“နဝတခေတ်ကာလ ကျုပ်ဘဝ” ပါမောက္ခ ဒေါက်တာချစ်မောင်(ဇီဝဓာတု)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“နဝတခေတ်ကာလ ကျုပ်ဘဝ”

ပါမောက္ခ ဒေါက်တာချစ်မောင်(ဇီဝဓာတု)

နဝတခေတ်ရောက်တော့ ကျုပ်က ပင်စင်ယူပြီးနေပြီ မာမီနွဲ့တာဝန်ကျရာ ရွှေဘို၊ မတ္တရာနဲ့ မိတ္ထီလာမှာ လိုက်နေတယ်။ ရွှေဘိုမှာ တစ်နှစ်နေတယ်။ အဲဒီအရင်လည်း မာမီနွဲ့က ရွှေဘိုမှာ အကြာကြီးနေတော့ ကျုပ်က စနေ၊ တနင်္ဂနွေမှာ ရွှေဘိုနေတယ်။ ရွှေဘိုမှာ ခုဂီတဥယျာဉ်ဖွင့်ထားတဲ့ ကီးဘုတ်ဆရာဦးအောင်ငွေတို့အဖွဲ့နဲ့ ကျုပ်က ဘင်ဂျိုတီးသီချင်းဆိုမို့လို့ ပျော်ခဲ့ရတယ်။

၁၉၉၄ခုနှစ် မိတ္ထီလာမှာနေတုန်း ကျန်းမာရေး ဒုတိယဝန်ကြီး ဗိုလ်မှူးကြီးသန့်စင်နဲ့တွေ့တော့ ကျုပ်ကို ကျန်းမာရေးဌာန အကြံပေးခန့်တယ်။ ကျုပ် မန္တလေးပြန်ရောက်တယ်၊ ဗိုလ်မှူးကြီးသန့်စင် မန္တလေးဘွဲ့လွန်လာ
တက်တုန်းက ကျုပ်က ဇီဝဓာတုသင်ပေးရတယ်။ အဲဒီတော့ ခင်နေခဲ့တာ။ ၁၉၉ဝ ပြည့်နှစ်မှာ သား ဒေါက်တာ ဇော်မြင့်မောင် NLD ကနေ အမတ်အရွေးခံရတယ်။ နောက်အဖမ်းခံရတယ်။ ကျုပ်အင်းစိန်ထောင်ကို ၁၉၉ဝ မှ ၁၉၉၇ ထိ၊ မန္တလေးက ထောင်ဝင်စာနှစ်လတစ်ခါ သွားတွေ့တယ်။

၁၉၉၆ ခုနှစ် ကျုပ် မေမြို့စစ်တက္ကသိုလ်မှာ ဧည့်ပါမောက္ခစလုပ်ရတယ်။ ၁၉၉၈ ခုနှစ်မှာ ဒေါက်ဇော်ကို မြစ်ကြီးနား ထောင်ရွှေ့လိုက်တယ်။ မန္တလေးကို အင်းစိန်ကရောက်ပြီး မြစ်ကြီးနားမပို့ခင် ဆေးစစ်တော့ ထောင်ဆရာဝန်က ကျုပ်တပည့် ဒေါက်တာအောင်သန်း၊ သူလာပြောမှ သိရတယ်။ ကျုပ်က ဒေါက်ဇော်ဇနီး ကျုပ်ချွေးမ ဒေါက်တာ ယုယုမေကို လှမ်းအကြောင်းကြားလို့ ဒေါက်ဇော်တို့ ရထားနဲ့အသွား မန္တလေးမှာ ရထားမထွက်ခင်နဲ့ ရွာထောင်မှာ ဒေါက်ဇော်မိသားစုတို့ ဒေါက်ဇော်နဲ့ တွေ့ရတယ်။ ကျုပ်ကတော့ မြစ်ကြီးနားကို ၁၉၉၈ ခုနှစ်ကနေ ၂ဝဝ၉ခုနှစ်အထိ ၁၂ နှစ်လုံးလုံး သားကို မြစ်ကြီးနား ထောင်သွားပြီး ထောင်ဝင်စာနဲ့တွေ့ တယ်။ ထောင်ဝန်ထမ်းတွေနဲ့တောင် မိတ်ဆွေဖြစ်ကုန်တယ်။ ပထမအကြိမ် ကျုပ် မြစ်ကြီးနားသွားပြီး သားကို ထောင်ဝင်စာသွားတွေ့မှာကို ဒေါ်ဒေါ်မာ(လူထုဒေါ်အမာ)က သိလို့ မြစ်ကြီးနားမှာနေတဲ့ ရုံပိုင်ကြီး(အငြိမ်းစား) ဦးသန်းဆွေနဲ့ မိတ်ဆက်ပေးတယ်။ ခုကြုံတုန်း ကျေးဇူးတင်တာ ဖော်ပြလိုပါတယ်။ ပထမပိုင်းတော့ မီးရထား နဲ့သွားတယ်။ နောက်ပိုင်းမှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ကြီးက ကျုပ်ကို လေယာဉ်ခပေးတယ်။ ကျုပ်က လေယာဉ်နဲ့သွားရတော့ သက်သာတယ်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ကြီးကို ကျေးဇူးတင် ကြောင်း ဖော်ပြလိုပါတယ်။

