ဒေးဗစ်လားနဲ့ ပညတ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

Thet Naing Sein

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ ဗိုလ်တစ်ထောင်စေတီ ပြုပြင်မွန်းမံတဲ့လုပ်ငန်းစတင်မှု အကြောင်းပြုတဲ့ ပွဲအတွက် ဝေဖန်ကြသူတွေထဲမှာ တရားဟောဆရာ ဒေးဗစ်လားကို အပြစ်မရှိ‌ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ နှိုင်းယှဉ်ပြီး အမှုမှ လွတ်မြောက်ရေးအတွက် သွေးတိုးစမ်းတဲ့ သူတွေကို တွေ့လာရပါတယ်။ သူတို့က ဘာသာရေးသက်သက် ခံစားကြသူတွေပါ။
သူတို့က ဒေးဗစ်လားဟာ အခြားတစ်ပါးသော ဘာသာတွေကို ဝေဖန်တိုက်ခိုက်မှုတွေ မလုပ်ခဲ့ပါဘူးဆိုတဲ့ အံ့ဩဖွယ်ရာ ငြင်းဆိုမှုတွေကိုလည်း တွေ့ မြင်ခဲ့ရပါတယ်။ သက်သေခံ ဗီဒီယိုဖိုင်တွေ မကြည့်ချင်လောက်အောင် ပြန့်နှံ့ခဲ့တာ တစ်တိုင်းပြည်လုံးသာမက သူအ‌ ခြေချ နေထိုင်ရာ ကနေဒါနိုင်ငံအထိ သိရှိခဲ့ပါပြီ။ ဒေးဗစ်လားဟာ တရားဟောဆရာထက် လှုံဆော်ရေးသမားဟန်ဆန်ပါတယ်။ တရားဟောဆရာတွေထဲမှာ တခြားသူတွေနဲ့မတူ တစ်မူထူးခြားတဲ့ ‌ဂျေဟိုးဗား အသင်း‌တော်လိုမျိုးကအစ အသင်းတော်‌တွေ အမျိုးစုံအောင်တွေ့ခဲ့ဖူးပါတယ်။ ‌သာမန်တရားဟောဆရာတွေဟာ ဘာသာရေးအရ ဟောပြောမှုတွေကို သူတို့ရဲ့ ရည်ရွယ်ချက်ပန်းတိုင်ဆီပဲ အာရုံထားကြပါတယ်။ အဓိကအ‌နေနဲ့ မယုံကြည်သေးသောသူတွေအတွက် သူတို့ဘာသာကို ယုံကြည် ကိုးကွယ်လာအောင်၊ ယုံကြည်ပြီးသား သူတွေအတွက်ယုံကြည်ချက်ခိုင်မာ လာအောင်ပါ။
ဒေးဗစ်လားကတော့ တစ်မူကွဲပြားပါတယ်။
ဘာသာတူ အချင်းချင်းပင်လျှင် တစ်ခြားအသင်းတော်များ အပေါ် ရိုးရာလုပ်ထုံး လုပ်နည်းများကို ရှေ့တန်းတင်‌နေသည့်အတွက် ဘုရားကို ယုံကြည်မှုများမှာ နှလုံးသားထဲ ထဲထဲဝင်ဝင် စူးနစ်မှုမရှိဟု ဝေဖန်ချက်များကို ထပ်ခါထပ်ခါ ပြောဆိုထားတာကို တွေ့ရပါတယ်။
သူတစ်ပါး ဘာသာတရားတွေကိုလည်း ဝေဖန် တိုက်ခိုက် စိန်ခေါ်ထားပါတယ်။
ပညတ်တွေပြောရင် အကုသိုလ်ဖြစ်ရသတဲ့ ဆိုသောစကားနဲ့ လှောင်‌ပြောင် တိုက်ခိုက်ပြောဆိုခဲ့တဲ့ ဗီဒီယိုကြည့်ရပါတယ်။
တကယ်တန်းပြောရရင် သူက ပညတ်နဲ့ ပရမတ်ကို မကွဲပြားပါ။
ဘုရားသခင်က လူ့ခန္ဓာကိုယ်ကို မြေမှုန့်နဲ့ ဖန်ဆင်းပြီး အသက်ကိုမှုတ်သွင်းပါတယ်။ ရုပ်နဲ့နာမ်ဆိုတာပရမတ်ပါ။
အာဒံရဲ့ နံရိုးတစ်ချောင်းကိုယူပြီး ဧဝကို ပွားယူဖန်ဆင်းပါတယ်။
သေခြာတာက အာဒံဆီကနေ ဧဝဖြစ်လာတဲ့အတွက်
ယောင်္ကျားမိန်းမ ဆိုတာလည်း ပညတ်ပါ။ ပရမတ်ကတော့ ရုပ်နာမ် နှစ်ခုပါပဲ။ အားလုံးခြုံငုံပြောရရင် ငါ သူတပါး
ယောင်္ကျား၊ မိန်းမ မရှိပါဘူး။
ဘုရားဖန်ဆင်းထားတဲ့ ရုပ်နာမ်ပဲရှိပါတယ်။
ဒေးဗစ်လားကိုခေါ်ချင်ရင် ဒေဗစ်လားဆိုပြီး ခေါ်မှဖြစ်မှာပါ။ ဖြိုးမင်းသိန်းကို ခေါ်ရင်လည်း ကွီးဖြိုးခေါ်မှ ရမှာပါ။
ဒါမှလည်းသူတို့ကို ခေါ် နေမှန်းသိပြီး ပြန်ထူးကြမှာပါ။
အဲသလိုမှမဟုတ်ပဲ “မြေမှုန့်နဲ့ဖန်ဆင်းပြီး အသက်မှုတ်သွင်းထားတဲ့သူ‌ရေ” လို့ခေါ်မယ် ဆိုရင်တော့ လူတွေက အများကြီးပါ။ ဘယ်သူ့ကို ခေါ်တယ်ဆိုတာ ကွဲပြားမှာမဟုတ်ပါဘူး။
“ရုပ်နာမ်ရေ” ဆိုပြီးခေါ် လည်း အဆင်ပြေမှာ မဟုတ်ပါဘူး။ အဲသလိုအခါမျိုးမှာ ပညတ်ကို သုံးကိုသုံးမှ ဖြစ်မှာပါ။
ဘုရားသခင်ဖန်ဆင်းထားတဲ့ ရတနာတွေလည်း ပညတ်တွေပါပဲ။ ဒါပေသိ ပညတ်တွေချည်း မြင်နေရင် တန်ဖိုးအနည်းအများ အလိုက် စိန်၊ ရွှေ၊ ငွေ၊ ကြေး၊ ဘော်တွေဆိုပြီး ခွဲခြားခံစားနေမှာပါ။ တကယ်တော့ တစ်ခုတည်းသော အရာကနေ ကွဲပြားအောင်ထပ်မံ ဖန်ဆင်းထားပြီး ပရမတ်အမှုန်တွေနဲ့ စုစည်းထားတဲ့ အဲဒီ့ စိန်၊ ရွှေ၊ ငွေဆိုတဲ့ ပညတ်တွေကို စွဲနေမယ်ဆိုရင်သာ လိုချင်တဲ့ တပ်မက်တဲ့ လောဘတွေတက်မယ်၊ ပူလောင်တဲ့ အကုသိုလ်တွေများမယ်ဆိုတဲ့ သဘောပါ။
အဲဒါကို ဒေးဗစ်လား သဘောမပေါက်ပါ။
ပညတ်အကြောင်းပြုပြောရင်း ဒေးဗစ်လား စိန်ခေါ်တာလေး သတိရလို့ပါ။ ပညတ်တွေပြောတိုင်း အကုသိုလ်အပြစ်မဖြစ်ပဲ ပညတ်တွေကို ကိုယ်လိုရာ ဆွဲယူ စွဲလန်းမှသာ အပြစ်အကုသိုလ်ဖြစ်နိုင်ပါတယ်။
အဲသလို ကျကျနန ဂဃနဏ မသိရှာတဲ့ ဒေးဗစ်လားကို သီလ၊ သမ္မာဓိနဲ့ ပြည့်စုံတဲ့ ဆရာတော်ကြီးတွေကရော၊ သိက္ခာတော်ရ တရားဟောဆရာတွေကပါ ဘာမှမပြောပဲ နှုတ်ဆိတ်ပြီး ဥပေက္ခာသာပြုနေကြတာ သတိထားမိကြမှာပါ။
တကယ်တော့ ဒေးဗစ်လားကို ဘယ်အသင်းတော်ကမှလည်း ‌တရားဝင်ထောက်ခံကြောင်း ထုတ်ပြန်ထားခြင်းမျိုးလည်း မတွေ့ရသေးပါ။
ဒါကြောင့် ဒေးဗစ်လားအကြောင်းပြုပြီး ဘာသာရေးအုပ်စုအမြင်နဲ့ တောင်းဆိုတာတွေရှောင်ကျဉ်ခြင်းဖြင့် အကျိုးပြုပေးကြပါ။ ဘာသာမတူတာ အသင်းတော်ကွဲပြားတာတွေ မတူညီကွဲပြားတာတွေကို မတိုက်ခိုက်ကြပဲ ကိုဗစ်၁၉ ကပ်ဘေးကြီး လွန်မြောက်ရေးအတွက် ဝိုင်းဝန်းဆုမွန်ကောင်းတောင်း‌ပေးကြပါ။
မြန်မာပြည်ကြီးမှာ ဘာသာပေါင်းစုံ အားလုံး အေးချမ်းသက်ငြိမ်ပြီး ထာဝရ ကောင်းချီးမင်္ဂလာ ရကြပါစေ။
အေးချမ်းပါစေ မြန်မာပြည်။

<Thet Naing Sein>


Spread the love
  •  
  •  
  •  
  •  
  •  
  •