” ဒေါ်အောင်ဆန်းစုကြည်အလွန် တဲ့လား ” (ထိန်လင်း)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဒေါ်အောင်ဆန်းစုကြည်အလွန် တဲ့လား
————————————————

၂၀၁၃ ခုနှစ် နှစ်ဆန်းမှာ မြန်မာပြည် ပထမဆုံး ပြန်ခွင့်ရပါတယ်။ ပြည်ပရောက် မြန်မာတော်တော်များများက အဲဒီလို ပြန်ခွင့်ရတာကို သိပ်ကျေးဇူးတင်နေခဲ့ကြပါတယ်။ တချို့ဆိုရင် သူတို့ တချိန်လုံး ဆဲဆိုထားတဲ့သူတွေကို တွေ့ခွင့်ရဖို့ တန်းစီစောင့်ကြတာတွေတောင် ရှိပါတယ်။ ကျနော်ကတော့ ပြန်ခွင့်ရလို့ ဝမ်းသာပေမယ့် ကျေးဇူးမတင်ပါ။ ဒီအခွင့်အရေးက သီးခြားရရှိတဲ့အခွင့်အရေးမဟုတ်ဘဲ ကျနော်တို့ဆီက သိမ်းထားတဲ့အခွင့်အရေးတွေထဲက အနည်းအကျဥ်းကို ပြန်ပေးတာလို့ပဲ ယူဆလို့ပါ။

အဲဒီခရီးမှာ သမိုင်းစာအုပ်တွေဘာတွေရေးတဲ့ နိုင်ငံရေးအကျဥ်းသားဟောင်း မိတ်ဆွေတစ်ယောက်နဲ့ ဗိုလ်အောင်ကျော်လမ်းထောင့်က လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာဆုံပါတယ်။ ကျနော်က ထမင်းပေါင်းတစ်ပွဲ မှာစားရင်း သူနဲ့စကားလက်ဆုံကျပါတယ်။ ထွေရာလေးပါးစကားထက် သူက အင်တာဗျူးဆရာတစ်ယောက်လို မေးခွန်းတွေမေးပါတယ်။

မေးခွန်းတွေထဲမှာ အဓိကအားဖြင့် ဆက်စပ်မေးခွန်း ၂ ခု မေးပါတယ်။ “ဒေါ်အောင်ဆန်းစုကြည် အလွန်မှာ ဘယ်သူ့ကို အစားထိုးဖို့ မြင်သလဲ။ မင်းကိုနိုင်အလွန်မှာ ဘယ်သူအစားထိုးနိုင်မလဲ” တဲ့။ သိပ်ကြီးကျယ်တဲ့မေးခွန်းပါ။ အဲဒီအချိန် NLD က ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ပြိုင်တဲ့အဆင့်ပဲ ရှိပါတယ်။ ကျနော့်မိတ်ဆွေ နိုင်ငံရေးသမားကြီးက ဒီမေးခွန်းတွေ ဘာကြောင့်မေးမှန်းမသိပါဘူး။

ကျနော့်အဖြေက ခပ်ရှင်းရှင်းပါပဲ။ “ဒေါ်အောင်ဆန်းစုကြည်က ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်က မင်းကိုနိုင်ပဲ။ အစားထိုးလို့ ရတာတွေမဟုတ်ဘူး” လို့ ဖြေလိုက်ပါတယ်။ ပြီးတော့ “ဒီအချိန်မှာ သူတို့အလွန်ကာလကို ပြောနေမယ့်အစား သူတို့ရှိတုန်း ဘယ်လိုရပ်တည်ကြမလဲဆိုတာပဲ စဥ်းစားသင့်တယ်။ အထူးသဖြင့် ဒေါ်စုနဲ့အတူ ရပ်တည်မယ်ဆိုတဲ့စိတ် ထားရင်ကောင်းမယ်လို့ ကျနော်ကတော့ ယူဆတာပဲ” လို့ ထပ်ပြောလိုက်ပါတယ်။

ဒီအခါ သူက “သူနဲ့ရပ်တည်ဖို့ဆိုတော့ သူ့လုပ်ရပ် မှားမှား မှန်မှန် ရပ်တည်ရမှာလားဗျ” လို့ ခွန်းတုံ့ပြန်ပါတယ်။ “လုပ်ရပ်မှားရင်တော့ ကျနော်တို့က ဝိုင်းပြီး ထောက်ပြရမှာပေါ့။ သေချာတာတစ်ခုကတော့ သူက တိုင်းပြည်အကျိုးယုတ်မယ့်ကိစ္စတော့ မလုပ်ဘူး” လို့ ပြန်ပြောလိုက်တယ်။ ဒီတော့ “ခင်ဗျားက သူ့ကို ယုံလား” တဲ့။ “သူ့ကို မယုံရင် ဘယ်သူ့ယုံမလဲ၊ သူ့ကို အားမကိုးရင် ဘယ်သူ့အားကိုးမလဲ” ဆိုတော့ သူဘာမှပြန်မပြော။ “လူဆိုတာက အချိန်မရွေး ပြောင်းလဲနိုင်တယ်လေဗျာ။ ခင်ဗျားက ဘယ်လောက်ထိ ယုံလဲ” တဲ့။ “ကျနော်ကတော့ သေအထိ ယုံတယ်။ ကျနော့်သဘောကတော့ သူမရှိတော့ရင်ဆိုတာတွေကို ကြိုပြင်နေတာထက် သူ့ကို ဘယ်လိုပံ့ပိုးမလဲဆိုတာပဲ လောလောဆယ် စဥ်းစားသင့်တယ်ထင်တာပဲ။ သူဆုံးဖြတ်ချက်မှားလို့ ဆိုးဆိုးဝါးဝါး ကြုံခဲ့ရရင်တောင် အဲဒီအဆိုးကို ဝိုင်းခံကြမယ်ဆိုတဲ့ စိတ်တွေနဲ့ ဝိုင်းရံသင့်တယ်” လို့ အဆုံးသတ်လိုက်ပါတယ်။ မိတ်ဆွေကြီးလည်း ဘာမှ ထပ်မပြောတော့။

ဒီနေရာမှာ ကျနော်က NLD မှာ ပါခဲ့လို့ NLD ကိုဘက်လိုက်တာလို့ ပြောချင် ပြောပါလိမ့်မယ်။ ဒါကြောင့် NLD နဲ့ပတ်သက်တဲ့ ကျနော့်ရပ်တည်ချက်ကို ရှင်းရှင်း ပြောပါရစေ။ ပြည်တွင်းမှာ စစ်အစိုးရရဲ့ဖိနှိပ်မှုကြောင့် တရားဝင် အင်အားကောင်းကောင်းနဲ့ ကြံ့ကြံ့ခံ တော်လှန်နိုင်တဲ့အဖွဲ့ ဆိုလို့ NLD တစ်ခုပဲ ရှိတော့တဲ့အချိန်မှာ တုတ်ဝေတုန်း (မုန့်ဝေတဲ့အချိန် မဟုတ်ဘူးနော်) ကိုယ်တတ်နိုင်သမျှ ပါဝင်ဆောင်ရွက်ခဲ့တာပါ။