တစ်ခါတော့ ကျုပ်လေယာဉ်လက်မှတ် ဦးစားပေးအနေနဲ့ရဖို့ မြစ်ကြီးနားမှာ မန်နေဂျာကို အန်ကယ်က စစ်တက္ကသိုလ်က ဧည့်ပါမောက္ခလို့ ပြောလိုက်မိတယ်။ အဲဒီကိစ္စနဲ့ဘဲ ကျုပ်ကို စစ်တက္ကသိုလ်က ဧည့်ပါမောက္ခ အဖြစ်က ပြုတ်သွားတော့တယ်။ ကျုပ်သမီးကြီးလည်း မန္တလေးဘီယာစက်ရုံအကြီးတန်း အင်ဂျင်နီယာလုပ်နေ တာ ဇော်မြင့်မောင်အစ်မအနေနဲ့ အဲ့ဒီတုန်းက ဝန်ကြီးက ဖြုတ်ပစ်လိုက်တယ်။ အဲဒါ ၂ဝဝဝပြည့်နှစ်အစပိုင်းပေါ့။ သား ဒေါက်ဇော် ၂ဝဝ၉ ခုနှစ် မေလမှာ ထောင်က ထွက်လာတယ်။ ကျုပ်တို့သားအဖ၊ ပလိပ်စလေကျောင်းမှာ ဒုလ္လဘ ရဟန်းဝတ်ကြတယ်။ ဒီဘုန်းကြီးကျောင်းက ကျုပ်ငယ်ငယ်က ကိုရင်ဝတ်ခဲ့တဲ့ ကျောင်းပဲ။ ၂ဝဝဝ ပြည့်နှစ် စစ်တက္ကသိုလ် စာသွားမသင်တော့ ကျုပ်သင်ချင်တဲ့ ဇီဝဓာတုဗေဒ ဘာသာရပ်ကို မန္တလေး တက္ကသိုလ်မှာ ဆရာကြီး ဦးမြမောင်နဲ့အတူ စပြီးသင်ဖြစ်တော့တယ်။ ၂ဝဝဝ ပြည့်နှစ်မှ ၂ဝဝ၄ ခုနှစ်ထိ ပါရဂူ သင်တန်းသားတွေ စသင်ရတယ်။ နောက် ဗမာပြည်တစ်ခုလုံး တက္ကသိုလ်ကြီးတွေက ဆရာတွေသင်ရတယ်။ အောက်ဗမာပြည်ကဆိုရင် ရန်ကုန်တက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ်၊ ပြည်တက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်နဲ့ စစ်တွေတက္ကသိုလ်က ဆရာတွေဖြစ်ပါတယ်။ အထက်ဗမာပြည်က မန္တလေးတက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်၊ မကွေးတက္ကသိုလ်၊ မုံရွာတက္ကသိုလ်နဲ့ မြစ်ကြီးနားတက္ကသိုလ်မှ ဆရာတွေဖြစ်ပါတယ်။ ခုဆိုရင် ဗမာပြည်က အခြားတက္ကသိုလ်တွေမှာလည်း ဇီဝဓာတုသင်ပေးနေကြပြီ။ ကျုပ်အနေနဲ့ ဗမာပြည်မှာ ဇီဝဓာတုဗေဒဘာသာရပ် ပြန့်ပွားအောင် ပြုလုပ်နိုင်တဲ့အတွက် အလွန်ပင် ကျေနပ်အားရမှုရှိခဲ့ပါတယ်။

၁၉၉၇ ခုနှစ်မှ ၂ဝဝဝ ပြည့်နှစ်အထိ မာမီနွဲ့က မြန်မာသူနာပြုတွေကို အစိုးရခြင်း အစီအစဉ်နဲ့ စင်ကာပူ အယ်လိပ်ဇင်းဒရားဆေးရုံမှာ သွားအလုပ်လုပ်ရတယ်။ ကျုပ်တစ်ဦးထဲပဲနေခဲ့တာ။ ကျုပ်က ကျန်းမာရေးဝန်ကြီး ဌာန အကြံပေးပုဂ္ဂိုလ်အနေနဲ့ ခု လမ်း၃ဝနှင့်လမ်း ၇ဝထောင့်က ပါမောက္ခအဆောင်မှာနေတယ်။ ဟိုဟိုဒီဒီ သွားဖို့ SUNNY ကားကလေးတစ်စီးဝယ်ထားတယ်။ ကျုပ်ကိုယ်တိုင်ပဲမောင်းတယ်။ အဲဒီခေတ်က ခုလို ဟန်းဖုန်းခေတ်မဟုတ်သေးဘူး။ ကျုပ်ကြိုးဖုန်းတစ်ခု လျှောက်လို့ရထားတယ်။ ကြုံတုန်းပြောရဦးမယ်။ ကျုပ် အခုသုံးနေတဲ့ ဟန်းဖုန်း ၁၅ဝဝ တန်ကို ကျုပ်သိန်း၂ဝ ပေးဝယ်ထားရတာ။ ဘယ်လောက်များ နဝတခေတ် အာဏာပိုင်တွေ အမြတ်ထုတ်ကြသလဲဆိုတာ သိနိုင်တယ်။

၂ဝဝ၁ခုကနေ ၂ဝဝ၅ ခုထိ ခုနေတဲ့ G.T.Iတိုက်ခန်းကို မာမီနွဲ့က ဝယ်ပေးခဲ့လို့ ပြောင်းနေခဲ့တယ်။ ပါမောက္ခ အဆောင်ရှေ့မှာ ဖုန်းဆိုင်ဖွင့်ထားတယ်။ တစ်ခါပြော ကျပ် ၃ဝ လောက်ရတယ်။ ကျုပ်ဝင်ငွေကောင်းခဲ့တယ်။ ၂ဝဝ၅ ခုနှစ်မှာ မာမီနွဲ့မြန်မာပြည် ပြန်လာပြီး မြို့တော်ဆေးရုံမှာ သူနာပြုအုပ် နှစ်နှစ်လုပ်တယ်။ ကျုပ်တို့ သိပ္ပံလမ်း မြို့တော်ဆေးရုံ အဆောင်မှာနေကြတယ်။ ကျုပ်က ၂ဝဝ၁ခုနှစ်လောက်ကစပြီး စနေဝိုင်းမှာ သွား သီချင်းဆိုတယ်။ ဘင်ဂျိုလည်း တီးတယ်။ မြို့မသီချင်းနဲ့ နန်းတော်ရှေ့သီချင်းတွေဆိုတယ်။ မာမီနွဲ့လည်း အနုပညာဝါသနာပါလို့ စနေဝိုင်းလိုက်ပြီး သီချင်းဆိုတယ်။ ၂ဝဝ၇ ခုနှစ်မှာ မာမီနွဲ့ စင်ကာပူကိုပြန်ပြီး အလုပ် သွားလုပ်တော့ ကျုပ်တစ်ယောက်တည်း မန္တလေးနေခဲ့ပြန်တယ်။ ကျုပ် ၂ဝဝ၇ ခုနှစ်မှာ သြစတြေးလျနိုင်ငံ မဲလဘုန်းမြို့မှာနေတဲ့ သမီးဒေါက်တာ ယုယုချစ်ထံ သွားလည်တယ်။ နှစ်လကြာတယ်။ ဒေသန္တရ ဗဟုသုတရှိ တာပေါ့။ ဒီကြားထဲ စင်ကာပူ မာမီနွဲ့ဆီအကြိမ်ကြိမ် သွားလည်တယ်။ တစ်ခါသွားရင် ဗီဇာနှစ်လရတယ်။

၂ဝဝ၉ ခုနှစ် စက်တင်ဘာကနေ ၂ဝ၁၄ မေလအထိ စင်ကာပူကိုလိုက်ပြီး မာမီနွဲ့နဲ့နေတယ်။ စင်ကာပူတော့ အကြာကြီးနေလို့ စင်ကာပူသားလိုဖြစ်ခဲ့တယ်။ စင်ကာပူမှာ ကျုပ်အကြိုက်ဆုံး အစားအစာက ဘဲကင် ခေါက်ဆွဲပဲ။ ဘဲကင်ကလည်း နူးညံ့၊ ခေါက်ဆွဲကလည်း နန်းသေးသေးလေး ကျုပ်အကြိုက်ပဲ။ စင်ကာပူသား တွေရဲ့ စည်းကမ်းရှိမှု ကျုပ်ကြိုက်တယ်။ အမှိုက်မရှိလို့ အလွန်သန့်ရှင်းတဲ့မြို့ဖြစ်တယ်။ ဈေးဝယ်လို့လည်း ကောင်းတယ်။ မလေးရှားလည်း သွားလည်တယ်။ စင်ကာပူမှာနေတုန်း မန္တလေးက သမီးတွေလာလည်လို့ အနှံ့လိုက်ပြရတယ်။

၂၀၁၄ခုနှစ် ဇွန်လမှာ စင်ကာပူက ကျုပ်တို့အပြီး ပြန်ခဲ့တယ်။ အခု လမ်း၃ဝနှင့်လမ်း ၇ဝ G.T.I တိုက်ခန်းမှာ နေတယ်။ မာမီနွဲ့က မြတ်သုခဆေးရုံမှာ သူနာပြုအုပ်ရာထူးရလို့ အိမ်နဲ့အနီးလေးအဆင်ပြေတယ်။ ကျုပ်က မန္တလေးသတင်းစာအတွက် အပတ်စဉ်တနင်္ဂနွေမှာ ဆောင်းပါးရေးတယ်။ ကျုပ်စာဖတ်တယ်။ ကီးဘုတ်တီး တယ်။ တရားထိုင်တယ်။ ပုတီးစိပ်တယ်။ နေ့စဉ်နံနက်တိုင်း တစ်ပတ်ငါးရက် မရွေ့ရှား စက်ဘီးစီးတယ်။ မာမီနွဲ့က အာဟာရပြည့်ဝတဲ့ အစားအစာတွေမထပ်အောင် ချက်ကျွေးတယ်။ ကျုပ်က အလွန်ကံကောင်းတယ်။ စင်ကာပူမှ မှတ်ပုံတင်သူနာပြု စာမေးပွဲအောင်ထားတဲ့ (S.R.N) သူနာပြုအုပ် မာမီနွဲ့ရဲ့ သူနာပြုစောင့်ရှောက် ခြင်းကို အနီးကပ်အမြဲပဲရရှိနေလို့ ကျန်းမာရေးလည်း သင့်တင့်မျှတတယ်။ ဟိုဟိုဒီဒီသွားချင်ရင် မာမီနွဲ့ကပဲ ကားမောင်းပို့တယ်။ ကဲ ဘာလိုသေးလဲ။ နဝတခေတ်ကာလ ကျုပ်ဘဝ ဒီတွင် နိဂုံးချုပ်ပါရစေခင်ဗျာ။

စာရှုသူတို့ ကျန်းမာချမ်းသာကြပါစေ။ ။

ပါမောက္ခ ဒေါက်တာချစ်မောင်(ဇီဝဓာတု)
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •