နယူးယောက်နှင့် ရန်ကုန်တို့၏ ကိုဗစ် ကိုင်တွယ်ပုံများကို နှိုင်းယှဉ်လေ့လာခြင်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နယူးယောက်နှင့် ရန်ကုန်တို့၏ ကိုဗစ် ကိုင်တွယ်ပုံများကို နှိုင်းယှဉ်လေ့လာခြင်း

နယူးယောက်ရဲ့ အုပ်ချုပ်ရေးမှူး (ခ) ပြည်နယ်ဝကခဟာ Andrew Coumo ပါ။ နယူးယောက်က အုပ်ချုပ်ရေးမှူးဟာ တိုက်ရိုက်အရွေးခံရတာဖြစ်ပြီး သမ္မတထရမ့်ကို ဩဇာမခံပါ။ သူ့အောက်မှာ ပြည်နယ်ကျန်းမာရေးဝန်ကြီး၊ ရဲ၊ ပြည်နယ်စောင့်တပ်တွေရှိပါတယ်။ မတ်လ ၁ ရက်မှာ ပထမဆုံးပိုးတွေ့ပြီး မတ် ၇ ရက်မှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ နယူးယောက်ရဲ့ လူတစ်ဦးပျှမ်းမျှ တစ်နှစ်ဝင်ငွေက ဒေါ်လာ ၇ သောင်းပါ။ မြန်မာက ဒေါ်လာ ၁၃၀၀ ပါ။ နယူးယောက် လူဦးရေ ၁၉ သန်းခန့်ရှိပြီး ရန်ကုန်က လူဦးရေဟာ ၄ သန်းခွဲကနေ ၇ သန်းခန့်ရှိတယ်လို့ ခန့်မှန်းရပါတယ်။

နယူးယောက်မှာ ဆေးရုံကုတင် ဟိုတယ်မပါ ၂ သောင်းခွဲ၊ ဟိုတယ်အခန်းကုတင်ပါပါရင် ၃ သောင်းခွဲပါ။ ကမ္ဘာကျော်ဆရာဝန်တွေရှိပါတယ်။ ဒါတောင် မတ် ၇ ရက်မှာ အရေးပေါ်ကြေညာပေမယ့် ဧပြီ ၂၅ နောက်ပိုင်းမှ ရောဂါဖြစ်သူ၊ သေဆုံးသူ လျော့သွားခဲ့ပါတယ်။ ၂ လ နီးပါးကြာခဲ့ပါတယ်။ သူက အရေးပေါ်ဆေးရုံ Queens Field Hospital ကို ဒေါ်လာ ၅၂ သန်းအကုန်ခံဆောက်ခဲ့ပြီး ဆေးရုံပြီးတာ နောက်ကျလို့ လူနာ ၇၉ ယောက်သာ ကုနိုင်ခဲ့ပါတယ်။ မနေ့ကအထိ နယူးယောက်မှာ ရောဂါပိုးတွေ့သူ စုစုပေါင်း လေးသိန်းငါးသောင်းကိုးထောင်ရှိနေပြီး သေသူက သုံးသောင်းနှစ်ထောင်ကျော်ပါ။ ဒါက ကမ္ဘာပေါ်က ဖယ်ဒရယ်ခြေဥရှိပြီး ချမ်းသာတဲ့ နိုင်ငံမှာပါ။
လန်ဒန်မှာကတော့ ကိုဗစ်ဖြစ်ချိန်မှာ အရေးပေါ်ဆေးရုံဆောက်တာ ပေါင်သန်း ၂၂၀ ကုန်ခဲ့ပါတယ်။ သူတို့က နှစ်ပတ်အတွင်းဆောက်နိုင်လို့ ဂုဏ်ယူနေခဲ့ပါတယ်။

စာရေးသူတို့ ရန်ကုန်ကို ပြန်ကြည့်ရအောင်။ အနောက်ဘက်ကလူတွေ လေယဉ်နဲ့လာတာဟာ ကွီးဖြိုးတားလို့ရတဲ့အထဲမှာ မပါခဲ့ပါ။ ဖယ်ဒရယ်လဲမရှိသလို ရဲနဲ့ ကျန်းမာရေးဟာလဲ ဒေါင်လိုက် ဆက်ဆံရေး ပါ။ ပြည်နယ်စောင့်တပ်မရှိသလို နယူးယောက်အုပ်ချုပ်ရေးမှူးလို သူ့ဖာသာထပြီး အရေးပေါ်အခြေအနေ ကြေညာလို့လဲမရပါဘူး။ ဒါက ခြေဥအရဖြစ်နေတာပါ။ မြန်မာခြေဥက ဗဟိုကို အခြေပြုထားပါတယ်။

ဒါပေမယ့် နယူးယောက်တို့ လန်ဒန်တို့နဲ့ မတူတာက ပြည်သူတွေရဲ့ စေတနာပါ။ အစိုးရအဖွဲ့ထဲမှာ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ အလုပ်သမားက တိုင်းဝန်ကြီး ဒေါ်မိုးမိုးစုကြည်တို့ကလဲ ကွီးဖြိုးနဲ့အတူ နေ့မအား ညမအား လုပ်နေကြတာ အားရစရာပါ။ ဖောင်ကြီးကိုဆောက်ရာမှာ အချိန်ရခဲ့ပေမယ့် ရိုးမတွေ၊ အောင်မြင့်မိုရ်တွေကို ရက်အနည်းငယ်အတွင်း ဆေးရုံပြောင်းရာမှာတော့ မြန်မာပြည်က ဆောက်လုပ်ရေးအသင်းအဖွဲ့တွေ စေတနာ့ဝန်ထမ်းတွေက နယူးယောက်နဲ့ လန်ဒန်ထက်တောင် မြန်သလို အကုန်အကျလဲ အများကြီး သက်သာစွာနဲ့ လုပ်သွားတာတွေ့ရပါတယ်။

ဧရာဖောင်ဒေးရှင်းက သုဝဏမှာ ကုတင် ၄၀၀၊ နောက် ကုတင်ထပ်တိုးခဲ့သလို သိန်း တစ်သောင်းလောက် သုံးခဲ့ပါတယ်။ မနေ့ကလဲ ရန်ကုန်က ကွန်ဗမ်းရှင်းစင်တာကို အင်းယားကိုဗစ်ဆေးရုံအဖြစ်ပြောင်းဖို့ ကမ္ဘောဇဘဏ်က သိန်း ၅၀၀၀၊ ရွှေသံလွင်က သိန်း ၃၀၀၀ မတည်ပြီး အခြား Jasmine ကုမ္ပဏီ၊ ဝမင်းကုမ္ပဏီ နဲ့ အခြားလိုင်စင်ရကန်ထရိုက်တာများအဖွဲ့၊ We Love Yangon တို့ ပူးပေါင်းပြီး သိန်း တစ်သောင်း ဒေါ်လာ ၈ သိန်းနီးပါးနဲ့ စမှာပါ။ လူနာ ၈၀၀ လောက်ထားနိုင်ပြီး ICU ပါပါမယ်။

ရန်ကုန်ကြီးဟာ လွတ်လပ်ရေးရပြီးခါစ အင်းစိန်အထိ အတိုက်ခံထားရတဲ့ အခြေအနေမျိုးပါ။ ရန်ကုန်မှာ လှိုင်သာယာကလူအချို့ဟာ နယူးယောက်နဲ့ လန်ဒန်ထက် ဆင်းရဲပါတယ်။ ရန်ကုန်မှာ နယူးယောက်လို ကမ္ဘာကျော်ဆရာဝန်တွေမရှိသလို ဆေးရုံကြီးတွေ များပြားစွာသော ICU လဲ မရှိပါ။ ရန်ကုန်ဟာ နယူးယောက်လို ကောင်းမွန်တဲ့ ဖယ်ဒရယ်အခြေခံခြေဥလဲ မရှိပါ။ ရန်ကုန်အစိုးရဟာ New York Governor Andrew Coumo လို အရေးပေါ်အခြေအနေ မကြေညာနိုင်သလို ရဲကို ဖြုတ်ခွင့် ခန့်ခွင့်မရှိပါ။ ရန်ကုန်အစိုးရရဲ့အောက်မှာ နယူးယောက်လို အမိန့်ပေးပြီး လမ်းပိတ်နိုင်တဲ့ ပြည်နယ်တပ်မရှိပါ။

ဒါပေမယ့် ရန်ကုန်မှာ ကွီးဖြိုးရှိသလို သူနဲ့ အလုပ်ကို နေ့ညမအားလုပ်တဲ့ သူ့ဝန်ကြီး နိုင်ငံလင်းနဲ့ မိုးမိုးစုကြည်ရှိပြီး ကျန်းမာရေးမှာလဲ ကွီးစိုးနဲ့ သူ့လက်ထောက် ဆရာမမြင့်မြင့်ငြိမ်းရှိပြီး အဓိကက စေတနာကောင်းတဲ့ ဧရာက ဦးဇော်ဇော်လို၊ ကမ္ဘောဇလို၊ ရွှေသံလွင်လို၊ Jasmine လို၊ ဝမင်းလို၊ လိုင်စင်ရကန်ထရိုက်တာအဖွဲ့လို၊ တမီဟိန္ဒူဖောင်ဒေးရှင်းလို၊ We Love Yangon လို၊ ငွေလှူနေတဲ့ အမည်မသိ စေတနာ့ဝန်ထမ်း ပြည်သူတွေရှိကြပါတယ်။

နယူးယောက်တောင် ပိုးတွေ့နှုန်းနဲ့ သေနှုန်းကျဖို့ အရေးပေါ်အခြေအနေကြေညာပြီး နှစ်လလောက် ကြာခဲ့လို့ ရန်ကုန်ဟာလဲ သုံးပတ်လောက်တော့ အချိန်ယူရမှာပါ။

ဒါပေမယ့် ဒီကိုဗစ်တိုက်ပွဲကို ရန်ကုန်သူ ရန်ကုန်သားတွေ အောင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ လောလောဆယ်တော့ ပိုးတွေ့သူနဲ့ သေသူဟာ ဆက်တက်နေမှာပါ။

ပြည်သူများ ကိုဗစ်ကိုနိုင်ဖို့ လိုက်နာရမှာက

✅ အိမ်ထဲမှာနေပါ
✅ လက်ဆေးပါ
✅ နှာခေါင်းစည်းတပ်ပါ
✅ ဖြစ်နိုင်ရင် ၆ ပေလောက် ခပ်ခွါခွါနေပါလို့သာ ထပ်ခါထပ်ခါ ပြောပါရစေ။
✅ သင့်ကြောင့် ကိုဗစ် မကူးပါစေနဲ့

ကံသည်အလုပ်ပါ။ စည်းကမ်းလိုက်နာရင် ဘေးကင်းကွာပါတယ်။ ပိုက်ဆံရှိသူများကလဲ We Love Yangon ကို ငွေလှူပြီး လှိုင်သာယာ၊ ရွှေပြည်သာက မိမိပြည်သူတွေကို အစိုးရကထောက်ပံ့တာမလာခင် ထောက်ပံ့ပေးကြပါ။

အားလုံးဒီကိုဗစ်ကို အတူတိုက်ကြပါစို့။

News Credit: New York Times, CNBC, Fox, Independent, BBC, Skynet UptoDate, World Bank Data

https://www.myattunoo.com/post/နယ-ယ-က-န-င-ရန-က-န-တ-က-ဗစ-က-င-တ-ယ-ပ-မ-က-န-င-ယ-ဉ-လ-လ-ခ-င


Spread the love
  •  
  •  
  •  
  •  
  •  
  •