နိုင်ငံအကျိုးစီးပွား ပျက်စီးလိုသူများ ထောင်ချောက်အတွင်း မဝင်ရောက်မိရန် သတိပြု ဆင်ခြင်ဆောင်ရွက်မည် ဟု အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဦးကျော်တင် ပြော

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နိုင်ငံ၏ အကျိုးစီးပွားကို ပျက်လိုပျက်စီး ပြုလုပ်လိုသူများ ထောင်ချောက်ဆင်ထားသည့် အကွက်အတွင်းသို့ မဝင်ရောက်စေရန် သတိပြု ဆင်ခြင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် က ပြောကြားသည်။

ယနေ့(ဇူလိုင် ၃၀)ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေ မေးမြန်းသည့် “မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာမှ ဖိအားများ၊ စိန်ခေါ်မှု များနှင့် ရင်ဆိုင်ရလျက် ရှိရာ မိမိတို့နိုင်ငံ ရင်ဆိုင်နေရသည့် အခြေအနေများကို နိုင်ငံတကာမှ ပိုမိုနားလည် သဘောပေါက်ကာ မြန်မာနိုင်ငံအပေါ် အမြင်ရှင်းလင်း လာစေရေး အတွက် လည်းကောင်း၊ နိုင်ငံတကာမှ ဖိအားများ လျော့ကျသွားစေရန် အတွက် လည်းကောင်း၊ နိုင်ငံနှင့် နိုင်ငံ သားများ၏ ပုံရိပ်ကို မြှင့်တင်နိုင်ရန်အတွက် လည်းကောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် သံခင်းတမန်ခင်းအရ မည်သို့ ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း သိလိုခြင်းနှင့် စပ်လျဉ်းသည့်” မေးခွန်းအား ဖြေကြားရာတွင် ယင်းသို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အစိုးရအနေဖြင့် စိန်ခေါ်မှုများကို ရင်ဆိုင် ဖြေရှင်းရာတွင် နိုင်ငံတော်၏ အကျိုး နှင့် နိုင်ငံ အေးချမ်း တည်ငြိမ်မှု မထိခိုက်အောင် အလေးထားပြီး လက်တွေ့ကျကျ တရားမျှတစွာ ကိုင်တွယ် ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောသည်။

“ဒီလိုဆောင်ရွက်ရမှာ မိမိတို့ နိုင်ငံရဲ့ အကျိုးစီးပွားကို ပျက်လိုပျက်စီး ပြုလုပ်လိုသူများ ထောင်ချောက် ဆင်ထားတဲ့ အကွက်အတွင်း မဝင်ရောက်နိုင်ဖို့ အပြောအဆို အပြုအမူများ အထူးသတိပြု ဆင်ခြင်ဆောင်ရွက် သွားကြရမှာ ဖြစ်ပါတယ်။” ဟု ၎င်းကပြောသည်။

ထို့ပြင် ပြည်သူများအားလုံး အနေဖြင့်လည်း ယင်းအန္တရာယ်ကို သိရှိ ရှောင်ရှားနိုင်ရန် အရေးကြီးပြီး၊ သံတမန်များ၊ ရှေ့တန်း မျက်နှာစာတွင် ချဉ်းကပ် စည်းရုံးမှုကို အထောက်အကူ ပြုစေမည့် အပြုသဘော ပြောဆို ဆောင်ရွက်မှုနှင့် ညီညီညွတ်ညွတ် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက တိုက်တွန်း ပြောကြားခဲ့သည်။

အစိုးရအနေဖြင့် ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်လ၍ ပြည်တွင်း ဖြစ်ပေါ်တိုးတက် မှုများ ရရှိစေရန် ၊ လူ့အခွင့်အရေး စံနှုန်းများ မြင့်မားလာစေရန်နှင့် နိုင်ငံ့ ပုံရိပ် မြှင့်တင်ရန် တို့ကို ကြိုးပမ်း ဆောင်ရွက်ရာတွင် သံတမန်များ၏ အင်အား တစ်ခုတည်းပေါ်တွင်သာ အားထား၍ မရဘဲ လွှတ်တော်ကိုယ်စားလှယ် များ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ အပါအဝင် တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး၏ အားဖြင့် ညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ၎င်းကပြောသည်။

“တကယ်တော့ ယနေ့ ဖိအားပေးလိုတဲ့၊ ဖိအားပေးနေကြတဲ့ အဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံရဲ့ ပကတိအခြေ အနေမှန်ကို မသိလို့မဟုတ်ဘဲ နိုင်ငံရေးရည်မှန်းချက် တစ်ရပ်အနေနဲ့ သိသိကြီး ဖိအား ပေးနေတာမျိုးလည်း ရှိတယ် ဆိုတာ သတိချပ်ဖို့ လိုပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး က ဆက်လက် ပြောကြားခဲ့သည်။

မိမိတို့အနေဖြင့် လူ့အခွင့်အရေးကိစ္စနှင့် ပတ်သက်၍ မိမိတို့နိုင်ငံ ပကတိ အခြေအနေနှင့်အညီ မှန်မှန်ကန်ကန် ကြိုးပမ်း ဆောင်ရွက်ကာ ပြည်တွင်းအခြေအနေ တိုးတက်မှု ရရှိရန် လုပ်ခြင်းဖြင့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည် ဖြစ်သည်။

ထို့ပြင် လူ့အခွင့်အရေး ချိုးဖောက်မှု ၊ စွပ်စွဲခံရမှု အများစုသည် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားသည့် နေရာများတွင် ဖြစ်ပြီး ယင်း လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းသွားပါက ယင်း စွပ်စွဲချက်များလည်း လျော့ပါး ကွယ်ပျောက်သွားမည် ဖြစ်ကြောင်း ဝန်ကြီး ဦးကျော်တင်က ပြောသည်။

ထို့ကြောင့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းသွားစေမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်စေရေး အတွက် ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရေးသည် လွန်စွာ အရေးကြီးကြောင်း ၎င်းက ယနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွင် တိုက်တွန်း ပြောကြားခဲ့သည်။

#Peacock
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •