ဓာတ်ခွဲအဖြေ မရမီ သံသယလူနာများ နေအိမ်တွင် စောင့်ဆိုင်းနိုင်မည့် အစီအစဉ် အင်းစိန်တွင် စမ်းသ​ပ်နေ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဓာတ်ခွဲအဖြေ မရမီ သံသယလူနာများ နေအိမ်တွင် စောင့်ဆိုင်းနိုင်မည့် အစီအစဉ် အင်းစိန်တွင် စမ်းသပ် လုပ်ဆောင်

နေပြည်တော်၊ စက်တင်ဘာ ၁၇

ကိုဗစ် သံသယလူနာများ ဖျားနာကု အခမဲ့ဆေးခန်း (Fever Clinics) တွင် ဓာတ်ခွဲနမူနာ ရယူပြီး အဖြေမထွက်သေးမီ နေအိမ်မှတွင်သာ စောင့်ဆိုင်းနိုင်မည့် အစီအစဉ်ကို အင်းစိန်မြို့နယ်တွင် စတင် စမ်းသပ် လုပ်ဆောင်လျက် ရှိသည်။

အဆိုပါ အစီအစဉ်အား အဆင်ပြေပါက အခြား မြို့နယ်များတွင်လည်း ပြုလုပ်နိုင်မည် ဖြစ်ကြောင်း Community Fever Clinic Yangon Network တာဝန်ခံ ဒေါက်တာ ကျော်မင်းထွန်းက ဘီဘီစီ သတင်းဌာနသို့ ပြောကြားထားသည်။

စက်တင်ဘာ ၁၁ ရက်တွင် စတင်ခဲ့သည့် အစီအစဉ်အရ အင်းစိန် ဖျားနာကု အခမဲ့ဆေးခန်းမှ ဓာတ်ခွဲနမူနာ ၂၀ ရယူခဲ့ပြီး အတည်ပြုလူနာ ၆ ဦး တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

သံသယလူနာများ အနက် ကျန်းမာရေး ကောင်းမွန်သူများ၏ ဓာတ်ခွဲနမူနာများ ရယူပြီး နေအိမ်တွင် အဖြေ စောင့်ခိုင်းသည့် စနစ် ကျင့်သုံးခြင်း ဖြစ်ကာ သက်ကြီးရွယ်အိုနှင့် ရောဂါ အခံရှိ၍ ကျန်းမာရေး မကောင်းသူများအား ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ကြောင်း ဒေါက်တာကျော်မင်းထွန်းက ပြောကြားသည်။

နေအိမ်တွင် အဖြေ စောင့်ဆိုင်းနေသည့် သံသယလူနာများ အနေဖြင့် ကျန်းမာရေး အခြေအနေ ဆိုးရွားလာကြောင်း ဆေးခန်းသို့ အကြောင်းကြားခဲ့လျင်လည်း လူနာတင်ယာဉ်ဖြင့် သွားရောက် ခေါ်ဆောင်ပေးကြောင်း ဒေါက်တာကျော်မင်းထွန်းက ဆက်လက် ပြောဆိုသည်။

ဓာတ်ခွဲအဖြေ Positive ဟု အကြောင်းကြားသည့် အခါ လူနာ ကြောက်ရွံ့ ထွက်ပြေးသွားမည်ကို စိုးရိမ်ရပြီး ဖျားနာကု အခမဲ့ဆေးခန်း အနီးတွင် အဖြေစောင့်ဆိုင်းနေသည့် သံသယလူနာများ ထားရှိရန် နေရာ စီစဉ်လျက် ရှိကြောင်း သိရှိရသည်။

အဆိုပါ ဆေးခန်းတွင် တနင်္လာနှင့် သောကြာ နှစ်ရက်၊ ဓာတ်ခွဲနမူနာ ရယူလျက် ရှိပြီး အခြေအနေအပေါ် မူတည်၍ ရက်တိုး ရယူလျက် ရှိကြောင်း သိရှိရသည်။

Source: BBC

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •