နတ်သုဒ္ဓါဒူးရင်းသီးနဲ့ မျက်ရည်ပင်လယ်
=========================================
“အမိအဖမရှိတော့လည်း လက်ခံရမှာပေါ့။ တနေ့တစ်ခါမှာ ငွေသိန်းနဲ့ချီရဖူးအောင် မောင်သိန်းလို့နာမည်ပေးမယ်။” ဆရာဘုန်းကြီးက မိမိရှေ့မှာလက်အုပ်ချီ၍ ပုဆစ်တုပ်ထိုင်နေသော ကလေးကိုမိန့်သည်။
ဘုန်းကြီးကျောင်းသားမောင်သိန်းအသက်၁၅ နှစ်လောက်မှာ ဂျပန်တော်လှန်ရေးဖြစ်ပြီး တော်လှန်ရေးတပ်များအတွက် မောင်သိန်းသည် အားကိုးရသည့် ရဲဘော်တစ်ဦးဖြစ်ခဲ့သည်။
လွတ်လပ်ရေးရပြီးသည့်နောက် အရွယ်ရောက်လာသည့်မောင်သိန်းတစ်ယောက် တပ်မတော်ထဲကိုဝင်ကာ ရှမ်းပြည်တွင် တာဝန်ကျသည်။
ကျိုင်းတုံနှင့်တာချီလိတ် တဝိုက်ကျုးကျော်ဝင်ရောက်လာသော တရုတ်ဖြူကူမင်တန်တို့နှင့် မောင်သိန်းတို့တပ် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားသည်။
တရက် မိုင်းဆတ်အနားတွင် မောင်သိန်းတို့တပ်ကို ရန်သူတို့အဝိုင်းခံရသည်။ ကူမင်တန်တပ်တွေ ဝိုင်းပစ်တာမှ ခေါင်းတောင်မဖော်ရဲအောင်ခံနေရသည်။ ၇ ရက်လောက်အိတ်ထဲမှ ဆန်ကိုပဲ ဝါးစားကာ ဝပ်နေရကာ ရိတ်ခါပြတ်လေသည်။
တပ်မတော်လေမှ ရိတ်ခါချပေးသည်မှာ အနီးအနားတွင် မြင်နေရသော်လည်း ထမယူရဲ။ ကတုတ်ကျင်းထဲမှ ထယူသည်နှင့် ပစ်ချခံရသည်။ တက်ယူ၍ ကျဆုံးသူကိုတောင်မဖယ်နိုင်အောင် အသေဖိပစ်ထားသည်။
နောက်ဆုံးတွင် ရဲဘော်မောင်သိန်းနှင့် ရဲဘော်စံလှတို့ အသေခံကာ တစ်ညတွင်တက်ယူကြသည်။ မယူရင်လည်း အားပြတ်ကုန်တော့မည်။
ရန်သူကမီးထိုးပစ်ရာ ရဲဘော်စံလှကျဆုံးပြီး ရဲဘော်မောင်သိန်းကတော့ နောက်ကျောတွင် ကံကောင်းစွာ ရိက္ခာထုပ်ခံနေ၍ အသက်ဘေးကလွတ်လေသည်။
သို့သော် ကတုတ်ကျင်းအဝတွင် ခြေသလုံးကိုကျည်ဖောက်မှန်ပြီး ရိက္ခာထုပ်နှင့်အတူ ခွေကနဲကျသွားသည်။
မောင်သိန်းတစ်ယောက် ခြေထောက်းဒူးဆစ်မှဖြတ်ပစ်လိုက်ရပြီး တပ်မတော်မှ အနားယူလိုက်ရသည်။
မိမိ၏ ဇာတိချက်ကြွေ ကျိုက်မရောမြေသို့ ပြန်လာသည့် စစ်ပြန်မောင်သိန်းတစ်ယောက် အသက်မွေးဖို့ ဘဘုန်းကြီးထံပန်ကြားသည်။
တကာတစ်ယောက်၏ အစီအစဉ်ဖြင့် ရွာအစွန်တွင် ၅ ဧကကျော် ခြံကလေး ထူထောင်ဖြစ်သည်။ ထိုနေရာဖိုးကို တဖြည်းဖြည်းပြန်ဆပ်ရန်ဖြစ်သည်။
မောင်းသိန်က ဒူးရင်းသီးအကြိုက်ဆုံးဖြစ်၍ ဒူးရင်း၊ မင်းဂွတ်၊ ကြက်မောက်၊ ကျွဲကောတို့ကို သူစိတ်ကြိုက်အကွက်ဖော်ကာစိုက်သည်။
ပိန္နဲစသည့် အခြားရာသီပေါ်သီးပင်စားပင်အစုံစိုက်လေရာ မောင်းသိန်း၏ ဥယျာဉ်သည် စိမ်းစိမ်းစိုစိုနှင့် အလွန်အေးချမ်းလေသည်။
မောင်းသိန်းက သစ်ပင်များကို မိမိ၏ သားသမီးများကဲ့သို့ပြုစုသည်။ သစ်ပင်တွေဝေဆာလာတော့ 🦜 ကျေးငှက်သာရကာနှင့် 🐿️ ရှဉ့်စသည့် တိရစ္ဆာန်များလည်း စုံလင်စွာ လာရောက်ကျက်စားသည်။
တနေ့တွင် ဘူမိပညာရှင် နိုင်ငံခြားသားတစ်ယောက်ရောက်လာပြီး မောင်သိန်း၏ခြံကို အလွန်သဘောကျသည်။ သစ်သီးတွေမှာ စုံလင်ကာ ချိုမြိန်ပြီး နေရာသာယာလှသဖြင့် Paradise ဟု နာမည်ပေးသည်။
မောင်သိန်းက “ပါရာဒိုက်”ဆိုတာဘာလဲဟုမေးရာ အလွန်တရာသာယာသည့် နိဗ္ဗာန်ဘုံဟု ဘာသာပြန်ကပြောသည်။
ဤတွင်မောင်သိန်းက သူ့ခြံကို ပါရာဒိုက်ခြံဟုနာမည်တပ်သည်။
နေ့ကိုလစားရင်း အချိန်တွေရွေ့လျားလာကာ မောင်သိန်းလည်း အဘသိန်းဖြစ်လာသည်။ သားသမီးမြေးမြစ်တွေနှင့် အဘသိန်း၏ ပါရာဒိုက်ခြံကလေးလည်း လူစည်ကားနေသည်။
အဘသိန်းက မြို့ကိုမကြိုက်။ တောကိုသာကြိုက်သည်။ “တို့တောက ပြဿနာကင်းတယ်။ အေးချမ်းတယ်။ အနှောင့်အယှက်ကင်းတယ်” ဟုပြောလေ့ရှိသည်။
🌳🌲🌴🌿ဘယ်သူမှလာမနှောက်ယှက်မည့် နိဗ္ဗာန်ဘုံလေးကို သူ့လက်သူ့ခြေနှင့်တည်ဆောက်သည်။
အဘသိန်းကို တစ်နေ့တွင် ထိုင်းမှပြန်လာသူတစ်ဦးက ဒူးရင်းသီးမျိုးတစ်မျိုးလက်ဆောင်ပေးသည်။ တော်ဝင်မိသားစုအားဆက်သည့်အမျိုးဟုပြောသည်။
အဘသိန်းလည်း ထိုဒူးရင်းပင်လေးကို အသေအချာဂရုစိုက်သည်။ စိုက်မည့်မြေကိုစိတ်တိုင်းကျပြုပြင်သည်။ ဒူးရင်းပင်လေးကို စကားတတွတ်တွတ်ပြောသည်။
ဒူးရင်းပင်လေးကြီးလာသည်နှင့် ပင်စည်ကို တယုတယပွတ်သပ်ကာ “သားရေ မြန်မြန်ကြီးပါတော့” ဟုစကားပြောလေ့ရှိမြဲဖြစ်သည်။
ဒီလိုနှင့် နှစ်တွေကြာလာကာ ဒူးရင်းပင်လေးက သီးရာ အလွန်တရာမှ အရသာထူးသည်ကိုတွေ့ရသည်။
အဘသိန်းလည်း ထိုအသီးကို နတ်သုဒ္ဓါဒူးရင်းသီးဟုခေါ်သည်။ ကိုယ်စိုက်သည့်အပင်ဖြစ်ထွန်းခြင်းကို နေ့စဉ်အရိပ်တကြည့်ကြည့်နေရသည့်ပီတိအရသာကို အပင်စိုက်သူများသာသိနိုင်သည်။
သို့သော်…. တနေ့တွင် အဘသိန်း၏ သမီးကပြောသည်။ လူတွေစိတ်ညစ်နေသည်။ နာမည်ကြီး Company တစ်ခုက စက်ရုံဆောက်ဖို့ပြင်နေသည်ဟု.. ပြောသံကြားရသည်…တဲ့။
တကယ်လည်း…….. စက်ရုံအတွက် ဧကရာချီ မြေသ်ိမ်းရာ အဘသိန်းတို့၏ ရွာကလေးလည်းပါသွားသည်။
တစ်ဧကမှ တစ်သိန်းကျော်ပေးသည့် မည်ကာမတ်တ လျှော်ကြေးလေးနှင့် မိမိတို့၏ တန်ဖိုးရှိသည့် ဥယျာဉ်ခြံကို မည်သူကလဲနိုင်မည်နည်း။
ရွာသားတွေနှင့် မြေသိမ်း company တို့စကားများကြသည်။ ရွာသားတွေကို ခေါင်းမာသူများဟု မြေသိမ်း company ပိုင်ရှင်ကြီးက နာမည်တပ်သည်။
တနေ့တွင် “ဝရီး….. ဝရီး” နှင့် လက်ကိုင်လွှစက်သံကြားရသည်။ အဘသိန်းနှင့် အနီးအနားရှိခြံများမှ အပင်တို့မှာ လွှစက်ဒဏ်ဖြင့် အတုံးအရုံးလဲကုန်သည်။
ငွေရှင်ဓနရှင်သည် လက်နက်ကိုင်များအားကိုးနှင့် ခြံတွေကို အတင်းရှင်းပစ်ခြင်းဖြစ်သည်။
အဘသိန်းထွက်ကြည့်တော့ ပြောက်ကျားယူနီဖောင်းနှင့် တပ်သားအချို့နှင့် Company ဝန်ထမ်းအချို့တွေ့ရသည်။ ငွေယူကာ ရွာသားဘက်မပါသည့် ရွာလူကြီးလည်းပါသည်။
တပ်တွေရှုပ်ထွေးရောနှောနေသည့် နေရာမှာ ဘယ်အဖွဲ့အစည်း ဘယ်တပ်ကမှန်း အဘသိန်းမသိချေ။
အဘသိန်းနှင့် Company ဝန်ထမ်းတို့ စကားများကြသည်။ “ဒီမယ်… ကျုပ်တို့သူဌေးက သာသနာအကျိုးသယ်ပိုးနေတဲ့ လူကြီးဗျ” ဟုဆိုကာ အဘသိန်းကို ဓာတ်ပုံတပုံပြသည်။
ဒီမယ်မောင်ရင်… “ဗိဋကတ်သုံးပုံကို သူခိုးက ရင်ခွင်ပိုက်ပြရုံမကလို့ ခေါင်းပေါ်ပဲတင်ထားတင်ထား သူခိုးက သူခိုးပဲကွ။”
“မင်းတို့က လက်နက်အားကိုးနဲ့ မြေသိမ်းဒမြတွေ။” အဲဒီမှာ ယူနီဖောင်းနှင့် လက်နက်ကိုင် တစ်ယောက်က အဘသိန်းကို ဒေါသတကြီး ပစ်တွန်းလိုက်သည်။
အသက် ၇၀ ကျော်အဘသိန်း မြေပေါ်မှာ ပြိုလဲသွားသည်။ သည်တော့မှ အားလုံးက အဘသိန်းမှာ ခြေထောက်တစ်ဖက်မရှိသည့် ဒုက္ခိတမှန်းသိကြသည်။
အဘသိန်း မြေပေါ်မှ အသာလေး ကုန်း၍ အားယူကာ… ထလာသည်။ မေးကြောကြီးတင်းလာကာ ရင်ကော့လိုက်သည်။
“ဒီမှာ ဗိုလ်ကြီး…. ဗိုလ်ကြီးတို့ဘယ်တပ်၊ ဘယ်အဖွဲ့အစည်းကမှန်း ကျုပ်မသိဘူး။ ဒါပေမယ့် ကျုပ်ဟာ… ဂျပန်ကို ၁၅ နှစ်သားနဲ့ တိုက်ခဲ့တယ်။ တရုတ်ဖြူကျုးကျော်စစ်ကိုလည်း အသေခံတိုက်ခဲ့ သူပါဗျ။”
“ကျုပ်ရဲ့…. ခြေတစ်ဖက်ဟာ ကျုပ်တို့မြေကို ကျုးကျော်လာတဲ့ ပြည်ပကျုးကျော်စစ်ကို ရင်ဆိုင်အသေခံတိုက်ရင်း နိုင်ငံအတွက် တန်ဖိုးရှိစွာ ပေးလှုခဲ့ရတာပါ။”
“အခုကျုပ်ရင်နာတာက ကျုပ်ဟာ ပြည်ပကျုးကျော်စစ်ကို အသက်ပေးတိုက်ခဲ့ပြီး အမိမြေကို တစ်လက်မမှ မပါရအောင် ကာကွယ်ခဲ့ပေမယ့် ကျုပ်တို့လူမျိုးအချင်းချင်း လက်နက်ကိုင်ပြီး ကျုပ်ရဲ့ကိုယ်ပိုင်မြေကို လက်နက်ပြ ကျုးကျော်လာတာကို ကျုပ်မကာကွယ်နိုင်တာကိုဗျ။”
“ကျုပ်တို့တုန်းက လက်နက်ကိုင်တယ်ဆိုတာ တိုင်းပြည်အတွက်ဗျ။”
“မကျေနပ်ရင် ကျုပ်ကိုသတ်သွား သေရဲတယ်ဗျ။ ပခုံးပေါ်မှာ ကြယ်ပွင့်တစ်ရာလောက် ပြွတ်သိပ်တင်ထားလည်း နိုင်ငံကို တကယ် ကာကွယ်ဖို့ မကြိုးစားရင် အလကားပဲ။” အဘသိန်းရင်ကော့ပေးလိုက်သည်။
အားလုံးမျက်နှာရဲသွားကြသည်။ ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့ကြချေ။ ယူနီဖောင်းဝတ်ဗိုလ်က စိတ်မကောင်းသည့်မျက်နှာနှင့် ချာကနဲ လှည့်ထွက်သွားသည်။
“ဒီမှာ ဆရာကြီးရယ် ကျမတို့ဟာ အခုခံစားရတာတွေကို မခံနိုင်လွန်းလို့ ည ၁၂ နာရီ ၁ ချက်အထိ မအိပ်နိုင်လို့ တရားခွေဖွင့်ပြီး မျက်ရည်ပင်လယ်ဝေရပါတယ်ရှင်။”
“မျက်ရည်ကလွဲလို့ ကျမတို့မှာ ဘာမှမရှိပါဘူးရှင်။”
“ဒီမြေဟာ ကျမတို့ရဲ့ စီးပွားရေးပါရှင်။ စီးပွားရေးအသိမ်းခံရလို့ မျက်ရည်ကျနေတာ ကျမတစ်ယောက်တည်းမဟုတ်ပဲ ထုတ်မပြောပဲ မျက်ရည်ကျနေကြတာ အားလုံးလိုလိုပါရှင်။”
“ရှင်တို့သူဌေးလည်း သူများကို ဒီလိုလုပ်ရင် ပြန်ဝဋ်လည်ပြီး မျက်ရည်ပြန်ကျကာ မအိပ်နိုင်ပဲ ဖြစ်ရတတ်ပါတယ်ရှင်။” အဘသိန်းရဲ့သမီးက ဝင်ပြောသည်။
နောက်ဆုံးတွင် company ဝန်ထမ်းက အဘသိန်းအား တောင်းပန်သည်။ သူ့မှာလည်း သူဌေးခိုင်းသည့်အတိုင်း မလုပ်နိုင်လျှင် အလုပ်ပြုတ်မည်။
နောက်ဆုံးတွင် အဘသိန်းက တပတ်အချိန်ယူပြီးပြောင်းပေးရန်သဘောတူသည်။
ပြောင်းမည့်နေ့တွင် အဘသိန်းက အထုပ်အပိုးတွေနှင့် ထွက်လာသည်။ သူ့ရဲ့ နတ်သုဒ္ဓါဒူးရင်းသီးပင်ကို နုတ်ဆက်သည်။
“သားရေ… နတ်သုဒ္ဓါရေ… အဘတော့ သားနဲ့ ခွဲရတော့မယ်ကွဲ့”
စောင့်နေသည့် လွှစက်သမားတွေကိုလည်း သူ့ရှေ့မှာ သစ်ပင်ကို မလှဲရန်တောင်းပန်ပါသည်။
သစ်ပင်လှဲရမည့် လွှစက်သမားတွေကလည်း အဘသိန်းဝေးကွာသွားသည့်အချိန်အထိစောင့်ပေးပါသည်။
နာရီဝက်ခန့်အကြာတွင် အဘသိန်းတစ်ယောက် အထုပ်ကလေးဆွဲပြီး တဖြည်းဖြည်းလျှောက်နေချိန်တွင်….. “ဝရော” ဆိုသည့်ဆူညံသည့်လွှစက်သံကို အဝေးမှကြားလိုက်ရပြီး ဝုန်းကနဲ အပင်ပြိုလဲကျသွားသည့်အသံကို ပါ ကြားလိုက်ရသည်။
ထိုအသံနှင့်အတူ အဘသိန်းလည်း လွှစက်နှင့်ပိုင်းလိုက်သလို လဲပြိုကျသွားလေသည်။
နောက်တပတ်ခန့်အကြာတွင် မြေသိမ်းသူဌေးကြီး၏ ချွေးမက Facebook တွင် စာရေးတင်လိုက်သည်။
“မော်လမြိုင်ကနေ မြေးတွေအတွက် ပို့လိုက်တဲ့ ဒူးရင်းသီးတွေ နတ်သုဒ္ဓါလိုပဲချိုတယ်။”
အောက်က Like ပေါင်းများစွာ ရသတည်း။
အဘသိန်းကား နတ်သုဒ္ဓါဒူးရင်းသီးတွေ ချိုသလား၊ ခါးသလား မပြောနိုင်တော့ပါ။
အဘယ့်ကြောင့်ဆိုသော်….. ထိုနေ့ကား အဘသိန်း၏ ရက်လည် ဖြစ်သောကြောင့်တည်း။
Richard Myo Thant
17-Sep-2019
( ဒူးရင်းသီးတွေပေါ်ပြီမို့ ရသဖတ်ချင်သူတွေအတွက် မနှစ်ကရေးခဲ့တာလေးကို ပြန် တင် ပေးလိုက်ပါတယ်။
အဘသိန်းတကယ်ရှိလား မေးကြလွန်းလို့ ကျနော်က ဆရာကြီး အာကေနရာရမ်းရဲ့ “The Axe” ကို ဆီလျှော်အောင် မြန်မာမှုပြုထားတာသာ ဖြစ်ပါကြောင်း ပြောပါရစေ။
တရုတ်ဖြူကျူးကျော်စစ်မှာ ကံကောင်းလို့မသေတဲ့ အဘသိန်းလည်း တကယ်ရှိပါကြောင်းနဲ့ ခြံစိုက်စားတဲ့ အဘသိန်းပေါင်းများစွာအတွက် စာနာပြီးရေးခဲ့ကြောင်းပါခင်ဗျား။ သို့သော်မည်သူ့ကိုမျှ မရည်ရွယ်ပဲ လူ့သဘာဝကိုသာ ရေးထားတာဖြစ်ကြောင်းပါခင်ဗျား။
မနှစ်က တပ်ရင်းမှုးညီလေးတစ်ယောက်ဆီသွားလည်ရင်း ခြေရှုပ်နေတဲ့ အဖွဲ့စုံရယ် ဥယာဉ်ခြံတွေရယ် The Axe ရယ်ပေါင်းပြီး ရင်ထဲမှာ စာစီလာခဲ့တာပါ။
မျှော်ရစ်က “ရသ”ထက်တကယ်တော့ လူတစ်ယောက်ရဲ့”ဘဝအဓိပ္ပာယ်အကြောင်း”ကို အဓိကရေးချင်တာပါ။
ရသက “ပြဒါးလင်းဂူတွေ့ရှိခြင်း” ဆိုပြီး ရေးဖို့ရှိနေပါကြောင်း။ မျှော်ရစ်က ဒီအပတ်ထဲမှာ ရေးပြီးသမျှတင်ပေးပါမယ်ခင်ဗျား။
အခုလောလောဆယ် နတ်သုဒ္ဓါဒူးရင်းသီးလေးပဲ မြည်းကြအုံးနော်။)