ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံအစိုးရ၏ အထူးကိုယ်စားလှယ်၊ မြန်မာ နိုင်ငံ ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့ ခေါင်းဆောင် Mr. SASAKAWA Yohei အား လက်ခံတွေ့ဆုံ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်၊ ဂျပန်နိုင်ငံ အစိုးရ၏ မြန်မာ နိုင်ငံ ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့ ခေါင်းဆောင်၊ နိပွန်ဖောင်ဒေးရှင်း ဥက္ကဌ Mr. SASAKAWA Yohei အား လက်ခံတွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၁၀

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်၊ ဂျပန်နိုင်ငံ အစိုးရ၏ မြန်မာ နိုင်ငံ ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့ ခေါင်းဆောင်၊ နိပွန်ဖောင်ဒေးရှင်း ဥက္ကဌ Mr. SASAKAWA Yohei အား ယနေ့ နံနက်ပိုင်းတွင် လက်ခံ တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် Mr. SASAKAWA Yohei က နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် COVID-19 ကာကွယ်ရေး စည်းမျဉ်းများနှင့်အညီ စီမံထားပြီး လွတ်လပ်၍တရားမျှသော ရွေးကောက်ပွဲကို တည်ငြိမ်အေးချမ်းစွာ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်သည်ကို တွေ့မြင်ရ၍ အထူးပင် ဂုဏ်ပြုပါကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (Natioanl League for Democracy-NLD) ပါတီ အနေဖြင့် ပြည်သူလူထု၏ ထောက်ခံမှုကို အများဆုံးရရှိရှိပြီး အောင်နိုင်ခဲ့သည့်အတွက်လည်း ချီးကျူး ဂုဏ်ပြုပါကြောင်း၊

ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပပြီးစီးသည့်နောက်ပိုင်း ဂျပန်နိုင်ငံ အနေ ဖြင့် မြန်မာနိုင်ငံပြည်သူများ လူမှု-စီးပွား တိုးတက်မြင့်မားလာရေးအတွက် ဘက်စုံထောင့်စုံမှ ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခုရွေးကောက်ပွဲတွင် မဲရုံများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်၍ လေ့လာကြည့်ရှုခဲ့ပါကြောင်း၊ စီမံခန့်ခွဲမှုများကို အထူးပင် စနစ်ကျစွာ ဆောင်ရွက်ထားသည်ကို တွေ့ရှိရပါကြောင်း၊ COVID-19 ကာကွယ်ထိန်းချုပ်ရေး အတွက်လည်း စနစ်တကျ စီမံ ဆောင်ရွက်ထားပါကြောင်း၊

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက်လည်း အပြည့်အဝ ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် ရရှိထားသည့် နယ်မြေဒေသများတွင် ငြိမ်းချမ်းရေးအသီးအပွင့်များ ရရှိခံစားနိုင်စေရေးအတွက် နိပွန်ဖောင်ဒေးရှင်းက ကူညီဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ရရှိရန်အတွက် အထူးကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နောက်ထပ် ဖွဲ့စည်းမည့် အစိုးရသစ် လက်ထက်တွင်လည်း ငြိမ်းချမ်းရေး အောင်မြင်စေရန် ကြိုးပမ်း ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း ရှင်းလင်း ပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ကူညီမှုများကို ကျေးဇူးတင်ရှိ ကြောင်း၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ဂျပန်နိုင်ငံအစိုးရက စေလွှတ်သော လေ့လာရေးအဖွဲ့အနေဖြင့် ပါဝင်ဆောင်ရွက်ခဲ့ခြင်းအတွက်လည်း ကျေးဇူးတင်ရှိကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ် ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး သံအမတ်ကြီး Mr. Ichiro MARUYAMA တို့ တက်ရောက်ခဲ့ကြသည်။

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •