက မခိုင့်တခိုင်နဲ့၊ အတတ်နိုင်ဆုံး အမြန်ပြေးထွက်လာပြီး “အမေစု၊ အမေစု” လို့ အော်လိုက်တဲ့ ကလေးလေး။ မြေပုံကြီးပေါ်မှာ NLD အလံစိုက်ထူပြီး တောင်ကုန်းကြီးတစ်ခုကို သိမ်းပိုက်နိုင်ခဲ့တဲ့ အောင်စစ်သည်တွေ အားမာန်နဲ့ နှုတ်ဆက်ကြတဲ့ ကလေးတစ်စု။ ကျွန်မတို့ ကားသွားရာလမ်းဘေးက ပြေးလိုက်အားပေးလို့ “သတိထား၊ ချော်လဲမယ်” “ မောမယ်၊ မလိုက်နဲ့တော့လေ” လို့ သတိပေးခဲ့ရတဲ့ ကလေးပေါင်းမြောက်များစွာ။ သူတို့လေးတွေကို သတိရနေတယ်။

ဒီအောင်နိုင်ရေးကာလမှာ ကလေးတွေပါဝင်နေတာကို အဝေးကနေပဲ မြင့်ခဲ့ရပါတယ်။ ဒါပေမယ့် မြင်ရသမျှက အားတက်စရာပါ။ Online မှာ တက်တဲ့ ဘေးရိတ်ပြီး NLD လို့ရေးထားတဲ့ ဆန်းသစ်တဲ့ကေနဲ့ တန်းစီရိုက်ထားတဲ့ ကလေးတွေပုံဆို အရမ်းသဘောကျတာပဲ။ ကလေးဒီမိုကရေစီအဖွဲ့ချုပ်ပဲလေ။

ကျွန်မတို့နိုင်ငံ ဆင်းရဲခပ်သိမ်းမှ လွတ်ကျွတ်စေမယ့် နမိတ်အလင်းရောင်လေးများ တောက်ပကြပါစေလို့ သီတင်းကျွတ်ဆုတောင်းလိုက်ရပါတယ်။

အောင်ဆန်းစုကြည်
အောက်တိုဘာ ၃၁၊ ၂၀၂၀


Spread the love
  •  
  •  
  •  
  •  
  •  
  •