ဒေါ်အောင်ဆန်းစုကြည်၏ ကဗျာ သိန်း ၂၄၀၀ ဖြင့် လေလံပေးဝယ်ယူ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဒေါ်အောင်ဆန်းစုကြည်၏ ကဗျာလက်ရေးမူ ကျပ်သိန်းပေါင်း ၂၄၀၀ ဖြင့် လေလံပေးဝယ်ယူ

[လူထုခေါင်းဆောင်အပေါ် ပြည်သူများ မည်မျှယုံကြည်ချစ်ခင်မြတ်နိုးသည်ကို ပြသရာရောက်ဟု ကဗျာလက်ရေးမူပိုင်ရှင် ဒါရိုက်တာ မင်းထင်ကိုကိုကြီးပြော]

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ကဗျာလက်ရေးမူကို စက်တင်ဘာလ ၅ ရက် ည ၉ နာရီမှ စတင်၍ လေလံပြစ်ခဲ့ရာ ကျပ်သိန်းပေါင်း ၂၄၀၀ အထိ အမြင့်ဆုံးဈေးဖြင့် လေလံပေးဝယ်ယူခဲ့ကြောင်း သိရသည်။

အဆိုပါကဗျာကို ယနေ့(စက်တင်ဘာလ ၅ ရက်) ညတွင် REDs Vote NLD ဖေ့စ်ဘုတ်ပေ့ချ်တွင် LIVE လွှင့်၍ လေလံတင်ရောင်းချခဲ့ရာ စတင်လေလံတင်သည့်အချိန်တွင် ကျပ် သိန်းပေါင်း ၁၅၀၀ ပေးထားပြီးဖြစ်သောကြောင့် အဆိုပါ စျေးနှုန်းမှ စတင်လေလံတင်ခဲ့ရာ ကျပ်သိန်းပေါင်း ၂၄၀၀ ထိပေး၍ ဝယ်ယူသူရှိခဲ့ခြင်းဖြစ်သည်။

လေလံအောင်ပြီးချိန်တွင် လေလံပွဲကို တင်ဆက်သူ ကိုမောင်မောင်အေးက လေလံအောင်သူ၏ အမည်ကို ဖော်ပြရန် မေးမြန်းခဲ့ရာ လေလံအောင်သူက ၎င်း၏ အမည်ကို ကြေညာခြင်းမပြုရန် ပြောဆိုခဲ့သည်။

 

 

လေလံပွဲအပြီးတွင် အဆိုပါ ကဗျာလက်ရေးမူပိုင်ရှင် ဒါရိုက်တာ မင်းထင်ကိုကိုကြီးက လေလံအောင်သူကို ယခုကဲ့သို့ ကျပ်သိန်းပေါင်း ၂၄၀၀ ပေး၍ ဝယ်ယူခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်းနှင့် ထိုသို့ ငွေကြေးအမြောက်အများပေး၍ တန်ဖိုးထားကြောင်းပြသမှုသည် လူထုခေါင်းဆောင်အပေါ် ပြည်သူများ မည်မျှယုံကြည်ချစ်ခင်မြတ်နိုးသည်ကို ပြသရာရောက်ကြောင်း ပြောကြားခဲ့သည်။

 

 

“လူထူခေါင်းဆောင်ဒေါ်‌အောင်ဆန်းစုကြည်အပေါ် နိုင်ငံသူ နိုင်ငံသားတွေ ဘယ်လောက်တောင် လေးစားသလဲ၊ ဘယ်လောက်တောင် တန်ဖိုးထားသလဲ၊ ဘယ်လောက်တောင် ချစ်မြတ်နိုးသလဲဆိုတာ တွေ့ခွင့်ရသည့်အတွက် ဝမ်းသာပီတီဖြစ်မိ ပါတယ်” ဟု ဒါရိုက်တာမင်းထင်ကိုကိုကြီးက ပြောသည်။

လေလံရရှိငွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲ ဗဟိုအောင်နိုင်ရေးကော်မတီသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

“လေလံတင်တဲ့ တန်ဖိုးကို မတတ်နိုင်တဲ့လူတွေကအစတန်ဖိုးကို သိကြတယ်။သူတို့လည်း လိုချင်ကြတယ်ပေါ့။ဒါပေမဲ့ သူတို့ကိုလည်း အသိအမှတ်ပြုပါတယ်။ ဒီငွေတွေကို ရတာနဲ့ ကျွန်တော် လက်ဖျားနဲ့တောင် မတို့ပါဘူး။ NLD ဗဟိုအောင်နိုင်ရေးကို တစ်ပြားမကျန် လှူမှာပါ”ဟု လေလံပွဲတင်ဆက်သူ ကိုမောင်မောင်အေးက စက်တင်ဘာလ ၃ ရက်နေ့က ပြောကြားထားသည်။

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ကဗျာလက်ရေးမူကို ၂၀၁၁ခုနှစ် ကဗျာပွဲတော်အတွက် ဒေါ်အောင်ဆန်းစုကြည်ထံမှ ဒါရိုက်တာမင်းထင်ကိုကိုကြီးက တောင်းယူခဲ့ခြင်းဖြစ်ကြောင်းနှင့် ဒါရိုက်တာမင်းထင်ကိုကိုကြီးက ၎င်း၏ သမီးငယ်ကို လက်ဆင့်ကမ်းပေးရန် ရည်ရွယ်ထားသော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးအတွက် အရေးကြီးသည်ဟု ခံယူခဲ့ခြင်းကြောင့် လှူဒါန်းငွေပေးအပ်ရန် လေလံတင်ရောင်းချခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ – ဒါရိုက်တာမင်းထင်ကိုကိုကြီး
ပန်ပန်(MH)
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •