နိုင်ငံတစ်ခု၏ ဖွဲ့စည်းပုံအခြေခံဥပဒေညွှန်းဆိုမှုများ၊အစိုးရ၊ တပ်မတော် နှင့် နိုင်ငံဖွံ့ဖြိုး တည်ငြိမ်နိုင်မှု

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နိုင်ငံတစ်ခု၏ ဖွဲ့စည်းပုံအခြေခံဥပဒေညွှန်းဆိုမှုများ၊အစိုးရ၊ တပ်မတော် နှင့်နိုင်ငံဖွံ့ဖြိုး တည်ငြိမ်နိုင်မှု –

စာရေးသူသည် နိုင်ငံရေးဆောင်းပါးများနှင့် လေ့လာဝေဖန်သုံးသပ်မူများကိုရေးလျှင်
စိတ်ကိုရှင်းရှင်းလင်းလင်းထားကာ
ကိုယ်လက် သန့်စင်မူများပြုလုပ်ပြီးမှာ ရေးပါတယ်၊
မိမိနိုင်ငံ၊မိမိတို့ပြည်သူ ပြည်သားအားလုံးကို သန့်ရှင်းသောချစ်ကြည်မူဖြင့်ရေးသား သုံးသပ်ပါတယ်၊
မိမိတိုင်းပြည်နဲ့ မိမိပြည်သူများကို မိမိတို့တစ်ဦးခြင်းမှ တန်ဘိုးထား၊အလေးထား ဂရုပြုမှသာ မိမိတို့အား အထင်သေး၊မထေမဲ့မြင်ပြုမူ ဆက်ဆံချင်ကြပါသော အရပ်ရပ်သော နိုင်ငံများနှင့်နိုင်ငံသားများ၊အဖွဲ့အစည်းများမှ အလေးထားပြီး၊ လူ့အခွင့်အရေးတန်းတူရည်တူဖြင့် တန်ဖိုးထားဆက်ဆံလာကြမှာသာဖြစ်ပါတယ်၊
အချို့က အရက်သောက်ပြီး မူးတဲ့အခါ သို့မဟုတ် အခြားသော မူးရစ်ခြင်းများရှိတဲ့အခါမှာ ရေးတတ်ကြပါတယ်၊
ရှိပါကလည်း ရှောင်ကျဉ်သင့်ပါတယ်၊
မိမိတိုင်းပြည်နဲ့ မိမိပြည်သူများ၏ အရေးအရာအားလုံးကို အလေးထား၊ တန်ဖိုးထားတတ်ကြစေဘို့လိုပါတယ်၊
မည်သူ့ကိုမျှ ရည်ရွယ်ရိုးမရှိပါ၊
မိမိတိုင်းပြည်နဲ့ မိမိပြည်သူကို မိမိက တန်ဘိုးထားပါမှ အိမ်နီးချင်းနိုင်ငံများနဲ့တကွ အခြားနိုင်ငံများကလည်း အလေးထားလာမှာကိုဆိုလိုတဲ့သဘောထားဖြစ်ပါတယ်၊

မိမိတို့နိုင်ငံ၏တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေသည် မိမိတို့နိုင်ငံသားများအတွက် အခွင့်အရေးအားလုံးကို နောက်ကျစေတဲ့အပြင်၊
ရှေ့လည်းသွားလို့မရ၊
ရပ်နေလို့လည်းမဖြစ်၊
နောက်ကိုပြန်သွားမယ့် အရိပ်အရောင်များအဖြင့်အသွယ်သွယ်သော အခင်းအကျင်းတွေကိုသာ ရှိနေသယောင် တွေ့နေရပါတယ်၊
သေချာတာက အထက်ပါ အချက်သုံးချက် ရှိနေသ၍ မိမိတို့လို နိုင်ငံမပြောနဲ့ မည်သည့်နိုင်ငံမဆို လုံးပါးပါးသွားကြမှာဖြစ်ပါတယ်၊

ယနေ့မိမိတို့နိုင်ငံ၏ အခြေအနေကို အကြမ်းဖျဉ်းရေးသားတင်ပြပါရစေ၊
ဖွဲ့စည်းပုံအခြေခံ ၂၀၀၈ တွင် တိုင်းပြည်နှင့် ပြည်သူ ပြည်သားများအရေးထက်
တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များအတွက် လိုအပ်တာထက် ပိုမို အခွင့်အလန်းယူ ပြဌာန်းထားမူများကိုအခြေခံထားပြီး၊
ပါတီစုံဒီမိုကရေစီစနစ် ရွေးကောက်ပွဲမှ တက်လာသောရွေးချယ်ခံအစိုးရတစ်ရပ်ကို အတိုက်အခံလုပ်ခြင်းကိုသာ စိုက်လိုက်မတ်တပ် လုပ်နေတာကိုသာ အာရုံစိုက်နေသော တပ်မတော်အဖြစ် တွေ့နေ၊ရင်ဆိုင်နေရတာက
ယနေ့ မိမိတို့ မြန်မာနိုင်ငံ၏ လက်ရှိအရှိတရားနဲ့ အခင်းအကျင်းပင်ဖြစ်ပါတယ်၊
တစ်ခါ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများကလည်း တန်းတူ ရည်တူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ဖက်ဒရယ်ရေးဆိုသည်ကို လက်ကိုင်ထားကြရင်း ဒေသအတွင်းရှိ မျိုးနွယ်စုတူသူများနှင့် မျိုးနွယ်စုငယ်များအပေါ် ဗိုလ်ကျစိုးမိုးမူကိုသာ အများက လုပ်ဆောင်နေ ပြီး၊သူတို့ရဲ့ကိုယ်ကျိုး စီးပွားကိုမထိခိုက်၊မလျော့ပါးရေးကို ဇောင်းပေးနေမူများကိုတွေ့နေကြရပါတယ်၊
တပ်မတော်အပါအဝင် အသီးသီးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစုက
ပါးစပ်က ဘုရား ဘုရားရွတ်နေပြီး လက်က ကားရား ကားရာ ဆိုသလိုမျိုးနဲ့ လက်တွေ့လုပ်နေကြတာက အထိုင်ချရာ ၊ နီးစပ်ရာဒေသအတွင်းရှိ ပြည်သူတွေကို ဗိုလ်ကျ စိုးမိုးမူများရှိနေကြတာကိုလည်း တွေ့ မြင် ကြားသိနေကြမှာဖြစ်ပါတယ်၊
ရှမ်းပြည်နယ်၊ကျောက်မဲမြို့ဟာ အရင်က တည်ငြိမ်ပြီး၊ အထက်အောက် ကုန်စည်စီးဆင်းရာမှာ အထောက်အကူပြုစေတဲ့ဒေသဖြစ်ပါတယ်၊
ယခုအချိန်မှာတော့ဖြင့် ပြည်သူအများတွေးဆ မထင်ထားသော အခြေအနေဖြစ်တဲ့
လက်နက်ကိုင် ပစ္စည်းလု၊အကြမ်းဖက်၊
လုပ်ကြံသတ်ဖြတ်မူတွေက တစ်စ တစ်စနဲ့
စိမ့်ဝင်လာနေတာကိုတွေ့နေရပြီး၊
ပြည်သူ့ကိုယ်စားလှယ်ကိုပါ အိမ်အထိလာရောက်ပစ်ခတ် လုပ်ကြံ သတ်ဖြတ်တဲ့ အနေအထားအထိရောက်လာပါတယ်၊

ရခိုင်ပြည်မှာဆိုရင်လည်း ဒေသအတွင်းမွေးဖွား၊နေထိုင်လာကြတဲ့ ရခိုင်တိုင်းရင်းသားများနဲ့ နိုင်ငံသားများစွာက
AA၊ ARSA အကြမ်းဖက်အဖွဲ့အစည်းတို့နဲ့
တပ်မတော်ကြားမှာ မြေစာပင်၊တန်ဆာခံဘဝများအဖြင့်နေထိုင်ကြရရင်းနဲ့အသက်တွေပါ သေပေးနေကြရတဲ့ဖြစ်စဉ်တွေက ရင်နာစရာအလွန်ကောင်းပါတယ်၊
AA သည် တိုင်းရင်းသား နိုင်ငံရေးအင်အားစုတစ်ရပ်အဖြစ် ခံယူထားပေမယ်လို့ သူတို့ရဲ့ လုပ်ပုံ၊ကိုင်ပုံက နိုင်ငံရေးနဲ့တော်လှန်ရေးမဆန်ပါဘဲ အရပ်သားပြည်သူများ၊နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူလူထုမှ ရွေးချယ်ထားသည့် ပြည်သူ့ကိုယ်စားလှယ်များကို အကြမ်းဖက်ဆန်ဆန်ဖမ်းဆီးခြင်း၊ တစ်ချို့ကအသတ်ခံရခြင်း၊
စသည့်လုပ်ရပ်များသည် နိုင်ငံရေး၊မဆန်ပါဘဲ အကြမ်းဖက် လုပ်ရပ်များပင်ဖြစ်နေမူကို တွေ့ကြရမှာဖြစ်ပါတယ်၊

ဤကဲ့သို့သော ဖြစ်စဉ်များ ပေါ်ပေါက်နေရခြင်းများ၏ အကျိုးဆက်က ဖွဲ့စည်းပုံအခြေခံဥပဒေ၏ လွဲမှားမူနဲ့ လိုအပ်မူပင်ဖြစ်ပါတယ်၊
ယနေ့တည်ဆဲဖွဲ့စည်းပုံအရ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံးအတွက် လုံခြုံရေးအတွက်
တပ်မတော်သည် အခရာကျသော်လည်း
တပ်မတော်၏ ထိပ်ပိုင်းတာဝန်ယူထားကြသူများ၏ စိတ်ပိုင်းဆိုင်ရာ အပြုအမူများတွင်သာ မူတည် မှီခိုနေရသလိုဖြစ်နေပါတယ်၊
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၂၀)(က/ခ/ဂ/ဃ/င/စ) ၊
(ဂ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏အကြီးအကဲဖြစ်သည်၊
(စ) တပ်မတော်သည်နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်၊
ထိုကဲ့သို့ စကားလုံးအဓိပ္ပါယ်တူမူကိုလည်း
ပုဒ်မ(၆၅) တွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၊
ပြည်သူ့၊အမျိုးသား၊တိုင်း/ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များကလည်းပုဒ်မ(၁၂၅)အရ ဇယား(၄) မှာကျမ်းသစ္စာဆိုပြီးဖြစ်ပါတယ်၊
သို့ကြောင့် ပုဒ်မ(၂၀)(စ) သည်ဖွဲ့စည်းပုံအခြေခံဥပဒေ ထဲတွင် သီးခြားထည့်သွင်းပြဌာန်းရန်မလိုအပ်လှပါပေ၊

နိုင်ငံတော်သမ္မတသည်
ပုဒ်မ(၂၃၂)(ခ/၂) ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊များအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသင့်လျော်သည့်တပ်မတော်သားများ၏ အမည်စာရင်းကိုရယူရမည်၊
အထက်ပါဝန်ကြီးဌာနများအနက် ကာကွယ်ရးနှင့် ပြည်ထဲရေးဝန်ကြီးဌာနများသည်
တိုင်းပြည်နှင့် ပြည်သူတစ်ဦးချင်းဆီ၏
လုံခြုံရေးနဲ့အတူ တရားဥပဒေစိုးမိုးရေးအတွက်တိုင်းပြည်တစ်ခုမှာ အလွန်ပင် အရေးပါ လိုအပ်လှပါတယ်၊
ဤသို့သော အရေးပါလွန်းသည့်ပြည်ထဲရေးဝန်ကြီးနှင့် ထိုဝန်ကြီးဌာန သည် ပြည်သူလူထုမှမဲပေးရွေးချယ်လိုက်တဲ့ ရွေးချယ်ခံအစိုးရ၏ စီမံမူအောက်တွင်ရှိမနေခြင်းသည် ၎င်းတိုင်းပြည်နှင့် ပြည်သူ ပြည်သားများအားလုံးအတွက် အရာရာသော လုံခြုံမူမရရှိနိုင်ပါပေ၊
ပြည်ထဲရေးဝန်ကြီးနဲ့တကွ အဆိုပါဝန်ကြီးဌာနမှ အရာရှိကြီးများသည် ဖွဲ့စည်းပုံနဲ့အညီ သမ္မတဖြစ်လာသည့် သမ္မတ၏ တိုက်ရိုက် ခန့်အပ်တာဝန်ပေးပိုင်ခွင့်မရှိခြင်းသည်
ပုဒ်မ(၁၆) နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေးအကြီးအကဲသည် နိုင်ငံတော်သမ္မတဖြစ်သည်၊
ဟုပြဌာန်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ
ပုဒ်မ(၁၆) အား မထီမဲ့မြင်ပြုလိုက်မူပင်ဖြစ်ပါတယ်၊
ဆိုလိုတာက နိုင်ငံတစ်ခုမှာ နိုင်ငံတော်အစိုးရနဲ့ အပြိုင် နိုင်ငံတော် အာဏာကဲ့သို့သောသဘောအနေအထားတစ်ခုအဖြစ် ရယူထားသူများသည် နိုင်ငံတော်၏ Institutional ဖြစ်သည့်တပ်မတော်ကဲ့သို့သော လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်း ထည့်သွင်းရေးဆွဲရယူထားပြီး၊
ခေတ်ကာလနှင့်လိုက်လျောညီထွေစွာ ပြင်ဆင်ခွင့်ဥပဒေများပါရှိနေပေမယ့် ဖွဲ့့စည်းပုံပြင်ဆင်ခွင့် ရာခိုင်နူန်းကို ကိုင်ထားကာ အတိုက်အခံအသွင်ယူဖန်တီးထားပါလျှင်
မိမိတို့လို တိုင်းရင်းသားအရေးများနှင့် လက်နက်ကိုင်အင်အားစုများ၊
နိုင်ငံရေးစနစ်ပြသနာများအပြင်အခြားအခြားသော အရေးအရာ ပြသနာပေါင်းစုံများကို
ထမ်းပိုးလာခဲ့ ကြရတာ ကတိုင်းပြည်လွတ်လပ်ရေးရပြီးကာစကတည်းကယနေ့ခေတ်ကာလအထိ နှစ်ပေါင်း(၇၀) ကျော် ရှိလာပြီဖြစ်သည့် မိမိတို့နိုင်ငံက အဘယ်ကဲ့သို့သော တည်ငြိမ်မူနဲ့ ဖွံ့ဖြိုးတိုးတက်မူ နလံထူနိုင်ကြမှာလဲ ?
နိုင်ငံတစ်ခုမှာရွေးချယ်ခံအစိုးရ၏ အတိုက်အခံအဖြစ်ရပ်တည်နေသော အဖွဲ့အစည်းသည် ရွေးကောက်ပွဲဝင်ကာ အစိုးရအဖြစ် ဖွဲ့နိုင်လောက်သည့် အနိုင်မရရှိခဲ့သော နိုင်ငံရေးပါတီတစ်ရပ်မဟုတ်ပါဘဲ၊
နိုင်ငံ၏ Institutionalization အတည်တကျ သတ်မှတ်ပြဌာန်းဖွဲ့စည်းထားသည့် နိုင်ငံအတွက် လက်နက်ကိုင်ဆောင်ခွင့်ပြုထားရသော တပ်မတော်က ပြည်သူ့ရွေးချယ်မူဖြင့်တက်လာသည့် အစိုးရအား အတိုက်အခံလုပ်မူ သည် ယနေ့ခေတ်ကာလမှာ အဘယ်ကဲ့သို့သော နိုင်ငံမှာရှိနေပါပြီလဲ ?
အကယ်၍ ရှိနေပါကလည်း ၎င်းနိုင်ငံသည်
နိုင်ငံရေးတည်ငြိမ်ပြီးသကာလ ဖွံ့ဖြိုးတိုးတက် ချမ်းသာမူရှိနိုင် ပါရဲ့လား ?
လား? လား? လား? ပေါင်းများစွာဖြင့်မေးစမ်း ကြကာ မိမိတို့နိုင်ငံနှင့်တိုင်းရင်းသားပြည်သူ နိုင်ငံအားလုံးအတွက် ယနေ့ခေတ်ကလတွင်အကျိုးရှိနိုင်သောရပ်တည်နေနိုင်မူနဲ့အတူ လားရာကောင်းများကို ဖြစ်တည် ပေါ်ထွန်းလာစေရန်အတွက် မိမိတို့အားလုံး၏ တာဝန်များပင်မဟုတ်ကြပါလား ?

ယခုပြီးဆုံးသွားသည့် အထွေထွေရွေးကောက်ပွဲ၏ အနိုင်ရရှိမူများကို ကြည်ံလိုက်ပါက
နိုင်ငံတစ်ခုလုံးရှိ ဒေသအလိုက် တိုင်းရင်းသားမျိုးနွယ်စုများပါဝင်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) မှအများဆုံးအနိုင်ရရှိခဲ့ပြီး၊
ပြည်နယ်များတွင် လည်း မျိုးနွယ်စုငယ်များက အတော် အတန်အနိုင်ရရှိခဲ့ကြတာကိုတွေ့ခြင်းအားဖြင့်မိမိတို့နိုင်ငံအတွက်လိုအပ်သော ရှေ့အနာဂတ်ကောင်းများ ဖြစ်တည်လာစေရန် သက်ဆိုင်သူ အစုအဖွဲ့ အားလုံးမှ ညှိနိူင်းနိုင်ကြဘို့လိုအပ်လာပါပြီ၊
ညှိနိူင်းမူများသည် မိမိတို့ အားလုံးမှ သဘောတူလက်ခံထားကြသော မျိုးနွယ်စုတိုင်းအတွက် ထာဝရငြိမ်းချမ်းရေးရရှိမူနှင့်
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အရေးသာလျှင် ဖြစ်စေကြရပါမယ်၊

စာရေးသူမှ နိုင်ငံတော်နှင့် ပြည်သူအားလုံးအတွက် လုံခြုံရေးဆက်စပ်မူအကြေားင်းကို အကျဉ်းရုံးရေးသားတင်ပြပါရစေ၊

အမေရိကန်နိုင်ငံတွင် –
အမိမြေလုံခြုံရေးဝန်ကြီးဌာန ( United States Department of Homeland Security ) ကိုထားရှိပြီး၊ ဝန်ကြီးကိုရွေးချယ်ခံသမ္မတက ခန့်အပ်တာဝန်ပေးရပါတယ်၊
ထိုဝန်ကြီးဌာန၏ တာဝန်များမှာ –
ပြည်သူ့လုံခြုံရေး(Public Security)၊
အကြမ်းဖက်မူနှိမ်းနင်းရေး(Anti Terrorism)၊
နယ်စပ်လုံခြုံရေး(Border Security)၊
လူဝင်မူကြီးကြပ်ရေး(Immigration Control)၊
သဘာဝဘေးကာကွယ်ရေးနှင့် စီမံကွပ်ကဲရေး(Disaster Prevention & Management)၊
Cyber Security ။
စသည့် တာဝန်များကို ထမ်းဆောင်ရပါတယ်၊
၎င်းဝန်ကြီးဌာနသည် နိုင်ငံတကာရှိ ပြည်ထဲရေးဝန်ကြီးဌာနများ ကဲ့သို့ညီပြီး အသွင်ဆောင်တယ်လို့ဆိုပါတယ်၊

မိမိတို့နိုင်ငံ၏ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးသည်
မိမိတို့နိုင်ငံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသူ စစ်ဗိုလ်ချုပ်တစ်ဦးကိုသာ နိုင်ငံတော်သမ္မတက ခန့်အပ်ရပြီး၊
ထိုစစ်ဗိုလ်ချုပ်သည် တပ်မတော်မှအငြိမ်းစားယူရန် သို့မဟုတ် နူတ်ထွက်ရန်မလို၊
ဟု ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၂၃၂/ည/ ၂) မှာတစ်ပါတည်းဖွင့်ဆိုပြဌာန်းထားတာကိုတွေ့ရပါတယ်၊
သို့ကြောင့်ပြည်သူလူထုတစ်ဦးချင်း၏ လုံခြုံမူနဲ့တရားဥပဒေစိုးမိုးရေးအတွက် အဓိက အချက်အချာဖြစ်သည့် ပြည်ထဲရေးဝန်ကြီးသည် တပ်မတော်မှ နူတ်ထွက်မူမရှိသော သို့မဟုတ် ပုဒ်မ(၂၃၂/ည/၁) အရအငြိမ်းစားယူပြီးမှတ်ယူရမည်ဟူသော ပြဌာန်းချက်အား
ထိုပုဒ်မ(၂၃၂/ည/၂) ဖြင့်ပြန်လည်ဖေါက်ဖျက်ထားမူကြောင့်
ပြည်ထောင်စုအစိုးရအဖွဲ့ဝင်မဟုတ်သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လက်အောက်ခံ စစ်ဗိုလ်ချုပ်တစ်ဦးသာဖြစ်လျက်ရှိနေပါသောကြောင့်
အစိုးရအကြီးအကဲ၏ အာဏာသက်ရောက်မူသည် ပြည်ထဲရေးဝန်ကြီးအပေါ်၌ ရှိမနေပါ၊

နိုင်ငံတော်၏အချုပ်အခြာအာဏာသည်နိုင်ငံသားများထံမှဆင်းသက်ပြီး၊နိုင်ငံတော်တစ်ဝန်းလုံး၌တည်သည်၊
ဟူသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၄)ပါပြဌာန်းချက်၊
ပြည်သူ ပြည်သားတို့၏ဆန္ဒသည် အုပ်ချုပ်မူအာဏာ၏အခြေခံဖြစ်ရမည်၊
ဟုဆိုသော ကမ္ဘာ့ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာကြေညာစာတမ်းအပိုဒ်(၂၁) ကိုလည်း ကျုးလွန်ရာရောက်ကာ –
ပြည်သူ့ရွေးချယ်ခံက ခန့်နိုင်မူမရရှိပါသော
ပြည်ထဲရေးဝန်ကြီးသည် ပြည်သူဖက်ကို မျက်နှာမူနိုင်ခြင်း မရှိနိုင်ပါချေ၊
ထို့ပြင် ပုဒ်မ(၂၃၂/ဇ) ပြည်ထောင်စုဝန်ကြီးများသည် နိုင်ငံတော်သမ္မတအားတာဝန်ခံရမည်၊
ဟူသော ဖွဲ့စည်းပုံအခြေခံဥပဒေ၏ပြဌာန်းထားမူသည်
ပြည်ထဲရေးဝန်ကြီးထံသို့ သက်ရောက်မူ မရှိနိုင်သလို သူ၏လာရာနှင့်လားရာဖြစ်သည့်
ပြည်ထောင်စုအစိုးရအဖွဲ့ဝင်မဟုတ်သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုသာ မျက်နှာမူနေတာကို သာမြင်ကြရမှာပါ၊
အမှန်တကယ်ဖြစ်ရမှာက ပြည်ထဲရေးဝန်ကြီးဌာန
ဝန်ကြီးသည် ပြည်သူကို မျက်နှာမူရမှာမဟုတ်ပေဘူးလား ?

ဤသို့သော ဖွဲ့စည်းပုံအခြခံဥပဒေပါ
ပုဒ်မများသည် မိမိတို့နိုင်ငံသားတစ်ဦးချင်း၏
ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံမူနှင့် နိုင်ငံအတွင်းတရားဥပဒေစိုးမိုးနိုင်မူများက ဟိုဖက်လိုလို ဒီဖက်လိုလို ဖြင့် ဝေဝါးစေအုံးမှာဖြစ်ပါတယ်၊

ပြည်သူတစ်ဦးချင်း၏လုံခြုံမူကို စွမ်းဆောင်မူ မပြုနိုင်သည့် တာဝန်အရှိဆုံးဖြစ်သည့် ပြည်ထဲရေးဝန်ကြီးတစ်ဦးအား တာဝန်မှရပ်စဲနိုင်ခွင့် နှင့် စွမ်းဆောင်ရည်ရှိသူအား ခန့်အပ်တာဝန်ပေးပိုင်ခွင့်သည် ရွေးချယ်ခံ အစိုးရ၏ သမ္မတ ထံ၌သာ ထားရှိခြင်းသည် မိမိတို့နိုင်ငံအတွက် လိုအပ်ချက်တစ်ခုပင်ဖြစ်ပါတယ်၊

သို့ပါသော အကြောင်းအချက်များကိုလေ့လာ သုံးသပ်ကြရင်းဖြင့်၊ ဖွဲ့စည်းပုံ မပြင်နိုင်သေးရင်တောင်မှ၊
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်ဖြစ်သော –
ပုဒ်မ(၂၀၂) နိုင်ငံတော်သမ္မတသည်ပြည်ထောင်စုလွှတ်တော်၏သဘောတူညီချက်ဖြင့်
(က) ပြည်ထောင်စုအစိုးရဝန်ကြီးဌာနများကို လိုအပ်သလိုသတ်မှတ်နိုင်သည်၊
ထို့ပြင် ဝန်ကြီးဌာနများကို ပြင်ဆင်သတ်မှတ်ခြင်း၊ ဖြည့်စွက်ခြင်းပြုနိုင်သည်၊

စ . စ . စ ဟုခေါ်ဝေါ်သည့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနသည် ဖဆပလအစိုးရခေတ် ဝန်ကြီးချုပ်ဦးနုမှစတင်ဖွဲ့စည်းခဲ့ပြီး ယခုအချိန်အထိ ဦးစီးဌာအဖြစ် ရှိနေပြီးညွှန်ကြားရေးမှူးချုပ်က အကြီးအမှူးအဖြစ်ရှိနေလျက်ပါ၊

SB ဟုခေါ်သည့် (Special Branch) သတင်းတပ်ဖွဲ့သည် ယခင်က ရဲချုပ်အောက်တွင်ရှိနေခဲ့ပြီး၊ ပြည်ထဲရေးဝန်ကြီးဗိုလ်ချုပ်ကိုကိုမှ ပြည်ထဲရေးအာက်ကိုပြောင်းရွေ့စေခဲ့ကာ
ရဲမှူးကြီးများ ကွပ်ကဲ၍ ပြည်ထဲရေးဝန်ကြီးကတိုက်ရိုက်အမိန့်ပေးသူဖြစ်ပြီး၊
ပြည်ထဲရေးဝန်ကြီးထံတိုက်ရိုက်အစီရင်ခံရပါတယ်၊
သို့သော်လည်း အထက်ပါအဖွဲ့အစည်း၊ ဦးစီးဌာနများသည် ပြည်ထဲရေးဝန်ကြီးဌာနအောက်တွင်ရှိစေရမည်၊
ဟူ၍ ဖွဲ့စည်းပုံထဲတွင် ထည်ံသွင်းပြဌာန်းထားမူလုံးဝ(လုံးဝ) မရှိပါပေ၊
၎င်းအရာများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအား ပြောင်းလဲ တာဝန်ယူစေသည့်
ပြည်ထောင်စုအစိုးရသည် ဥပဒေနှင့်အညီ
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၂၂၇)(က)ဖြင့်သွားလျှင်ရပါတယ်၊
(ခ) လိုအပ်သောဝန်ထမ်းများကိုခန့်အပ်နိုင်သည်၊

သို့ပါသောကြောင့်မိမိတို့သည် နိုင်ငံရေးသောကများကို ဖြေရှင်းနိုင်ကြပါစေရင်း ၊
အာဏာ သောကမီးဖြစ်သည့် ဥပဒေမဲ့ လုပ်ကြံ
သတ်ဖြတ်သည့် ဆိုးရွားလှစွာသော အပြောအဆို ရေးသားမူ ၊အပြုအမူ၊ လုပ်ဆောင်မူမှန်သမျှအား ရှောင်ကျဉ်နိုင်ကြပါစေကြောင်း၊
မိမိတို့နိုင်ငံကောင်းကျိုးကိုမျှော်ကိုးလျှက်
ချစ်ကြည်စွာဖြင့် –
ဤဆောင်းပါးအား ရေးသားဖော်ပြလိုက်ရပါတယ်။

အလေးထားစွာဖြင့် . ကိုသိန်းဌေး ပဲခူး၊
……….(25.11.2020)……….


Spread the love
  •  
  •  
  •  
  •  
  •  
  •