တတိယအကြိမ် အဖမ်းမခံချင်လို့ နယ်စပ်ထွက်လာပြီးကတည်းက နိုင်ငံရေးအဖွဲ့အစည်းဆိုလို့ အေအေပီပီ (နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း) တစ်ခုတည်းကိုပဲ ဝင်ခဲ့သူပါ။ အခုထိ ၁၉ နှစ်ကျော် ကာလတလျှောက်လုံး ကိုယ့်ကိုယ်ကို NLD လို့ မပြောခဲ့သလို ဘယ် NLD(L.A) ကိုမှ မဝင်ခဲ့ပါဘူး။ ဆရာတင်မိုးရဲ့ စျာပနမှာ ကိုအောင်စောဦးက ဆရာ့ရုပ်ကလာပ်ကို အလံလွှမ်းတော့ “မောင်ရင်လည်း အရင်က NLD အဖွဲ့ဝင်ပဲ လာခဲ့ပါ”လို့ ခေါ်တာကြောင့် ပါဖြစ်တာကလွဲရင် NLD အမည်ခံခဲ့တာ ဘာမှမရှိပါ။

ခုကာလဟာ အခြေအနေတွေ သိပ်ရှုပ်ထွေးပါတယ်။ စိတ်ကူးယဥ်လို့ မရပါဘူး။ ဖြစ်ချင်တာတွေပဲ ရှေ့တန်းတင်လို့ မရပါဘူး။ မတ်စေ့ တစ်စေ့ကို ပါးစပ်ထဲ ငုံထားသူ ရှိပြီးသားဆိုတော့ ကျန်တဲ့ ၃ မတ်ကို ဝိုင်းလုနေရတဲ့အချိန်ပါ။ မဆလ လက်ကျန်တွေ၊ နဝတ နအဖ လက်ကျန်တွေက ခိုးရာပါအရင်းအနှီးတွေကို အသုံးချပြီး နောက်ထပ် မတ်စေ့တွေကို ငုံဖို့ကြိုးစားနေချိန်မှာ ဘယ်ဟာအဓိကလဲဆိုတာ တွေးဖို့ လိုပါတယ်။ NLD ဟာ အစိုးရ ဖြစ်နေပေမယ့် အတိုက်အခံဘဝနဲ့ သိပ်မကွာပါဘူး။ အရင်က စစ်အာဏာရှင်တစ်ခုတည်းကို တိုက်ရပေမယ့် အခုက စစ်အာဏာရှင်ကိုရော၊ သူ့ဘက်တော်သားတွေကိုပါ ရင်ဆိုင်နေရတာပါ။

ကူးတို့ခ အပိုင်ရသလို မလွတ်တမ်းငုံထားတဲ့ မတ်စေ့ကို ရအောင် ပြန်မထုတ်နိုင်သေးဘူးဆိုရင်တောင် ၅ ပြားရရ ၁၀ ပြားရရ နည်းမျိုးစုံနဲ့ လုယက်နေသူတွေလက်ထဲမရောက်အောင် ကြိုးပမ်းရမှာပါ။ ဒီအချိန်မှာ ၅ နှစ်ပဲ အစိုးရလုပ်ခွင့်ရသေးတဲ့ အာဏာရပါတီကိုသာ တဖက်သတ်နှိပ်ကွပ်နေမယ့်အစား ပြီးခဲ့တဲ့ကာလတွေတုန်းက ဘယ်လောက်ဆိုးခဲ့တယ်၊ ဘယ်လိုတိုင်းပြည်ဖြစ်အောင် ကြိုးပမ်းရမယ်ဆိုတာတွေကို အခုမှ ပထမဆုံး မဲပေးခွင့်ရမယ့်လူငယ်တွေကို ပြောပြကြရင် ပိုပြီး အကျိုးရှိမယ်ထင်ပါတယ်။ မဲပေးခွင့်ရှိသူတိုင်း မဲပေးဖို့လိုပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် အလွန်” ဆိုတဲ့ မရောက်သေးတဲ့အချိန်တွေအတွက် အချိန်ကုန်နေမယ့်အစား ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ခေတ်ပြောင်းတော်လှန်ရေးကို ဝိုင်းဝန်းကျော်ဖြတ်ကြရင် မကောင်းပေဘူးလား။ ။

#ထိန်လင်း
၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၁ ရက်


Spread the love
  •  
  •  
  •  
  •  
  •  
  •