ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေများနှင့်စပ်လျဉ်း၍ ပြည်သူသို့ တင်ပြသည့် မိန့်ခွန်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေများနှင့်စပ်လျဉ်း၍ ပြည်သူသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်း

နေပြည်တော် ၊ဩဂုတ် ၂၄ရက်

ပြည်ထောင်စုမြန်မာနိုင်ငံသူ နိုင်ငံသားများ အပေါင်းရှင်။

ကျွန်မတို့နိုင်ငံအတွက် အရေးကြီးတဲ့ကိစ္စတွေ ပေါ်ပေါက်လာပြီဆိုရင် ပြည်သူလူထုကို တင်ပြပြီးတော့ ပြည်သူနဲ့အတူ ပူးပေါင်းဆောင်ရွက်ခြင်းဟာ အထိရောက်ဆုံးလို့ ကျွန်မတို့ အစိုးရက ယုံကြည်ပါတယ်။ ဒီယုံကြည်ချက်အရ တင်ပြရခြင်းဖြစ်ပါတယ်။ အများသိကြတဲ့ အတိုင်းပဲအခု စစ်တွေမှာဆိုရင် အရင်အပတ်ကစပြီး ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုဟာ အင်မတန်မှမြန်ခဲ့ပါတယ်။ အင်မတန်မှ မြန်တဲ့အခါမှာ စိုးရိမ်ပူပန်မှုတွေလည်း တက်လာပါတယ်။ ဒါကို စိန်ခေါ်မှုတစ်ခုအနေနဲ့ ကြည့်စေချင် ပါတယ်။ စိန်ခေါ်မှုဆိုတာ ကြောက်စရာမဟုတ်ပါဘူး။ ကျော်လွှားဖို့သာ ဖြစ်ပါတယ်။ ဒီစိန်ခေါ်မှုကို နိုင်ငံတော်ရဲ့ ကြိုးပမ်းဆောင်ရွက်မှု တစ်ခုအနေနဲ့ ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်။ စစ်တွေမှာ ရောဂါပြန့်ပွားနေတာကြောင့် ရခိုင်ပြည်နယ်ပြင်ပကို စစ်တွေကပြည်သူတွေ မထွက်အောင်လို့ ကျွန်မတို့ စည်းကမ်းတွေ သတ်မှတ်ရပါတယ်။ ဒီဟာက ထိန်းချုပ်ချင်တဲ့ သဘောမဟုတ်ပါဘူး။ ကျွန်မတို့အနေနဲ့ ကာကွယ်ချင်တဲ့ သဘောဖြစ်ပါတယ်။ ကာကွယ်တာဟာ တစ်တိုင်းပြည်လုံးလည်း ကာကွယ်ရတယ်။ စစ်တွေနဲ့ ကျန်တဲ့ရခိုင်မြောက်ပိုင်း က ပြည်သူတွေကိုလည်း ကာကွယ်ရတယ်။

ဘယ်လိုကာကွယ်တာလဲဆိုတော့ အထူးကျန်းမာရေး စောင့်ရှောက်မှုတွေကို စစ်တွေနဲ့သက်ဆိုင်ရာ ဒေသတွေအတွက် စီစဉ်ထားပါတယ်။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သေသေချာချာ စီစဉ်ထားပါတယ်။ စစ်တွေက ပြည်သူတွေနဲ့ တခြားကူးစက်မယ်လို့ ခန့်မှန်းရတဲ့ မြို့နယ်တွေက ပြည်သူတွေကို ကျန်းမာရေးစစ်ဆေးမှုပေးမယ်။ ကုသမှုလည်းပေးပါမယ်။ လိုအပ်သလို အားလုံးဆောင်ရွက်ပေးပါမယ်။ အထူးအစီအစဉ်တွေလည်း ချမှတ်ပြီးပါပြီ။ နိုင်ငံတော် သတင်းစာတွေထဲမှာလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဘယ်လိုအစီအစဉ်တွေ လုပ်ထားတယ်ဆိုတာကို ကြေညာပါမယ်။ အများပြည်သူက သိရှိနားလည်ပြီး ယုံကြည်စိတ်ချ မှုရှိအောင်လို့ပါ။ ကျွန်မတို့ ဒီကိစ္စ အောင်မြင်ရေးအတွက်က စစ်တွေမြို့နယ်တစ်ခုတည်း၊ ရခိုင်ပြည်နယ် တစ်ခုတည်းလုပ်ရမယ့် ကိစ္စမဟုတ်ပါဘူး။ ပြည်ထောင်စုတစ်ခုလုံးက လုပ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မစောစောက ပြောသလို အမျိုးသား ကြိုးပမ်းဆောင်ရွက်မှုကြီး တစ်ခုအနေနဲ့ မြင်စေချင်ပါတယ်။ ကျွန်မတို့ အားလုံးဝိုင်းလုပ်မှ အောင်မြင်နိုင်မှာဖြစ်ပါတယ်။ အောင်လည်း အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။

အခုအချိန်မှာ ရခိုင်ပြည်နယ်က တချို့ပြည်သူတွေက ပြင်ပကို ထွက်ချင်ကြတယ်။ ပြင်ပမှာပိုပြီးတော့ လုံခြုံတယ်လို့ ထင်ကြတယ်။ ရောဂါပိုး ဝင်နေပြီဆိုရင် ဘယ်သွားသွား ရောဂါပိုးက ပါသွားမှာဖြစ်ပါတယ်။ ဒီရောဂါပိုးဟာ ကိုယ်နဲ့ပါလာမှာပဲ၊ ရခိုင်ပြည်နယ်အတွင်းမှာပဲနေမယ်။ စစ်တွေအတွင်းမှာပဲနေမယ်။ ကူးစက်ပြန့်ပွားနေတဲ့ ဒေသမှာပဲ နေမယ်ဆိုရင် ရောဂါပိုးရှိရင် ပိုပြီးတော့ မြန်မြန်ဆန်ဆန် တွေ့ရှိနိုင်မယ်။ ကုသမှုပေးနိုင်မယ်။ ကိုဗစ်ရောဂါက ကုသလို့မရတဲ့ ရောဂါမဟုတ်ပါဘူး။ စောစောစီးစီး တွေ့လေလေ ပိုပြီးတော့ ကုသမှု ထိရောက်လေဖြစ်ပါတယ်။ အခု ပြည်နယ်တွေ၊ တိုင်းဒေသကြီးတွေကြားက နယ်နိမိတ်တွေကိုပိတ်ပါတယ်။ စစ်တွေဘက်က၊ ရခိုင်ပြည်နယ်ဘက်ကနေပြီးတော့ တခြားဘက်တွေကို မထွက်ဖို့ဆိုတာဟာ ရောဂါပိုး မပြန့်စေချင်လို့ ဖြစ်ပါတယ်။ သက်ဆိုင်ရာ တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကလည်း ဒီပိတ်ဆို့မှုထဲမှာ ထိထိရောက်ရောက် ပါဝင်ကြရမှာ ဖြစ်ပါတယ်။ ပိတ်ပင်ရေးဆိုတာ ကာကွယ်ရေးပါပဲ။ ကာကွယ်ရေးလို့ပဲ စဉ်းစားစေချင်ပါတယ်။

အဲဒီလို လုပ်တဲ့ နေရာမှာ သတိရှိဖို့လိုပါတယ်။ ကျွန်မခဏခဏပြောပါတယ်။ သတိဆိုတာ လွန်ကဲတယ်လို့ မရှိနိုင်ပါဘူး။ ကရုဏာဆိုတာ လွန်ကဲနိုင်ပါတယ်။ သနားပြီးတော့ လွှတ်ပေးလိုက်မယ်ဆိုရင် တစ်တိုင်းပြည်လုံးကို ပြန့်သွားနိုင်တဲ့ အခြေအနေ ရှိနိုင်ပါတယ်။ ဒါကြောင့် ကျွန်မတို့က သတိနဲ့ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အခုမှ ရန်ကုန်က ကျွန်မတို့ ပြည်သူပြည်သားတွေ Mask တွေ ပြန်တပ်နေကြတယ်လို့ ကြားရပါတယ်။ အဲဒါကလည်း တစ်နည်းအားဖြင့် ကောင်းကျိုးတစ်ခုဖြစ်ပါတယ်။ အခုမှပဲ သတိထားရမှန်း တချို့သဘောပေါက်တယ်။ ရန်ကုန်က အထူးသတိထားစေချင်ပါတယ်။ ဩဂုတ် ၁၆ ရက်ကစပြီး ဒီရောဂါပိုး ပြန့်ပွားတယ်လို့ ခန့်မှန်းရပါတယ်။ အဲဒီနောက်ပိုင်းမှာ စစ်တွေဘက်ကနေ ရန်ကုန်ကို လေယာဉ်ခရီးနဲ့လာတဲ့ ပြည်သူတွေလည်းရှိတယ်လို့ ကြားရပါတယ်။ အဲဒီလိုရှိခဲ့ရင် အနီးဆုံး ကျန်းမာရေးဌာနကို ဆက်သွယ်ပါ။ ဆက်သွယ်ပြီးတော့ ရောက်ခဲ့ပါတယ်၊ သွားခဲ့ပါတယ်ဆိုပြီး အစစ်အဆေးခံပါ။ လိုအပ်ရင် ကုသမှုကို အမြန်ဆုံးရနိုင်မှာဖြစ်ပါတယ်။

ပတ်ဝန်းကျင်က ပြည်သူတွေကလည်း ဟိုဘက်အိမ်၊ ဒီဘက်အိမ်၊ အခြားလမ်းထဲ မှာနေတဲ့ ပြည်သူပြည်သားတွေ၊ အသိမိတ်ဆွေထဲက ဒီလို ပြန်လာတာရှိရင် အသိပေးပါ။ ဒါဟာ အတင်းပြောတာ မဟုတ်ပါဘူး။ ကုန်းတိုက်တာ လည်းမဟုတ်ပါဘူး။ အားလုံးအတွက် လုပ်သင့်တဲ့ အလုပ်တစ်ခုကို လုပ်တာလို့ ယူဆစေချင်ပါတယ်။ ရခိုင်ပြည်နယ်ဟာ တစ်နိုင်ငံလုံးအတွက် အင်မတန်မှ ကြီးမားတဲ့ စိန်ခေါ်မှုကြီးဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေလည်း အများကြီးခံရပါတယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ ပြဿနာတွေကိုဖြေရှင်းဖို့ ကြိုးစားတဲ့နေရာမှာ တကယ်ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ပြီး ကူညီတာထက် ဝေဖန်ဖိအားပေးမှုတွေက သိပ်များပါတယ်။ ဒီဟာတွေကို ကျွန်မတို့ အားငယ်နေစရာမဟုတ်ပါဘူး။ ကျွန်မတို့ ပြည်သူတွေရဲ့ စုပေါင်းအင်အားနဲ့ ဒါတွေကို ရင်ဆိုင်နိုင်ပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ ကိုးကွယ်တဲ့ဘာသာ ခွဲခြားခြင်း၊ လူမျိုးခွဲခြားခြင်း မရှိပါဘူး။ ပြည်ထောင်စုသားအားလုံးဟာ ကျွန်မတို့ ပြည်ထောင်စု နယ်နိမိတ်အတွင်း မှီတင်းနေထိုင်တဲ့ သူအားလုံးကို စောင့်ရှောက်ချင်တဲ့စိတ် ရှိတယ်ဆိုတာပြဖို့လိုပါတယ်။

ဒါပေမယ့် စိတ်ရှိရုံနဲ့လည်း မပြီးသေးပါဘူး။ အလုပ်နဲ့ပြရပါမယ်။ ကျွန်မတို့ လုပ်နိုင်တယ်ဆိုတာ ပြဖို့လိုပါတယ်။ ကျွန်မတို့ နိုင်ငံသူနိုင်ငံသားများရဲ့ အင်မတန်မှ ချစ်စရာကောင်းတဲ့ ဓလေ့အရ ဒီလိုရခိုင်ပြည်နယ်မှာ ရောဂါပွားများနေပြီ ဆိုတာနဲ့ပဲ စေတနာ့ဝန်ထမ်းတွေဟာ အခုဆိုရင် တစ်သုတ်ရောက်သွားပါပြီ။ ကျန်းမာရေးဆိုင်ရာတွေ အကူအညီပေးဖို့၊ လုပ်ဆောင်ပေးဖို့ စေတနာ့ဝန်ထမ်း တစ်ဖွဲ့က အခုတောင်ရခိုင်ပြည်နယ်ကို ရောက်နေပါပြီ။ စစ်တွေကို ရောက်နေပြီးတော့ အကူအညီတွေ ပေးနေပါပြီ။ ကျွန်မတို့ တခြားစေတနာ့ဝန်ထမ်းတွေကိုလည်း ဖိတ်ခေါ်ပါတယ်။ ဖိတ်ခေါ်ရုံတင်မကဘူး ဒီစေတနာ့ဝန်ထမ်းများ သွားရောက်ပြီးတော့ ရခိုင်ပြည်နယ်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်လို့ ကူညီခြင်းအတွက်ကို ကျွန်မတို့ နိုင်ငံတော်အစိုးရကနေ အကုန်အကျခံပါမယ်။ စေတနာ့ဝန်ထမ်းတွေကို အင်မတန်မှ ကျေးဇူးတင်ပါတယ်။ အခုအချိန်မှာ ချက်ချင်းကို ဆေးပစ္စည်းအမျိုးမျိုး၊ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ပစ္စည်းအမျိုးမျိုးနဲ့ ကူညီတဲ့အလှူရှင် ပြည်သူပြည်သား အားလုံးကိုလည်း အင်မတန်မှ ကျေးဇူးတင်ပါတယ်။ ဒီလိုပဲ ဆက်လုပ်သွားရင် ဒီစိန်ခေါ်မှုကြီးကို ကျွန်မတို့ ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ သတိတော့ အင်မတန်ထားဖို့ လိုပါတယ်။ ကျွန်မတို့ လုပ်ရမယ့် ကိစ္စတွေက များပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း ညွှန်ကြားချက်တွေ ထုတ်ပါလိမ့်မယ်။ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ တခြားနေရာတွေမှာလည်း လုပ်ဖူးပြီးသားဖြစ်ပါတယ်။ အိမ်မှာနေရေးကိစ္စ၊ အသွားအလာ ကန့်သတ်ရေးကိစ္စ၊ အထူးသဖြင့် ဒီအချိန်မှာ အားလုံးသိရမယ့် Mask တပ်ရမယ်၊ လက်ဆေးရမယ်၊ ဒါမှမဟုတ် လက်ကိုသန့်စင်စေတဲ့ ဆေးရည်သုံးရမယ် စသဖြင့် အပြင်ကို တတ်နိုင်သမျှ မထွက်ဘဲနေရမယ်၊ လူစုလူဝေး မဖြစ်အောင် ကြိုးစားရမယ်၊ ဖြစ်နိုင်ရင် တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ခြောက်ပေလောက် ကွာခြားပြီးတော့ နေရမယ်ဆိုတဲ့ အခြေခံစည်းမျဉ်း စည်းကမ်းတွေကို အားလုံးက တစ်ယောက်ချင်း တစ်ယောက်ချင်း လိုက်နာမယ်ဆိုရင် ဒီရောဂါပြန့်ပွားစရာအကြောင်း မရှိပါဘူး။ ဒါကြောင့် စည်းမျဉ်းစည်းကမ်းတွေကို အသေအချာ လိုက်နာကြပါ။ ဒီလို ဆောင်ရွက်ခြင်းအားဖြင့် ကျွန်မတို့ နိုင်ငံရဲ့အင်အားကို မြှင့်တင်ပေးရာလည်း ရောက်ပါတယ်။ နိုင်ငံရဲ့အင်အားကို မြှင့်တင်ပေးခြင်းဆိုတာ ကျွန်မတို့ရဲ့ ကမ္ဘာကြီးမှာ ရပ်တည်မှုကိုလည်း အထောက်အကူပြုရာ ရောက်ပါတယ်။ ရခိုင်ပြည်နယ် အတွင်းမှာဆိုရင် ကိုးကွယ်တဲ့ ဘာသာအရ၊ လူမျိုးအရ ကွဲပြားမှုတွေရှိတယ်။ ဒီကွဲပြားမှုတွေကနေ အကြမ်းဖက်မှုတွေအထိ ရောက်သွားတယ်။

ဒီအကြမ်းဖက်မှုတွေကနေ မတည်ငြိမ်မှုတွေ ဖြစ်ပြီးတော့ ကျွန်မတို့နိုင်ငံ တစ်နိုင်ငံလုံးဟာ ကမ္ဘာ့အလယ်မှာ မျက်နှာငယ်ရတဲ့ အခြေအနေကို ရောက်ခဲ့ပါတယ်။ ကျွန်မတို့ ဒါတွေကို ပြုပြင်နိုင်ဖို့၊ ဒီဟာတွေကို ပြန်ပြီးပြန်လှန်နိုင်ဖို့ အခွင့်အရေးတစ်ခုရတယ်လို့ ပြည်သူပြည်သားတွေကို မြင်စေချင်ပါတယ်။ ဒါကြောင့် စစ်တွေမြို့မှာ ရောဂါပြန့်ပွားနေတဲ့ကိစ္စကို စိုးရိမ်မှုနဲ့ မတုံ့ပြန်ပါနဲ့။ သန္နိဋ္ဌာန်ခိုင်မာမှုနဲ့တုံ့ပြန်ပါ။ ကျွန်မတို့ဟာ ဒီပြဿနာကို ကျော်လွှားမယ်ဆိုတဲ့ သန္နိဋ္ဌာန် ခိုင်မာဖို့လိုပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ တွေ့ရှိချက်အရဆိုရင် စစ်တွေမြို့မှာ ရောဂါပိုးပြန့်ပွားတဲ့ အဓိကနေရာဟာ ဈေးကလို့သုံးသပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုရောဂါ စွဲကပ်နေပြီလို့ တွေ့ရှိရတဲ့ ပြည်သူတွေရဲ့ အသိုင်းအဝိုင်း၊ အနေအထားကို ကြည့်လိုက်တဲ့အခါမှာ ဒီဈေးကနေ ရောဂါကူးစက်မှုဟာ အများဆုံးလို့ သုံးသပ်ပါတယ်။ ဒါကြောင့် ဈေးသွားတဲ့ ကျွန်မတို့ ပြည်သူပြည်သားများ သတိထားကြပါ။ ဒါလည်းကျွန်မတို့ ထပ်တလဲလဲ ပြောပါတယ်။ ဈေးသွားရင် မျက်နှာဖုံးတပ်ပါ။ ဈေးသည်များ လက်အိတ်ဝတ်ပါ။ Mask တပ်ပါ။ လူစုလူဝေးနဲ့ ဖြစ်အောင် မနေပါနဲ့ဆိုပြီး ကျွန်မတို့ အကြိမ်ကြိမ်အဖန်ဖန် သတိပေးပါတယ်။ သတိပေးသော်လည်း အချိန်ကြာလာတာနဲ့အမျှ ကျွန်မတို့ပြည်သူတွေက နည်းနည်းတော့ ပေါ့လာတယ်လို့ဆိုရမှာပါ။ ဘာမှမဖြစ်တော့ပါဘူးဆိုတဲ့ စိတ်တွေ ဖြစ်လာကြပါတယ်။ အခုတော့ ဘာမှမဖြစ်တော့ဘူးဆိုတာ မဟုတ်ဘူးဆိုတာကို သဘောပေါက်မယ်လို့ ကျွန်မတို့ ထင်ပါတယ်။ ဒါကို တစ်ချို့က ကိုဗစ်ဒုတိယလှိုင်းလားလို့ မေးပါတယ်။ ဒါကိုဗစ် ဒုတိယလှိုင်းမဟုတ်ပါဘူး။ စစ်တွေမှာ ကိုဗစ်ပြန့်ပွားမှုဖြစ်နေပါတယ်။

တစ်နိုင်ငံလုံးမှာ ကိုဗစ်ဒုတိယလှိုင်းမဖြစ်အောင် ကျွန်မတို့အားလုံး ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဒီဟာကို ဟန့်တားနိုင်ပါတယ်။ ကာကွယ်နိုင်ပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံတစ်ဝန်းလုံးကို ကာကွယ်နိုင်ပါတယ်။ ရခိုင်ပြည်နယ်ကိုလည်း ကျွန်မတို့ကာကွယ်မယ်။ ကျန်တဲ့ ကျွန်မတို့ရဲ့ နိုင်ငံအတွင်းရှိ ဒေသတွေအားလုံးလည်း ကာကွယ်မယ်။ ပူးပေါင်းဆောင်ရွက်မှုကသာ အဓိကဖြစ်ပါတယ်။ ကျွန်မတို့ဟာ ဒီလိုလုပ်တဲ့နေရာမှာ ကိုးကွယ်တဲ့ ဘာသာလည်းမရွေးဘူး။ လူမျိုးလည်းမရွေးဘူး။ ကျွန်မတို့ရဲ့ နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်သူ အားလုံးအတွက် ညီညီမျှမျှ အကူအညီပေးပါမယ်။ ဒီစိတ်ဓာတ်နဲ့လည်း ကျွန်မတို့ ပြည်သူပြည်သားတွေ ဝိုင်းပြီးတော့ ကူညီပေးစေချင်ပါတယ်။ နောက်တစ်ခုကတော့ ကိုဗစ်ရောဂါ စစ်တွေဘက်မှာ ဒီလောက်မြန်မြန်ဆန်ဆန် ပြန့်ပွားတာ ဘာကြောင့်လဲလို့ ကျန်းမာရေးဘက်ကနေ စဉ်းစားတဲ့အခါမှာ မျိုးရိုးဗီဇ ပြောင်းသွားမှုများ ရှိသလားဆိုတာလည်း ကျွန်မတို့ ထည့်တွက်ရပါတယ်။ အဖြေကတော့ မထင်ရှားသေးပါဘူး။ ကျွန်မတို့ သေသေချာချာ မသိရသေးပါဘူး။ ဒီအဖြေကိုလည်း ကျွန်မတို့ ရှာနေပါတယ်။ အကယ်၍ ဒီလိုပြောင်းလဲမှုရှိတယ်ဆိုရင်လည်း ထွေထွေထူးထူးတော့ စိတ်မပူကြပါနဲ့။ ကျွန်မတို့ သတ်မှတ်ထားတဲ့ စည်းမျည်းစည်းကမ်းတွေကိုသာ လိုက်နာကြပါ။ သတိထားကြပါ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မတို့နိုင်ငံနဲ့ အရှေ့တောင်အာရှ နိုင်ငံအများမှာ ဒါကလည်း ခန့်မှန်းချက်ပါ သေသေချာချာတော့ ၁၀၀ ရာခိုင်နှုန်း သေချာတယ်လို့တော့ မပြောလိုပါဘူး။ ရောက်လာတဲ့ ကိုဗစ်ရောဂါ မျိုးရိုးဗီဇဟာ ဒီလောက်အထိ မပြင်းထန်ဘူး။ ဒါကြောင့်မို့ ပြန့်ပွားမှုမမြန်ဘူးဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိပါတယ်။ ဒါကျွန်မတို့ သေသေချာချာ သက်သေအထောက်အထား ခိုင်လုံတယ်။ ပြည့်စုံတယ်လို့ မပြောလိုပါဘူး။ ဒီလိုပဲ သုံးသပ်ကြပါတယ်။

အခုစစ်တွေမှာဆိုရင် မျိုးရိုးဗီဇက နည်းနည်းပြောင်းလဲသွားတယ်။ ပိုပြီးတော့ မြန်မြန်ပြန့်ပွားတဲ့ မျိုးရိုးဗီဇဆိုတာလည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ပြန့်ပွားမှုနှုန်းက အင်မတန်မှ မြန်ပါတယ်။ သို့သော်ငြားလည်း ကျွန်မတို့ ကုသနိုင်တယ်လို့ ပြောထားပြီးသားပါ။ စောစောစီးစီး ဒီရောဂါကိုတွေ့ရင် ပိုပြီးတော့ ထိထိရောက်ရောက် ကုသနိုင်ပါတယ်။ ဒါကြောင့် ရောဂါရှိတဲ့သူတွေနဲ့ ဆက်စပ်မှုရှိမယ်လို့ထင်တဲ့ ပုဂ္ဂိုလ်များဟာ မိမိနဲ့ အနီးဆုံးကျန်းမာရေးဌာနကို အသိပေးပါ။ သူစိမ်းတွေ ဝင်လာရင်လည်း သတိထားပါ။ သက်ဆိုင်ရာကို အသိပေးပါ။ ကန့်သတ်ထားတဲ့ အရပ်ဒေသတွေကနေ ဝင်လာခြင်းကိုတော့ ကျွန်မတို့ သတိထားရပါလိမ့်မယ်။ စစ်တွေဘက်မှာဆိုရင် ရှောင်တခင် ကျွန်မတို့ ပြည်သူလူထုတွေ သွားရင်းလာရင်းနဲ့ စစ်ဆေးဖို့လုပ်တဲ့ အစီအစဉ်တွေလည်း ချမှတ်ထားပါတယ်။ အဲဒီလိုစစ်ဆေးဖို့ လုပ်တဲ့အခါမှာ လိုလိုချင်ချင်နဲ့ ပူးပေါင်းဆောင်ရွက်ပါ။ အစစ်ဆေးခံရတာဟာ ပြဿနာကြီး မဟုတ်ပါဘူး။ မစစ်ဆေးဘဲနဲ့ ရောဂါရှိနေတာကသာ ပြဿနာဖြစ်ပါလိမ့်မယ်။ စစ်ဆေးလိုက်လို့ ရောဂါတွေ့တယ်ဆိုရင် ချက်ချင်းကုသမှုပေးမှာပါ။ ဘယ်သူ့ကိုမှ ချန်ခဲ့မှာမဟုတ်ပါဘူး။ အားလုံးကို တူညီတဲ့ ကုသမှု ကျွန်မတို့ပေးမှာဖြစ်ပါတယ်။ ဒါကြောင့်မိုလို့ စိုးရိမ်မလွန်ကြပါနဲ့။ အခုအရေးကြီးတာက အားလုံးပူးပေါင်းဆောင်ရွက်ဖို့ပဲဖြစ်ပါတယ်။ အားလုံးစိတ်တည်တည်ငြိမ်ငြိမ်နဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ပဲဖြစ်ပါတယ်။

ဒီစည်းမျဉ်းစည်းကမ်းတွေကို ကျွန်မတို့ နိုင်ငံတော်သတင်းစာတွေထဲမှာ ပြန်ပြီးတော့ ထည့်ပါမယ်။ ထပ်တလဲလဲထည့်ပါမယ်။ သတင်းဌာနတွေကလည်း ဖြန့်ချိပါမယ်။ ပြည်သူလူထုကနေပြီးတော့ ဒီဟာတွေကို အလေးထားပြီး တိတိကျကျ လိုက်နာဖို့ပဲဖြစ်ပါတယ်။ ကျွန်မတို့ အားလုံးအတွက် အကြီးဆုံး လာဘ်လာဘဖြစ်တဲ့ ကျန်းမာရေးဆိုတဲ့ ဆုကြီးကို ကျွန်မတို့ ပြည်သူတွေ အားလုံး ဆုပ်ကိုင်နိုင်ပါစေ။ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့ ဆုတောင်းမေတ္တာ ပို့လိုက်ပါတယ်။

ကျေးဇူးတင်ပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •