နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကမ္ဘာ့ခေါင်းဆောင်များနေ့အခမ်းအနားတွင် ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကိုဗစ်-၁၉ ကူးစက်ရောဂါ နှင့် ကမ္ဘာ့အလုပ်အကိုင်ကဏ္ဍဆိုင်ရာ ILO ကမ္ဘာ့ထိပ်သီး အစည်းအဝေး ကာလအတွင်း ကျင်းပသည့် ကမ္ဘာ့ခေါင်းဆောင်များနေ့အခမ်းအနားတွင် ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြား

နေပြည်တော် ဇူလိုင် ၈

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် သည် ယနေ့ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO)၏ COVID-19 ကူးစက်ရောဂါနှင့် ကမ္ဘာ့အလုပ်အကိုင်ကဏ္ဍဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေးကာလအတွင်း ကျင်းပသည့် ကမ္ဘာ့ခေါင်းဆောင်များနေ့ အခမ်းအနားတွင် ဗီဒီယိုဖြင့် မိန့်ခွန်းတစ်ရပ် ပါဝင်ပြောကြား ခဲ့သည်။

အဆိုပါ ကမ္ဘာ့ခေါင်းဆောင်များနေ့ အခမ်းအနားတွင် ILO ညွှန်ကြားရေးမှူးချုပ် Mr. Guy Ryder က သဘာပတိအဖြစ်ဆောင်ရွက်လျက် အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် ILO အဖွဲ့ဝင်နိုင်ငံ ၅၅ နိုင်ငံမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများက ဗီဒီယိုဖြင့် မိန့်ခွန်းများ ပြောကြားခဲ့ကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မိန့်ခွန်းပြောကြားရာတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ထိခိုက်လွယ်အုပ်စုများ၊ အလုပ်သမားများ အထူးသဖြင့် အမျိုးသမီးများအပေါ် ထိခိုက်မှုများကို ပြောကြားခဲ့ပြီး၊ အလုပ်သမားများ၏ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ရေးနှင့် စီးပွားရေး လုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်ရေး ရည်မှန်းချက်နှစ်ရပ်တို့ကို ဟန်ချက်ညီညီအကောင်အထည် ဖော်ရန် လိုအပ်မှုကို အလေးထားပြောကြားခဲ့သည်။ ထို့ပြင် ကိုဗစ်-၁၉ ကို တုံ့ပြန်ရေးအတွက် မြန်မာ အစိုးရ၏ ကြိုးပမ်းဆောင်ရွက်ချက်များနှင့် စီးပွားရေး၊ အလုပ်အကိုင်ဈေးကွက်နှင့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများအပေါ် ထိခိုက်မှုများ လျှော့ချရေး ကြိုးပမ်းမှုများကို ထည့်သွင်းပြောကြား ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ကို တုံ့ပြန်ရာတွင် ပြည်သူများ၏အင်အား၊ စေတနာ သဒ္ဓါထက်သန်မှု၊ လှူဒါန်းပေးကမ်းလိုသည့်စိတ်ဓာတ်တို့ကို ရယူကာ “တစ်နိုင်ငံလုံး ပါဝင်သည့် ချဉ်းကပ်မှုပုံစံ” ဖြင့် ဆောင်ရွက်လျက်ရှိသည့်အတွက် ရောဂါဖြစ်ပွားမှုကို ယနေ့ထိ ထိန်းချုပ်ထားနိုင် ခဲ့ကြောင်းပြောကြားခဲ့သည်။

မြန်မာအစိုးရအနေဖြင့် ပြည်ပနိုင်ငံများ၌ အခက်အခဲနှင့် ရင်ဆိုင်နေကြရသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအားလုံးကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ရန်နှင့် အလုပ်သမား လိုအပ်ချက်မြင့်မားသည့် စီမံကိန်းများကို ဖော်ဆောင်ကာ ၎င်းတို့အတွက် အလုပ်အကိုင် အခွင့် အလမ်းများ ဖန်တီးပေးနိုင်ရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် မြန်မာ နိုင်ငံသည် ILO ၏ ရာပြည့်ကြေညာချက် (ILO Centenary Declaration) ပါ အကြံပြုချက်များ အထူးသဖြင့် အလုပ်သမားအခွင့်အရေးများ ကာကွယ်ရေးကိစ္စကို လိုက်ပါဆောင်ရွက်ရန် သန္နိဋ္ဌာန်ချ ထားကြောင်းနှင့် ကိုဗစ်-၁၉ ကို တုံ့ပြန်ရာတွင် ILO မှ အကြံပြုထားသည့် အဓိကမဏ္ဍိုင်(၄)ရပ်ကို အခြေခံသည့် မူဘောင်အရ ဆောင်ရွက်နေကြောင်းတို့ကိုလည်း ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကမ္ဘာ့အလုပ်အကိုင်ကဏ္ဍတွင် ရင်ဆိုင်နေရသည့် ဘုံစိန်ခေါ် မှုများကို တုံ့ပြန်ဖြေရှင်းနိုင်ရေးအတွက် ထိရောက်သည့် လက်တွေ့လုပ်ငန်းစဉ်များ ချမှတ်ဆောင် ရွက်နိုင်မည့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း နိဂုံးချုပ်အနေဖြင့် အလေးထား ပြောကြားခဲ့သည်။

(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ မိန့်ခွန်းအပြည့်အစုံကို သီးခြားဖော်ပြသွားမည်ဖြစ်ပါသည်။)


Spread the love
  •  
  •  
  •  
  •  
  •  
  •