နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ရွေးကောက်ပွဲ အသုံးစရိတ် (၆၃) သိန်းကျော်သာ အသုံးပြု

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ရွေးကောက်ပွဲ အသုံးစရိတ် (၆၃) သိန်းကျော်သာ အသုံးပြု

နေပြည်တော်၊ ဒီဇင်ဘာ ၉

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကုန်ကျစရိတ် စာရင်းအား ဒီဇင်ဘာ ၄ ရက်နေ့က တင်သွင်းခဲ့ပြီး အသုံးစရိတ်အဖြစ် ငွေကျပ် ၆၃ သိန်းကျော် အသုံးပြုကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရှိရသည်။

“သူ့ရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ် ဉီးသိန်းဉီး ကနေ ရွေးကောက်ပွဲ ကုန်ကျစရိတ်တွေကို လာပြီးတော့ တင်သွင်းသွားပါတယ်။ စုစုပေါင်းကတော့ ၆၃ သိန်း ကျော်ပါ။ အဓိက အသုံးစရိတ်ကတော့ အများနည်းတူပါပဲ၊ ခေါင်းစဉ်တွေ အမျိုးအမျိုး ရှိတာပေါ့” ဟု ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဉက္ကဋ္ဌ ဉီးသိန်းလှိုင် က ပြောကြားသည်။

အသုံးပြုသည့် ငွေစာရင်း ခေါင်းစဉ်များတွင် မှတ်ပုံတင်ကြေး၊ ရုံးဝန်ထမ်းများ စရိတ်၊ မဲရုံ ကိုယ်စားလှယ်များ အသုံးစရိတ် အပါအဝင် ဗွီနိုင်း၊ ကြော်ငြာနှင့် မိတ္တူကူးခ စသည့် အသုံးစရိတ်များ ပါဝင်ကြောင်း ဉီးသိန်းလှိုင်က ဆက်လက် ပြောကြားသည်။

ကိုဗစ်-၁၉ ဖြစ်ပွားနေဆဲ ကာလ ဖြစ်သောကြောင့် မဲဆွယ်စည်းရုံး ဟောပြောမှုများကို အွန်လိုင်းမှသာ ပြုလုပ်ခဲ့ကြသဖြင့် အွန်လိုင်း မဲဆွယ်စရိတ်အား အဖွဲ့ချုပ်ကိုယ်စားလှယ်များ နည်းတူ အချိုးကျ ထည့်သွင်းထားကြောင်း သိရှိရသည်။

ရွေးကောက်ပွဲ ကုန်ကျစရိတ်အား ဝင်ရောက် ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း အားလုံး မဖြစ်မနေ တင်သွင်းကြရမည် ဖြစ်ကာ ငွေကျပ် သိန်းတစ်ရာ အထိ အသုံးပြုခွင့် ပေးထားခြင်း ဖြစ်သည်။

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •