ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ဦးဆောင်သော အိန္ဒိယကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ဦးဆောင်သော အိန္ဒိယကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် အောက်တိုဘာ ၅

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာ ဝန်ကြီးဌာန၊ နိုင်ငံခြားရေးအတွင်းဝန် Mr. Harsh Vardhan Shringla ဦးဆောင်သော အိန္ဒိယ ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၉ နာရီခွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် လက်ခံတွေ့ဆုံသည်။

အဆိုပါ ဂါရဝပြုတွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်နှင့်အတူ အိန္ဒိယနိုင်ငံ ကြည်းတပ်ဦးစီးချုပ် (Chief of Army Staff) General Manoj Mukund Naravane ၊ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံ သံအမတ်ကြီး Mr. Saurabh Kumar နှင့် အိန္ဒိယနိုင်ငံမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ဆက်ဆံရေးပိုမိုတိုးမြှင့်ရေးကိစ္စရပ်များ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ပေါင်းစည်းဆက်သွယ်ရေး၊ ပို့ဆောင်ရေး၊ စွမ်းအင်၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများ၊ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု နယ်ပယ်များ အပါအဝင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ပိုမို နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များနှင့် အခြားအကျိုးတူကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် အိန္ဒိယနိုင်ငံမှ စမ်းသပ်ထုတ်လုပ် နေသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး အောင်မြင်ပါက မြန်မာနိုင်ငံ အပါအဝင် မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းထုတ်လုပ်သွားနိုင်ရေး၊ စစ်တွေဆိပ်ကမ်းအား ၂၀၂၁ ခုနှစ် အစောပိုင်းကာလတွင် လည်ပတ်သွားနိုင်ရေး၊ ရခိုင်ပြည်နယ်တွင် လူငယ်များအတွက် အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်ပို့ချသွားနိုင်ရေးနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ လူငယ်များ အပြန်အလှန် ဖလှယ်မှု မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးမှုအပြီးတွင် အိန္ဒိယအစိုးရက မြန်မာအစိုးရထံသို့ လှူဒါန်းသည့် COVID-19 ကူးစက်ရောဂါကုသရေးတွင် အသုံးပြုမည့် Remdesivir ထိုးဆေး (၃,၀၀၀) ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်ထံမှ လွှဲပြောင်းလက်ခံခဲ့သည်။

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်၏ မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အတွင်း ရခိုင် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အောက်မှ စက်မှုလယ်ယာစခန်းခွဲများအား အဆင့် မြှင့်တင်၍ စက်မှုလယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း စီမံကိန်း သဘော တူညီချက်အား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် အိန္ဒိယသံရုံးတို့အကြား လက်မှတ်ရေးထိုးခဲ့ပြီး မြစ်ကြီးနားမြို့ရှိ ဆော့ဖ်ဝဲရေးသားထုတ်လုပ်မှုနှင့် လေ့ကျင့်ရေး အဆင့်မြင့်သင်တန်းဌာန (Centre of Excellence in Software Development and Training-CESDT )ကို စတင်ဖွင့်လှစ်နိုင်ခဲ့သည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •