နိုင်ငံတော်သမ္မတရုံးနှင့် အတိုင်ပင်ခံရုံးတို့တွင် ပြည်ပအကြံပေးများ ခန့်ထားခြင်း မရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

❐ နိုင်ငံတော်သမ္မတရုံးနှင့် အတိုင်ပင်ခံရုံးတို့တွင် ပြည်ပအကြံပေးများ ခန့်ထားခြင်း မရှိ

နေပြည်တော်၊ အောက်တိုဘာ ၁၅

နိုင်ငံတော်သမ္မတရုံးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး အနေဖြင့် ပြည်ပအကြံပေးများ ခန့်ထားခြင်း မရှိကြောင်း အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

နိုင်ငံတော်သမ္မတရုံး အနေဖြင့် ပြည်ပအကြံပေးများ ခန့်အပ်ထား ဆောင်ရွက်နေသည်ဟု ထွက်ပေါ်နေသည့် သတင်းအမှားများနှင့် ပတ်သက်၍ Peacock သတင်းဌာန၏ မေးမြန်းမှုကို ယခုကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ နိုင်ငံတော်သမ္မတရုံးမှာ ပြည်ပအကြံပေးတွေ ခန့်ထားတာ လုံးဝ (လုံးဝ) မရှိပါဘူး” ဟု ဦးဇော်ဌေးက ပြန်လည် ဖြေကြားခဲ့သည်။

နိုင်ငံတော်သမ္မတရုံး အနေဖြင့် ဥပဒေရေးရာ အကြံပေး (၂) ဦး၊ နယ်စပ်ဆိုင်ရာ အကြံပေး (၁) ဦးနှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး (၁) ဦး၊ စုစုပေါင်း အကြံပေး (၄) ဦး ခန့်ထားပြီး ၄င်းတို့မှာ နိုင်ငံသားများသာဖြစ်ကြောင်း ဦးဇော်ဌေးက ဆက်လက် ပြောကြားသည်။

“လက်ရှိ နိုင်ငံတော်သမ္မတရုံး အကြံပေးမှာ ဥပဒေရေးရာ အကြံပေး (၂)ဦး (ဥပဒေဆိုင်ရာဝန်ထမ်း အငြိမ်းစားများသာဖြစ်)၊ နယ်စပ်ဆိုင်ရာ အကြံပေး (၁)ဦး (နိုင်ငံခြားရေးဝန်ထမ်း အငြိမ်းစား)၊ ရခိုင်ဆိုင်ရာ အကြံပေး (၁) ဦး (ယခင် ရခိုင်ပြည်နယ် လုံ/နယ် ဝန်ကြီးဟောင်း)၊ စုစုပေါင်း (၄) ဦး ခန့်ထားခြင်းသာ ရှိပါတယ်” ဟု ရှင်းလင်း ဖြေကြားသည်။

၂၀၁၉ ခုနှစ် မေလ ၃ ရက်နေ့၊ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုရာထူးဝန် အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်း ဖြေကြားချက်မှာ ဝန်ကြီးဌာန (၆)ခု (သာသနာရေးနှင့်ယဉ်ကျေးမှု၊ စီမံ/ဘဏ္ဍာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး၊ ကျန်းမာရေးနှင့် အားကစား၊ စာရင်းစစ်ချုပ်ရုံး) တို့တွင် ပြည်ပမှ ပညာရှင်၊ အကြံပေး၊ နည်းပြ၊ ကျွမ်းကျင်သူ စုစုပေါင်း (၉၀ ) ဦး ရှိကြောင်း ဖြေကြားခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ စီမံကိန်း တစ်ခုချင်း အလိုက် သက်တမ်းကာလ သတ်မှတ်ချက်နှင့် ခန့်ထား ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ရှင်းလင်းခဲ့ပြီး ဖြစ်သည်။

အဆိုပါ အကြံပေး၊ ပညာရှင်၊ နည်းပြ၊ ကျွမ်းကျင်သူများနှင့် ဆက်စပ်ကာ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးတို့တွင် ပြည်ပအကြံပေးများ ရှိသည် ဆိုသည့် သတင်းမှားများ ထွက်ပေါ်ခြင်း ဖြစ်ပြီး၊ နိုင်ငံတော်သမ္မတရုံးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးတို့တွင် ပြည်ပ အကြံပေး ခန့်ထား ဆောင်ရွက်ခြင်း မရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ရှင်းလင်း ဖြေကြားခဲ့သည်။

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •