နိုင်ငံရေးအရ စေ့စပ် ညှိနှိုင်းရာတွင် ပြည်ထောင်စု အကျိူးစီးပွားကို ရှေ့ရှုကြရန် အတိုင်ပင်ခံ တိုက်တွန်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နိုင်ငံရေးအရ စေ့စပ် ညှိနှိုင်းရာတွင် ပြည်ထောင်စု အကျိူးစီးပွားကို ရှေ့ရှုကြရန် အတိုင်ပင်ခံ တိုက်တွန်း

နေပြည်တော်၊ သြဂုတ် ၁၇

နိုင်ငံရေးအရ စေ့စပ် ညှိနှိုင်းရာတွင် ပြည်ထောင်စု တစ်ခုလုံးနှင့် ပြည်သူများ၏ အနာဂတ် အကျိူးစီးပွားကို ရှေ့ရှုကြရန် လိုအပ်ကြောင်း UPDJC ဥက္ကဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်း ပြောကြားလိုက်သည်။

 

“နိုင်ငံရေးအရ စေ့စပ် ညှိနှိုင်းကြသူတွေဟာ မိမိတို့ ကိုယ်စားပြုတဲ့ အစုအဖွဲ့ တစ်ဖွဲ့တည်းရဲ့အကျိုးစီးပွား ထက် ပြည်ထောင်စု တစ်ခုလုံး ၊ တိုင်းရင်းသား ပြည်သူအားလုံးနဲ့ အနာဂါတ် မျိုးဆက်တွေရဲ့အကျိုးစီးပွားကို ရှေ့ရှုနိုင်ကြဖို့ အရေးကြီးပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခြင်း ဖြစ်သည်။

ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့တွင် နေပြည်တော် MICC ( 1 ) ၌ ကျင်းပသည့် (၁၉) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေး အဖွင့်အမှာစကား ပြောကြားရာတွင် ယင်းသို့ တိုက်တွန်း ပြောကြားခြင်း ဖြစ်သည်။

နှစ်ပေါင်း (၇၀) ကျော် ရှည်ကြာခဲ့သည့် နိုင်ငံရေး ပြသနာများကို ဖြေရှင်းရာတွင်လည်း စိတ်ရှည် သည်းခံ၍ အပြန်အလှန် နားလည်မှုများ အရင်းခံကြဖို့ လိုအပ်ကြောင်းလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်း ပြောကြားခဲ့သည်။

“နှစ်ပေါင်းများစွာ နိုင်ငံရေး သဘောထား ကွဲပြားမှုတွေနဲ့အတူ သံသယတွေ၊ မယုံကြည်နိုင်မှုတွေ၊ နာကျင်မှုတွေ အမြစ်တွယ် နေခဲ့တာတွေ ကိုလည်း နှလုံးသားနဲ့ မျှဝေပြီး နားလည် သိမြင် ခံစားနိုင်ကြဖို့ အရေးကြီးပါတယ်” ဟုလည်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

(၁၉) ကြိမ်မြောက်အဖြစ် ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် ပြည်ထာင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ – ရာစု ပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပမည့် နေ့ရက်နှင့် ညီလာခံ ကိုယ်စားလှယ် ဦးရေ သတ်မှတ် အတည်ပြုခြင်း ၊ UPDJC အဖွဲ့ဝင် အစားထိုး ပြောင်းလဲ တာဝန်ပေးခြင်း၊ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ချုပ်ဆိုမည့် ကိစ္စရပ်များ စသည့် အကြောင်းအရာများကို ဆွေးနွေး အတည်ပြုခဲ့ကြောင်း သိရသည်။

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •