ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်မိန့်ခွန်းအပေါ်အမြင် (မျိုးသာထက်)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်မိန့်ခွန်းအပေါ်အမြင်

 

အင်န်အယ်လ်ဒီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၁၇၊ ၂၀၂၀ ည ရုပ်သံကနေ မဲဆွယ်မိန့်ခွန်းမှာ အဓိကအချက် ငါးချက်ကို ပြောပါတယ်။

၁။ အင်န်အယ်လ်ဒီရဲ့သမိုင်းကြောင်းနဲ့ လူထုထောက်ခံမှုအခြေအနေ

၂။ ၂၀၂၀ ရွေးကောက်ပွဲ ပြိုင်ဆိုင်ရမှုအခြေအနေနဲ့ လိုချင်တဲ့ရလဒ်

၃။ နိုင်ငံဟာ ခြံတခြံဆို အင်န်အယ်လ်ဒီဟာ ဥယျာဉ်မှူးဆိုတဲ့ နှိုင်းယှဉ်မှု

၄။ မြန်မာရင်ဆိုင်နေရတဲ့ ပြည်ပဖိအား

၅။ မြန်မာ့ရင်းမြစ်အစစ်ဆိုတာ ဘာလဲ။

မဲဆွယ်မိန့်ခွန်းက ၁၀ မိနစ်သာသာပဲရှိပေမဲ့ အချိန်အဆက်မိပြီး လိုတိုရှင်းပါပဲ။

တကယ်တော့ အင်န်အယ်လ်ဒီဟာ စစ်အာဏာရှင်တွေဖျက်ဆီးခဲ့တဲ့ နိုင်ငံကို ကမ္ဘာ့အလယ်ဝင့်ထည်ဖို့ ကြိုးစားနေရတာပါ၊ လုပ်ရတဲ့အလုပ်ဟာ အင်မတန်ကြီးလှပါတယ်။

အမှိုက်‌တွေရှင်းပြီး သာယာထုံသင်းတဲ့ အခင်းအကျင်းကို ဖော်ဆောင်တာပါ။ ဒေါ်အောင်ဆန်းစုကြည်စကားနဲ့ဆိုရင် ရစရာမရှိဖြစ်နေတဲ့ခြံကို ဥယျာဉ်ကြီးဖြစ်အောင်လုပ်နေတာပါ။ မြေရိုင်းကြီးပြန်မဖြစ်အောင် ပြည်သူတွေက အင်န်အယ်လ်ဒီကို ထုံးစံအတိုင်း နောက်တကြိမ်ထောက်ခံကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုတာပါ။

ဒေါ်အောင်ဆန်းစုကြည်က သောင်ပြိုကမ်းပြိုနိုင်ချင်တယ်လို့ပြောတယ်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့မဖြေရှင်းဘဲ လက်နက်ကိုင်ချနေတာကို အရိုင်းအစိုင်းတွေလို့ပြောတယ်။

ပြီးခဲ့တဲ့ငါးနှစ် အင်န်အယ်လ်ဒီဘာလုပ်ခဲ့သလဲဆိုတာကို ငါးမိနစ်လောက်နဲ့ ပြောဖို့အဆင်မပြေနိုင်တဲ့သဘော ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ကျွန်တော့်ရင်ကိုအထိမိဆုံးစကားတခွန်းကတော့ ရွေးကောက်ပွဲဝင်တယ်ဆိုတာ ပြည်သူနဲ့ပါတီကြား အပြန်အလှန်လောင်းကြေးထပ်တာပါပဲတဲ့။ ဒါကို ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့ယုံကြည်မှုအပေါ်အခြေခံပြီး စွန့်စားတာလို့ သုံးနှုန်းသွားပါတယ်။

ပြည်သူရောပါတီပါ အနိုင်ရမှာပါ၊ အနိုင်ရကြပါစေလို့လည်း ဆုတောင်းပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့မဲဆွယ်မိန့်ခွန်းဟာ စကားလုံးတလုံးချင်းရဲ့အားကို အနှစ်အသားပါပါရယူဖွဲ့စည်း ရေးသားဟောပြောခဲ့တာမို့ အကြိမ်ကြိမ်ဖတ်လေ နားလည်လွယ်လေပါလို့ ဉာဏ်မီသလောက် ကျွန်တော့်အမြင်ကို ထုတ်နုတ်တင်ဆက်ရပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •