ဒေါ်အောင်ဆန်းစုကြည် အပေါ် ယုံကြည်မှုနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပေါ် ပြည်သူလူထုက နားလည်မှု ပေးနေဆဲ ဖြစ်ကြောင်း ဒေါက်တာဇော်မြင့်မောင် ပြော

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ဒေါ်အောင်ဆန်းစုကြည် အပေါ် ယုံကြည်မှုနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပေါ် ပြည်သူလူထုက နားလည်မှု ပေးနေဆဲ ဖြစ်ကြောင်း ဒေါက်တာဇော်မြင့်မောင် ပြော

နေပြည်တော်၊ ဇွန် ၂၄

ပြည်သူလူထုအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်မှုနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပေါ် နားလည်မှု ပေးနေဆဲဟု ယုံကြည်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီ:ချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောဆိုသည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် လွတ်လပ်သောအာရှအသံတို့ ဆွေးနွေးရာတွင် ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကြားဖြတ် ရွေးကောက်ပွဲမှာ ရှုံးသွားတဲ့ နေရာတွေ၊ ကျနော်တို့ရဲ့ အမာခံနယ်မြေ တစ်ချို့ လက်လွှတ် လိုက်ရတဲ့ နေရာတွေ ရှိတယ်။ အဲ့နေရာတွေကို ပြန်နိုင်အောင် ဦးတည်ချက် ထားတယ်။ အလှမ်းဝေးခဲ့တဲ့ မြို့နယ်လေးတွေ ရှိပါတယ်။ စည်းရုံးရေး မသွားခဲ့တဲ့ နေရာလေးတွေ ရှိပါတယ်။ အဲ့လို နေရာလေးတွေမှာ စည်းရုံးရေး ချဲ့ထွင်ထားတာလေးတွေ ရှိပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ၂၀၁၅ ခုနှစ်က လိုပဲ မြို့နယ်တိုင်းကို ပြိုင်မယ်။ နိုင်အောင် ကြိုးစားမယ်။ အစိုးရဖွဲ့နိုင်အောင် ကြိုးစားမယ်။ ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ယုံကြည်တုန်း ရှိသေးတယ်။ NLD အပေါ်မှာ ပြည်သူလူထုက နားလည်မှု ပေးနေတုန်းပဲ ဆိုတာ ကျနော်တို့ သဘောပေါက်တယ်” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောဆိုထားသည်။

NLD အစိုးရ လက်ထက်တွင် တာဝန်ယူခဲ့သည့် လေးနှစ်တာ ကာလအတွင်း အစိုးရ၏ ထင်ထင်ရှားရှား ဆောင်ရွက်မှုနှင့် ပတ်သက်၍ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ကဏ္ဍတို့တွင် သိသိသာသာ တိုးတက်လာကြောင်း ဒေါက်တာဇော်မြင့်မောင်က ဆက်လက် ပြောဆိုသည်။

“သေချာတာ တစ်ခုက လမ်းပန်း ဆက်သွယ်ရေးက အရင်ကဟာနဲ့ လုံးဝ မတူဘူး၊ မန္တလေးတိုင်းတင် မဟုတ်ပါဘူး၊ မကွေး၊ စစ်ကိုင်း၊ ကရင်ပြည်နယ်၊ လမ်းပန်း ဆက်သွယ်ရေးက အကုန်လုံး ကောင်းသွားတာပဲ။ လမ်းပန်း ဆက်သွယ်ရေး ကောင်းသွားပြီ ဆိုလို့ရှိရင် စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာဖို့ လမ်းစပဲလေဗျာ။ (၂) ကတော့ လျှပ်စစ်၊ လျှပ်စစ်ကတော့ တစ်နိုင်ငံလုံး ၅၀ ရာခိုင်နှုန်း ရပြီလေ၊ ၂၀၃၀ ဆိုရင် တစ်နိုင်လုံး မီးလင်းရေးကို ဦးတည် လုပ်နေတယ်၊ မန္တလေးတိုင်းကတော့ ၈၀ ရာခိုင်နှုန်း ကျော်သွားပြီ၊ ၂၀၂၁ မှာ တစ်တိုင်းလုံး မီးလင်းရေးကို ဖေါ်ဆောင်နိုင်မယ်လို့ ယုံကြည်တယ််။ နောက်တစ်ခု ကတော့ အခြေခံ လိုအပ်ချက် ဖြစ်တဲ့ သောက်သုံးရေနဲ့ စိုက်ပျိုးရေ လုံလောက်စွာ ရရှိရေးကို ဇောက်ချလုပ်တယ်၊ အခြေခံ ပြည်သူလူထုရဲ့ လိုအပ်ချက်ကို ဆောင်ရွက် ပေးနိုင်တယ်ဆိုတာ လက်ဆုပ်လက်ကိုင် ပြနိုင်တယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ (၂) ဖြစ်သူ ဒေါက်တာဇော်မြင့်မောင်က ပြောဆိုသည်။

NLD အစိုးရလက်ထက်တွင် ပြည်သူလူထု၏ လူနေမှု ဘဝများ ယခင်ကထက် တိုးတက်မလာဘူး ဟူသည့် ဝေဖန်ချက်နှင့် ပတ်ကပ်၍ ဒေါက်တာဇော်မြင့်မောင်က လူမှုဘဝနှင့် ပတ်သက်သည့် သုတေသနစာတမ်း အချို့ပါ အချက်အလက်များ အရ ဖွံ့ဖြိုးမှု အခြေအနေမှာ ပုံမှန်ရှိနေကြာင်း ပြောကြားခဲ့သည်။

“ကျနော့ဆီမှာ သုတေသနစာတမ်း တစ်ချို့ ရှိပါတယ်။ လူမှုဘဝနဲ့ ပတ်သက်ပြီးတော့၊ ကျနော်တို့ စတက်လာ ကတည်းကိုက ဖွံ့ဖြိုးမှု နှုန်းက ပုံမှန်ပဲဗျ၊ ၆ နဲ့ ၇ ကြားမှာ အမြဲတမ်း ရှိတယ်။ ဒီနှစ်ဆိုရင် ၆.၈ မှန်းထားတယ်ဗျာ။ ဒါပေမဲ့ ကိုဗစ်ကြောင့်မို့ ကျသွားမယ်။ GDP လည်း နှစ်စဉ် တိုးတက်နေတာပဲ။ ပြည်သူလူထုရဲ့ လူနေမှု ဘဝတွေ အရင်ကထက် တိုးတက်မလာဘူး ဆိုတာ ဘာ အချက်အလက်တွေကို ကြည့်ပြီး ပြောတာလဲ မသိဘူး” ဟု ဒေါက်တာ ဇော်မြင့်မောင်က ပြောဆိုထားသည်။

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •