နိုင်ငံ အနှံ့က လူပင်လယ် ဆန္ဒပြပွဲကြီး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဇော်မင်းထွန်း၏ ကျေးဇူး နှင့် နိုင်ငံ အနှံ့ လူပင်လယ် ဆန္ဒပြပွဲကြီး
**************************************

ယနေ့ နိုင်ငံ တဝှမ်း တွင် လူ ပေါင်း သန်း နှင့် ချီ ရှိသော ဆန္ဒပြ ကန့်ကွက်ပွဲများကြောင့် မဲမသမာမှု များ ရှိ၍ အာဏာသိမ်းရသည် ဆိုသော မင်းအောင်လှိုင်၏ အပြောကို ယုံမည်သူဟူ၍ သူရူးသာ ကျန်တော့ကြောင်း ကမ္ဘာတဝှမ်း အား သက်သေပြနိုင်ခဲ့ပြီ ဖြစ်ပါသည်။

ကမူးရှူးထိုး ဖြစ်လာနေသော စစ်တပ်သည် မန္တလေး တွင် အကြမ်းဖက် နှိမ်နှင်းခဲ့၍ လူတရာခန့် ဒဏ်ရာ ရရှိသွားကာ မီးရထား ဝန်ထမ်းများကို သေနတ်များ နှင့် ထောက်ကာ ဝင်ရောက် ဖမ်းဆီးပြီး ရထားထွက်ရန် ကြံစည်ခဲ့ကြသည်အထိ အရှက်တကွဲ အကျိုးနည်း ဖြစ်လာနေပြီဟု သိရသည်။ ထိုမျှမကသေး မီးရထား ဝန်ထမ်း အိမ်ယာဝင်းအတွင်း ၎င်းတို့အား သံဗုံးတီး နှင်ထုတ်သူများအား လေးခွများဖြင့် အိမ်ထဲထိ ချိန်ရွယ် ပြစ်ခတ်ခဲ့ကြပြန်သည်။

မြန်မာ ကွန်ပျူတာ ဟက်ကာများမှလည်း ဗဟိုဘဏ်၊ စစ်တပ်၏ သတင်းမှန် ပြန်ကြားရေး အဖွဲ့၊ မြဝတီ ရုပ်သံ၊ ကုန်သွယ်ကူးသန်းရောင်းဝယ်ရေး အပါအဝင် အစိုးရဌာနများစွာ၏ ဝက်ဆိုဒ် နှစ်ဆယ်ကျော်ခန့်အား ရပ်ဆိုင်းသွားအောင် ဝင်ရောက် နှောက်ယှက်နိုင် ခဲ့ကြသည်။

ပြည်သူများ၏ ကားများ လည်း ရန်ကုန်ရှိ လမ်းများ ပေါ်တွင် အမြောက်အမြား ပျက်ကုန်ပြန်သဖြင့် လမ်းများ ပိတ်ဆို့ ကုန်ပြီ ဖြစ်သည်။ ဤသည်မှာ တီထွင် ဖန်တီးနိုင်ခဲ့မှု creative CDM ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်မှု အဖြစ် ပြည်ပ သတင်းစာများ က တအံ့တဩ ချီးကျူးရေးသားခဲ့ကြသည်။

စစ်အာဏာရူးများ၏ မဖွယ်မရာ ကြံစည်မှုများကြောင့် လုပ်ငန်းများ နှင့် လူနေမှု ဘဝများသည် ဖရိုဖရဲ ဖြစ်သွားခဲ့ရလေသည်။ ဘဏ်များ၊ ဆေးရုံများ၊ မီးရထား လုပ်ငန်းများ ဆိုးဆိုးရွားရွား ထိခိုက်နေပြီ ဖြစ်သည်။ တရုတ်၏ ကြေးနီ သတ္တုတွင်း လုပ်ငန်းများမှာ အလုပ်သမားများ၏ သပိတ်မှောက်မှုကြောင့် လုပ်ငန်းများ ရပ်ဆိုင်းသွားရပြန်သည်။ ထောင်ပေါင်းများစွာသော သတ္တုတွင်း လုပ်သားများက တရုတ်၏ “ပြည်တွင်းရေး သက်သက်” ဟူသော အပြောကို ဆန့်ကျင့်ကန့်ကွက်လာရာမှ စတင်ခဲ့ခြင်း ဖြစ်သည်။

နေပြည်တော်တွင် အစိုးရ ဌာနများရှိ အလုပ်သမားများလည်း လုပ်ငန်းခွင်များကို တဖွဲဖွဲ နှင့် စွန့်ခွာကာ မြို့ပြ အာဏာဖီဆန်ရေး သပိတ်တိုက်ပွဲကြီးများထဲ သို့ တဖြေးဖြေး ဝင်ရောက်လာကြပြီ ဖြစ်ရာ ယခုအခါ မီးရထား ဝန်ထမ်း ၉၉% သည် သပိတ်မှောက်ရာတွင် ပါဝင်ခဲ့ကြပြီ ဖြစ်သည်။

နောက်ထပ် စစ်တပ်အတွက် မြွေပူရာ ကင်းမှောင့် ဖြစ်လာရသည်က ရာပေါင်းများစွာသော လူများသည် စစ်တပ်ပိုင် မြဝတီ ဘဏ်သို့ တဖွဲဖွဲ ရောက်လာပြီး ငွေများကို လာရောက် ထုတ်ယူနေကြခြင်း ဖြစ်သည်။ စစ်တပ်အတွင်း စစ်သားများကို လစာပေးရန် အစိုးရ ဘဏ်များမှ ငွေများ သဲ့ထုတ်နေသည်ဆိုသောသတင်းများ ကိုကြားသိလာရ၍ လည်း ဖြစ်သည်။ နောက်ဆုံးတွင် လူတဦးလျှင် ကျပ် သိန်းနှစ်ဆယ်သာ ထုတ်ပေးတော့မည်ဟု ကန့်သတ်လာရသည်။

ပြည်သူများ အနေနှင့် စဉ်းစားလို့ ရသည့်နည်းလမ်း‌မှန်သမျှ ကို ကြံဆပြီး အုံကြွ ဆန့်ကျင်လာနေပြီ ဖြစ်၍ အခြေအနေမှာ ရှေ့လျှောက် ပြင်းထန်လာဖို့သာ ရှိနေသည်။ ယခုအခါ အနုပညာရှင်များကို လည်း ဖမ်းဝရမ်း ထုတ်လာပြီ ဖြစ်သည်။ ရုပ်ရှင် သရုပ်ဆောင် ပြေတီဦးက “ကျွန်တော်တို့ အခု တိုက်ပွဲကို အောင်မြင်အောင် မတိုက်နိုင်ဖူးဆိုရင် ကျွန်တော်တို့ မျိုးဆက်တွေ၊ ကျွန်တော်တို့ ကလေးတွေရဲ့ အနာဂတ်တွေ ပျောက်ဆုံးသွားမှာ ဖြစ်တယ်” ဟု ပြောသွားခဲ့သည်။

အနုပညာရှင်များသာမက ပန်းချီ၊ ကာတွန်း နှင့် ကဗျာ ဆရာများ ကလည်း ၎င်းတို့၏ ဖန်တီးမှု လက်ရာများဖြင့် အရေးတော်ပုံကြီးတွင် ပါဝင်လာခဲ့ကြသည်။

မင်းအောင်လှိုင် ၏ အာဏာသိမ်းမှုသည် ဒေါ်အောင်ဆန်းစုကြည်မှ စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းများကို ပြုပြင်ပြောင်းလဲရန် ပြောဆိုမှု များ ရှိလာခြင်းကလည်း တကြောင်း အပါအဝင် ဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ခဲ့ကြသည်။

မြန်မာ စစ်တပ်အား အသက်ဆက်အောင် လုပ်ပေးနိုင်သည့် စင်္ကာပူသည်လည်း ၎င်းတို့၏ လုပ်ရပ်များကို ရပ်တန့်မှ ဖြစ်ပေမည်။

စစ်တပ်က အမှတ် (၇၇) ခြေမြန်တပ်မ ဌာနချုပ် မှ တပ်ရင်းများ ခေါ်သွင်းလာမှုကို ကုလသမဂ္ဂမှ ပြင်းထန်စွာ သတိပေး တုန့်ပြန်လာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် စတင်ခဲ့သော ကိုဗစ် ကာကွယ်ဆေး နိုင်ငံတဝှမ်း ထိုးပေးရေး အစီအစဉ်များလည်း ၎င်းတို့ အာဏာသိမ်းမှု နှင့် အတူ ရပ်ဆိုင်းသွားခဲ့ပြီး ကမ္ဘာတဝှမ်း ပူးပေါင်း တွန်းလှန်နေမှုမှလည်း ခွဲထွက်သွားပြီ ဖြစ်သည်။

စစ်တပ်မှ အာဏာသိမ်းပါလျှင် ထိုကဲ့သို့ ပြည်တွင်း ပြည်ပ မှ ပြင်းထန်စွာ တုံ့ပြန်လာမည်ကို စဉ်းစားဉာဏ် ရှိသော လူတိုင်း တွက်ဆပြီး ဖြစ်သည်။ ၎င်း၏ မိုက်ရူးရဲ တကိုယ်ကောင်း ဆန်မှု၊ အာဏာရူး အလိုတော်ရိများ၏ မြှောက်ပင့်ပေးနေမှုဖြင့် တိုင်းပြည်အား ချောက်ထဲသို့ တွန်းပို့နေသည့် အဖြစ်ကြီးကို ကျန်စစ်ဗိုလ်ချုပ်များက ဒီအတိုင်း လက်ပိုက်ကြည့်နေကြပြီး အောက်ခြေ စစ်သားများက လမ်းမများ ပေါ်တွင် ၎င်းအလိုကျ လူထုနှင့် ရင်ဆိုင်နေကြရသည့် အဖြစ်ကို ရောက်ရှိနေပြီလည်း ဖြစ်သည်။ ထိုအနေအထားကို မည်မျှ ထိ ကြာရှည် တောင့်ခံနိုင်ကြမည် ဆိုသည်ကား စောင့်ကြည့်ရမည်သာ ဖြစ်သည်။ အောက်ခြေစစ်သည်နှင့် ရဲတပ်ဖွဲ့ဝင်များ အဖို့က ၎င်းတို့ အသက်ဆက်ရေး၊ အခွင့်ထူးခံနိုင်ရေးများ အတွက် အသုံးချခံ ဘဝရောက်နေရသည့် အဖြစ်ကိုပင် အပြုစားခံထားကြသူများအလား ငြိမ်ခံနေကြသည့်အဖြစ်ကို မည်သို့မျှ နားမလည်နိုင်အောင်လည်း ဖြစ်လာကြသည်။

လောလောဆယ်တွင် အာဏာသိမ်းပွဲ အောင်မြင်သည် ဖြစ်စေ မအောင်မြင်သည် ဖြစ်စေ လမ်းဘေးရောက်သွားဖို့ သေချာနေသည်မှာ ကြံ့ဖွတ် အဖွဲ့ပင် ဖြစ်သည်။ အာဏာသိမ်းပွဲ ကြောင့် ကြံ့ဖွတ်သည် ၎င်းတို့ မျှော်မှန်းသလို ဖြစ်မလာဘဲ ဘေးရောက်လာနေပြီ ဖြစ်သည်။

ယခုအခါ နိုင်ငံတော် အတိုင်ပင်ခံ နှင့် သမ္မတကြီးအား အကြောင်းမရှိ အကြောင်းရှာကာ ပုဒ်မများ ထပ်တိုးခဲ့ ကြသည့်အပြင် ဝန်ထမ်းများကို နွားများနှင့် နှိုင်းကာ ပြောသွားသော ဇော်မင်းထွန်း၏ စကားကြောင့် လူထု၏ ဒေါသကို ဆွပေးသလို ဖြစ်လာခဲ့ရပြီး ဗုဒ္ဓဟူးနေ့တွင် မကြုံစဖူးအောင် သံဃာတော်များ အပါအဝင် လူပေါင်း သန်း နှင့်ချီ၍ ထွက်လာခဲ့ရပြီး ဆန္ဒပြအင်အား အကြီးမားဆုံး ဖြစ်သွားခဲ့ရသည်။

ထိုသို့ ဖြစ်အောင် ပံ့ပိုးပေးခဲ့သည့် MRTV ဝန်ထမ်းများ နှင့် ဇော်မင်းထွန်းကိုပင် ကျေးဇူးတင်ရမည် ဖြစ်ပြီး နေ့စဉ် သတင်းစာရှင်းလင်းပွဲ လုပ်ပေးခြင်းဖြင့် လူထု လှုပ်ရှားမှုကြီးကို လှုံ့ဆော်ပေးသင့်လှသည်။

ဝါရှင်တန် ပို့စ် သတင်းစာမှ မင်းအောင်လှိုင်အကြောင်းကို ယခုလို ရေးသားလာခဲ့သည်။ မင်းအောင်လှိုင်ကို ဦးသန်ရွှေ မှ ရွေးချယ်ခဲ့ခြင်း အပေါ် သူနှင့် အဆင့်တူ ဗိုလ်ချုပ်ကြီးများက ဒီမိုကရေစီ အသွင် ကူးပြောင်းရေးတွင် ကြီးမားစွာ အနှောက်အယှက် ပေးလာမည့်သူ အဖြစ် ရှုမြင်ခဲ့ကြပြီး ၎င်းသည် ပြင်ပ ကမ္ဘာ နှင့် ထိတွေ့နိုင်မှုလည်း မရှိ၊ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာချိန်မှစ၍ သူ၏ အင်ပိုင်ယာကို တည်ဆောက်လာခဲ့သဖြင့် သူ့အား ရွေးချယ် ခဲ့သူပင် ထိန်းမရ နိုင်အောင် ဖြစ်လာခဲ့ရသည်ဟု ထောက်ပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို နဂိုကတည်းက လွန်စွာ မုန်းတီးသူ ဖြစ်သည်။ သူမနောက်ကွယ်တွင် ပြည်သူ တရပ်လုံး ရှိနေပြီး ၎င်း၏ နောက်တွင်တော့ လက်နက်ကိုင် စစ်သားများသာ ရှိနေသည်။ သူမနှင့် ယဉ်ပြိုင်နိုင်ရန် အင်္ဂလိပ်စာ ကို အားလပ်ချိန်တွင် လေ့လာခဲ့သဖြင့် တခါတရံ နိုင်ငံခြားဧည်သည်များ နှင့် တွေ့ဆုံရာတွင် စကားပြန်ကိုပင် ဖြတ်ပြီး ဝင်ရောက် ပြောဆိုလာခဲ့သည်ဟု သံတမန်များက ဆိုသည်။ တဖြေးဖြေး နှင့် နိုင်ငံခြား ဧည်သည်များ နှင့် တွေ့ဆုံရန် နဂိုက ကြောက်ရွံ့နေမှုများ အစား ရဲတင်း မောက်မာမှုများ အစားထိုး ဝင်ရောက်လာခဲ့သည်ဟု ဆိုသည်။ မည်သူ၏ စကားမှ နားမထောင်တော့ဘဲ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်သော သူ၏ စကား၊ အမြင်များသာ အားလုံးက လိုက်နာရမည်ဟု သဘောထားလာခဲ့သည်။

အထင်ရှားဆုံး ဖြစ်ရပ်တခု အဖြစ် ၂၀၁၆ ခုနှစ် စင်္ကာပူ ဝန်ကြီးချုပ် လီရှန်လုံး အလည်ရောက်လာချိန်တွင် သံတမန် ထုံးတမ်းကျင့်ဝတ်အရ ရာထူး နိမ့်သူ မင်းအောင်လှိုင်သည် ဝန်ကြီးချုပ် တည်းခိုရာ ဟိုတယ်သို့ လာရောက် တွေ့ဆုံရမည့်အစား သူ၏ ရုံးသို့ လာတွေ့ရမည်ဟု လုပ်လာခဲ့သည်။ လီရှန်လုံးက လက်မခံ၍ နောက်ဆုံးတွင်မှ အလျော့ပေးပြီး လာတွေ့ခဲ့ရသည်ဟု သံတမန် တဦးက ပြောပြခဲ့သည်။

ထိုသို့သော လူမျိုးလက်တွင် အာဏာ မြဲမည်ဆိုက ပြည်သူများ အထိတ်တလန့် နေခဲ့ရသည့် စစ်အုပ်ချုပ်ရေး ကာလများလို လူထုကို ထောက်လှမ်းခြင်း၊ နိုင်ငံတကာ နှင့် အဆက်ဖြတ်ကာ ထင်တိုင်းကြဲတော့မည် ဖြစ်သည်ဟု သုံးသပ်ခဲ့သည်။

ကယ်လီဖိုနီယား တက္ကသိုလ် နိုင်ငံရေး သိပ္ပံဌာနမှ လေ့လာသုံးသပ်ရာတွင် မင်းအောင်လှိုင်သည် ၁၉၇၄ တွင် စစ်တက္ကသိုလ် ဝင်ခွင့်ကို နှစ်ကြိမ်တိုင် ကျရှုံးခဲ့ပြီး မှ ဝင်ရောက်လာသူ ဖြစ်ပြီး စစ်တပ်၏ တပည့်မွေး တပည့်ခံ စနစ်ဖြင့် ယခုလို အဆင့် ရောက်ရှိလာခဲ့သူ ဖြစ်သည်။ သူ၏ အရည်အချင်း အတွေးအခေါ်နှင့် ဆိုလျှင် ပြင်ပ လောက တွင် ရုံးအုပ်ကြီး အဆင့်နှင့် ပင်စင်သွားရမည့် လူမျိုး ဖြစ်သည်ဟု ထောက်ပြခဲ့သည်။

ထိုသို့သော လူမျိုး က လက်နက်အားကိုးပြီး ထင်တိုင်းကျဲကာ အုပ်ချုပ်လာမည့် အရေး ကို နိုင်ငံနှင့် လူမျိုးကို ချစ်သူတိုင်း မည်သို့မျှ လက်ပိုက်ကြည့်နေ၍ မရသည့်အပြင် ၎င်း၏ အဖွဲ့နှင့် ပူးပေါင်းခဲ့ကြသူများအားလည်း ခွင့်လွှတ်နိုင်စရာ အကြောင်း မမြင်ပေ။

အရေးတော်ပုံ အောင်ရမည်!!!


Spread the love
  •  
  •  
  •  
  •  
  •  
  •