နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အမေရိကန်အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးငွေကြေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အမှုဆောင်အရာရှိချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့အားတွေ့ဆုံ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးငွေကြေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အမှုဆောင်အရာရှိချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် အောက်တိုဘာ ၂၇

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စု အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးငွေကြေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (U.S. International Development Finance CorporationDFC)၏ အမှုဆောင်အရာရှိချုပ် Mr. Adam Boehler ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် Mr. Adam Boehler က DFC ၏ လုပ်ငန်းတာဝန်နှင့် ဦးစားပေး လုပ်ငန်းအစီအစဉ်များဖြစ်သည့် ပုဂ္ဂလိကဈေးကွက်ရှာဖွေမှု၊ ပွင့်လင်းမြင်သာမှု၊ ဈေးကွက် ယှဉ်ပြိုင်နိုင်မှုနှင့် ၎င်းတို့၏ မူဝါဒဖြစ်သည့် နှစ်ဖက်အပြန်အလှန် ဈေးကွက် ဖွင့်လှစ်ရေး အတွက် အခြားနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား DFC ၏ ပံ့ပိုးဆောင်ရွက်မှုဖြင့် ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေးနှင့် နည်းပညာအကူအညီပေးရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး တန်ဖိုးမြှင့် စိုက်ပျိုးရေးထုတ်ကုန်များ၊ လျှပ်စစ်ကဏ္ဍ၊ အသေးစားစက်မှုလုပ်ငန်းများ၊ ကန်ထရိုက်လယ်ယာစနစ်၊ အသေးစား‌ချေးငွေ လုပ်ငန်း၊ အလုပ်အကိုင်ဖန်တီးရေး၊ ပညာရေး၊ ဝင်ငွေတိုးတက်ရရှိရေး စသည့်ကဏ္ဍများတွင် အနာဂတ် ပူးပေါင်း ဆောင်ရွက်နိုင်မှု အလားအလာများနှင့်ပတ်သက်၍လည်း နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

DFC သည် အမေရိကန်ဖက်ဒရယ်အစိုးရ၏ ဖွံ့ဖြိုးမှုတိုးတက်မှုဆိုင်ရာ ငွေကြေး အထောက်အကူပြု ဘဏ်တစ်ခုဖြစ်ပြီး ဝင်ငွေနည်းပါးသော နိုင်ငံများနှင့် အလယ်အလတ် အဆင့် ဝင်ငွေနည်းပါးသော နိုင်ငံများရှိ ပုဂ္ဂလိကဆိုင်ရာ ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် ငွေကြေးထောက်ပံ့မှုများကို အဓိက ဆောင်ရွက်ပေးသည့် အဖွဲ့အစည်းဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာ‌န ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိ ကြီးများ တက်ရောက်ခဲ့ကြပြီး အမေရိကန်ဘက်မှ ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ သံရုံး ယာယီတာဝန်ခံ Ms. Gwendolyn Cardno ၊ Export-Import Bank ဥက္ကဋ္ဌ Ms. Kimberly Reed ၊ အင်ဒို-ပစိဖိတ် ဦးဆောင်ညွှန်ကြားရေးမှူး Mr. Joshua Cartin နှင့် သက်ဆိုင်ရာ ဌာနများနှင့် DFC တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •