နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မိုတဲဂိ တိုရှိမိစု နှင့် တွေ့ဆုံ ဆွေးနွေး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး မစ္စတာ မိုတဲဂိ တိုရှိမိစု နှင့် တွေ့ဆုံ ဆွေးနွေး

နေပြည်တော်၊ ဩဂုတ် ၂၄

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံသို့ တရားဝင် ခရီး ရောက်ရှိနေသည့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာ မိုတဲဂိ တိုရှိမိစု နှင့် ယနေ့ မွန်းလွဲ (၂) နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်သည်။

 

နှစ်နိုင်ငံ တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာအိချိယို မာရုယာမနှင့် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်များ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ တားဆီးရေးနှင့် ကုသရေးလုပ်ငန်းများ အတွက် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ဆက်လက် ကူညီ ပံ့ပိုးသွားမည့် အခြေအနေ၊ ကိုဗစ်-၁၉ ကာလအတွင်း နှစ်နိုင်ငံ နိုင်ငံသားများအတွက် ကယ်ဆယ်ရေး လေယာဉ်များ ဆက်လက်ပျံသန်း ပြေးဆွဲပေးရေးနှင့် အပြန်အလှန် သွားလာမှုများ တစ်ဆင့်ချင်း ပြန်လည် ဖွင့်လှစ်သွားရေး၊ မြန်မာနိုင်ငံ၌ နိုဝင်ဘာလအတွင်း ကျင်းပမည့် အထွေထွေရွေး ကောက်ပွဲအတွက် ဂျပန်နိုင်ငံမှ အကူအညီ ပေးအပ်ရေးနှင့် လေ့လာသူအဖွဲ့ စေလွှတ်သွားရေး ကိစ္စ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ ဂျပန်အစိုးရမှ ကူညီပံ့ပိုးမှုများ ဆက်လက် ပေးအပ်သွားမည့် ကိစ္စ၊ ကိုဗစ်-၁၉ အလွန်ကာလ မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည်ဦးမော့ လာစေရန် နှစ်ဖက် ပူးပေါင်း ဆောင်ရွက်သွားရေး ကိစ္စများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု ဆက်လက် တိုးချဲ့သွားရေး ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

 

ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးကြရာတွင် ဂျပန်နိုင်ငံ အနေဖြင့် သိမ်မွေ့နက်နဲသည့် အခြေအနေကို နားလည်ကြောင်းနှင့် ရခိုင်ပြည်နယ်ရှိ လူ့အဖွဲ့အစည်း များအကြား သဟဇာတ ဖြစ်ရေးနှင့် တည်ငြိမ်ရေး အပါအဝင် မြန်မာအစိုးရ ကိုယ်တိုင် စီမံ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို ဆက်လက် ထောက်ခံ အားပေးသွားမည် ဖြစ်ကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီးက ဆွေးနွေးခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိတို့၏ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေး အတွက် မြန်မာအစိုးရ၏ စွမ်းဆောင်ရည် မြှင့်တင်ပေးရန် ကူညီ ပံ့ပိုးပေးခြင်းသည် တန်ဖိုး အရှိဆုံး ဖြစ်ကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်၌ လုံခြုံရေးနှင့် အုပ်ချုပ်ရေး ကဏ္ဍများတွင် စွမ်းဆောင်ရည် မြှင့်တင်ရန် ဂျပန်နိုင်ငံ၏ ကူညီပံ့ပိုးမှုများအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

 

ထို့ပြင် ဒေသတွင်းနှင့် နိုင်ငံတကာ အရေးကိစ္စရပ်များ အပေါ် နှစ်ဖက်ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး အမြင်ချင်း ဖလှယ်ခဲ့ကြသည်။

ဆက်လက်၍ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်နိုင်မည့် အခြေအနေအပေါ် မူတည်၍ နှစ်နိုင်ငံအကြား ကာလရှည် နေထိုင်ခွင့် ရရှိထားသူများအား အပြန်အလှန် ဝင်ရောက်နိုင်ရေး နှင့် ပတ်သက်၍ တစ်ဆင့်ချင်း ဖြေလျှော့သွားရေး ကိစ္စရပ်များကို စက်တင်ဘာလ လယ်တွင် ဆက်လက် ဆွေးနွေးရန် နှစ်ဖက် သဘောတူခဲ့ကြသည်။

ထို့ပြင် ဂျပန်နိုင်ငံသို့ ကာလတို လာရောက်လိုသည့် အတတ်ပညာရှင်များနှင့် စီးပွားရေး လုပ်ငန်းရှင်များ အတွက် ဂျပန်နိုင်ငံသို့ ဝင်ရောက်ခွင့်ကို ဖြေလျှော့ပေးမည့် business track အစီအစဉ်နှင့် ဂျပန်အစိုးရမှ ပေးအပ်သည့် ပညာသင်ဆု ရရှိထားသည့် မြန်မာ ပညာတော်သင်များကို ဂျပန်နိုင်ငံသို့ မကြာမီ ဝင်ရောက်ခွင့်ပြုရေး ကိစ္စတို့ကိုလည်း ဆက်လက် ညှိနှိုင်းသွားရန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •