နောက်တကြိမ် ဒီဂျစ်တယ် အာဏာသိမ်းပွဲ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နောက်တကြိမ် ဒီဂျစ်တယ် အာဏာသိမ်းပွဲ
*******************************

အာဏာသိမ်း ခေါင်းဆောင်များက ပြည်သူများ၏ ဆန္ဒနှင့် လွတ်လပ်ခွင့် ကို ရိုက်ချိုး ဖျက်ဆီးခဲ့ကြရုံ ဖြင့် အားမရသေးဘဲ ၎င်းတို့လက်ဝယ်တွင် နောက်ဆုံးကျန်ရှိနေသေးသည် လွတ်လပ်စွာ သတင်းရယူ ခွင့်ကိုပါ အပြီးအပိုင် ဖျက်သိမ်းရန် ဆိုက်ဘာ ဥပဒေ ဆိုကာထပ်မံ ပြဌာန်း ခြိမ်းခြောက်လာပြီ ဖြစ်သည်။ ဤသည်ကပင် ၎င်းတို့ အာဏာသိမ်း လုပ်ရပ် အောင်မြင်သွားပါက ပြည်သူများအဖို့ မည်သို့ မည်ပုံ အမှောင်ထုကြီးထဲ နေကြရတော့မည်၊ လူဖြစ်ရှုံးကြရတော့မည့် အရေးကို ပြတ်သားစွာ မီးမောင်းထိုးပြ နှိုးဆွလိုက်ခြင်းမျိုး ဖြစ်သွားခဲ့ရပြန်သည်။

အင်တာနက် ထိန်းချုပ် ကိရိယာများ သယ်ဆောင်လာသော တရုတ် လေယာဉ်များ ဆိုက်ရောက် လာသည် ဆိုကာ တရုတ်သံရုံးရှေ့တွင် မနက် ဆယ်နာရီခန့်က လူထုကြီးက စုဝေးလာခဲ့ကြသည်။ ရန်ကုန်ရှိ တရုတ်ကုန်သည်ကြီးများ အသင်းမှ ပင်လယ်စာများသာ ဖြစ်သည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်ကို တရုတ်သံရုံး ဝက်ဆိုဒ်တွင် ဖေါ်ပြထားခဲ့သည်။

ဟုတ်သည်ဖြစ်စေ၊မဟုတ်သည် ဖြစ်စေ စိတ်ဓါတ်ပြင်းထန်သူများက အင်တာနက်ကို ပိတ်သည့်နေ့တွင် တရုတ် ရေနံ ပိုက်လိုင်းကို ဖေါက်ခွဲပြစ်မည်ဟု ခြိမ်းခြောက်သော ပို့စ်များ လူမှု ကွန်ယက်များပေါ်တွင်
တွေ့လာရသည်။

တရုတ်သံရုံး နှင့် ကောင်စစ်ဝန်ရုံးများသို့ လာရောက် စုဝေးကြသည့် လူငယ်များသည် အာဏာသိမ်း အဖွဲ့ကို မထောက်ခံရန်နှင့် အိမ်နီးချင်းကောင်း ပီသရန် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။

သောကြာနေ့တွင် ကျင်းပမည့် ကုလ လူ့အခွင့်အရေး ကော်မရှင်တွင် တရုတ်၏ရပ်တည်ချက်ကိုလည်း စောင့်ကြည့်နေရမည် ဖြစ်သည်။

ဆန္ဒပြသူများက ဆဌမ နေ့အဖြစ် ငြိမ်းချမ်းစွာ နိုင်ငံအနှံ ဆက်လက် ဆန္ဒပြနေကြပြီး မိမိတို့ လိုလားချက်များ မရမချင်း ဆက်လက် ၍ ရေရှည်တိုက်ပွဲ ဆင်နွှဲသွားမည်ဟု ဘဏ်ဝန်ထမ်းများက
ပြောကြောင်း စထရိတ်တိုင်းမ် သတင်းစာတွင် ဖေါ်ပြထားသည်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်မှ မသမာသူများ၏ စကားကို နားယောင်သွားကြသော ဝန်ထမ်းများ အလုပ်ပြန်လာကြဖို့ ကြေညာချက် ထုတ်ပြန်လာသည့်အတွက် ယင်းသည် CDM လှုပ်ရှားမှုကို ပထမဆုံး အကြိမ် အသိအမှတ် ပြုလာရခြင်းပင် ဖြစ်သည်။

နယူးဇီလန်သည် မြန်မာရှိ အာဏာသိမ်းအဖွဲ့ကို အသိအမှတ် မပြုကြောင်းနှင့် သံတမန် အဆက် အသွယ်ပါ ဖြတ်တောက်လိုက်ပြီ ဖြစ်ကြောင်း အမျိုးသမီးဝန်ကြီးချုပ် ဂျာစင်ဒါ အာဒန်းက သတင်းစာ ရှင်းလင်းပွဲတွင် တရားဝင် ပြောကြားလိုက်ပြီ ဖြစ်သည်။

သံတမန် အဆက်အသွယ်သာမက ကုန်သွယ်ရေး နှင့် အကူအညီ ပေးနေမှုများလည်း ရပ်ဆိုင်းသည်ဟု ဆိုသည်။ ထိုအတွက် မြန်မာ ကုန်သည်များ အဖို့ နယူးဇီလန် နှင့် ငွေပေးငွေယူ ကိစ္စများ လုပ်၍
မရတော့သဖြင့် ရင်းနှီးမြုပ်နှံသူများ လုပ်ငန်းများ ရပ်ဆိုင်းသွားပြီ ဖြစ်သည်။

မင်းအောင်လှိုင်သည် ကံကောင်းနေဆဲ ဖြစ်ကြောင်း၊ တရုတ် နှင့် အာဆီယံ နိုင်ငံ အများစုသည် မြန်မာ သယံဇာတ များကို အချောင်နှိုက်ရန် ကိုသာ စိတ်ဝင်စားနေ၍၎င်း၏ အာဏာသိမ်း လုပ်ရပ်ကို မြုံစိစိ
လုပ်နေကြကြောင်း ဝါရှင်တန် တိုင်းမ် သတင်းစာက ဝေဖန်လိုက်သည်။

‌ယမန်နေ့က မင်းအောင်လှိုင်မှ သူအားထောက်ခံမှု ပေးပါရန် ထိုင်းဝန်ကြီးချုပ်ထံ ကိုယ်တိုင် ကိုယ်ကျ စာရေးသား တောင်းဆိုခဲ့ကြောင်း ထိုင်းဖက်က အတည်ပြု ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် လည်း ဗုဒ္ဓဟူးနေ့မှ စတင်ပြီး မြန်မာကို အတုယူကာ သံပုံးများ တီး၍လမ်းပေါ်သို့ ပြန်ထွက်လာကြပြီ ဖြစ်သည်။

မြန်မာရှိ ဖိလစ်ပိုင် သံအမတ်ကိုလည်း အခြေအနေများ ပိုမိုဆိုးဝါးလာပါက ၎င်းနိုင်ငံသားများ၏ လုံခြုံရေး အတွက် ဖြစ်သည့်နည်းဖြင့် အကာအကွယ်ပေးရန် အစိုးရမှ ညွှန်ကြားလိုက်သည်ဟု သိရသည်။

ဒေသတွင်း နိုင်ငံများထဲတွင် မြန်မာ အရေးအပေါ် ရဲရဲတောက် ဝေဖန်ရေးသားနေသော အစိုးရ အာဘော်တပိုင်း စင်္ကာပူ သတင်းစာ စထရိတ်တိုင်းမ်မှ မြန်မာနိုင်ငံထဲရှိ ၎င်းတို့နိုင်ငံသားများ အတွက် စိုးရိမ်ပူပန်ကြောင်း ရေးသားလာသည်။

အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး ဂျိတ် ဆူလီဗန်မှ ဖေဖေါ်ဝါရီ ၄ ရက်နေ့တွင် အာဆီယံ နိုင်ငံများမှ သံအမတ်ကြီးများအား မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည် ထွန်းကားရေး အတွက်
ဝိုင်းဝန်းထောက်ခံကြရန် တောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း ဖြစ်သူ ဒဲရက် မစ်ချဲလ်က ဂျပန်၊ အိန္ဒိယ နှင့် စင်္ကာပူ နိုင်ငံများမှ အခိုင်အမာတုန့်ပြန်နိုင်ရန် အရေးကြီးသည်ဟု ထောက်ပြခဲ့သည်။ ယခုအချိန်အထိ ဂျပန်
နှင့် အိန္ဒိယကို အမေရိကန်က တီးခေါက်ခဲ့ပြီး ဖြစ်သည်။

ဂျပန်သည် လောလောဆယ်တွင် အစိုးရနှင့် အာဏာသိမ်း အဖွဲ့အကြား ဖျန်ဖြေပေးရန် စိတ်အား ထက်သန်နေပြီး၊ အမေရိကန်နှင့် အတူ good cop, bad cop ပုံစံ သွားရန် အားသန်လျှက် ရှိနေသည်။

ဗုဒ္ဓဟူးနေ့က အာဏာသိမ်း ခေါင်းဆောင်များအား အရေးယူမည့် အစီအစဉ်များကို သမ္မတ ဘိုင်ဒင် နှင့် ဒုသမ္မတ ကမ်မလာဟာရစ် တို့ ကိုယ်တိုင် ကင်မရာ ရှေ့ထွက်ကာ ပြောသွားခဲ့သည်ကို ကြည့်က အမေရိကန်မှ မည်မျှအထိ အလေးအနက်ထားနေသည်ကို ထုတ်ဖေါ်ပြသလိုက်ခြင်းပင် ဖြစ်သည်။

အမေရိကန် ပြည်ထောင်စု နှင့် ဥရောပမဟာမိတ်များ အနေဖြင့် ပြတ်ပြတ်သားသား အရေး မယူ နိုင်လျှင် မြန်မာသည် ဆီရီယား နှင့် လစ်ဗျား အခြေအနေ ဆိုက်ရောက်သွားနိုင်သည်ကို သတိမူသင့်လှ
သည်။ ဒေသတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ပြင်းထန်စွာ ခြိမ်းခြောက်လာမည်လည်း ဖြစ်ပေသည်။

ဘိုင်ဒင်၏ ပထမ အသုတ် အရေးယူ ဒဏ်ခတ်မှုဟု ဆိုကာ ပြုလုပ်ခဲ့မှုများသည် အားလုံး မျှော်လင့် ထားသည့် သမာရိုးကျ လုပ်နည်း လုပ်ဟန်များ သာ ဖြစ်၍ ဒီထက် ပိုပြီး ဒုတိယ အသုတ် မည်သို့ မည်ပုံ လုပ်လာမည်ကို ခန့်မှန်း၍ မရ ဖြစ်နေသည်။

အာဏာသိမ်း အဖွဲ့၏ ပြန်ကြားရေး ဒုဝန်ကြီး ဆိုသူ ဇော်မင်းထွန်းက ဘိုင်ဒင်၏ အရေးယူ ဒဏ်ခတ်မှု ကို ရှုတ်ချကြောင်း ပြည်တွင်းရေးအား ဝင်စွက်ခြင်း ဖြစ်ကြောင်း ရဲရဲတောက် ပြောမည်ဟု တွက်ဆ
ထားသော်လည်း “လုပ်မယ်လို့ ပြောထားတာ လုပ်သွားတာပဲ၊ ဝေဖန်စရာ မရှိ” ဟုသာ ပြောသွား ခဲ့သည်ဟု သိရသည်။

လက်ရှိတွင် မြန်မာကျပ်ငွေတန်ဖိုးသည့် ၅.၆% ခန့် ကျဆင်းသွားပြီး စတော့ရှယ်ယာတန်ဖိုးများလည်း ၅% ခန့် ကျဆင်းခဲ့ရပြန်သည်။

စစ်တပ်သည် ရခိုင်ပြည်နယ် အတွင်း နယ်မြေရှင်းလင်းရေး ဆိုကာ အကြမ်းဖက်လုပ်ရပ်များကြောင့် ရင်းနှီးမြုပ်နှံမှု များ ရပ်တန့်သွားခဲ့ရသည် ကို နိုင်ငံတော် အတိုင်ပင်ခံမှ မနည်း ကြိုးစားပမ်း
စား တည်ဆောက်ထားခဲ့မှု အပေါ် စစ်တပ်၏ လုပ်ရပ်က ဒုတိယအကြိမ် ဖျက်ဆီးပြစ်လိုက် ပြန်ပြီ ဖြစ်၍ တိုင်းပြည်၏ တိုးတက်ရာ တိုးတက်ကြောင်းကို ဖျက်ဆီးခဲ့ကြသူများဟု သမိုင်းမှတ်တမ်း တွင်
သွားခဲ့ရပြီ ဖြစ်သည်။

တိုင်းပြည်အတွက် တနှစ်လျှင် ဒေါ်လာ ၆ ဘီလီယံ ခန့် ဝင်ငွေရှာပေးလျက် ရှိသော အထည်ချုပ် လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံလျှက် ရှိသော နိုင်ငံခြား ကုမ္ပဏီများကအခြေအနေများကို စိုးရိမ်တကြီး စောင့်ကြည့်လျက် ရှိနေပြီး စက်ရုံ အလုပ်သမား များစွာ အထွေထွေ သပိတ်ကြီးထဲ ပါဝင်လာကြ သည်ဟု သတင်းများက ဆိုသည်။

အာဏာသိမ်း ခေါင်းဆောင်များက တိုင်းပြည်စီးပွားရေး လုံးဝနည်းပါး ပြိုလဲလာတော့မည်ကို ဂရုမစိုက်နိုင်ဘဲ ၎င်းတို့ လတ်တလော ရင်ဆိုင်နေရသော ငွေကြေး အကျပ်အတည်းကို အဖြေရှာရန် စီးပွားရေး ပညာရှင်များ၊ ဗဟိုဘဏ် တာဝန်ရှိသူများ ဖမ်းဆီး စစ်ဆေးခြင်း၊ NLD ရုံးများ အား ရှာဖွေခြင်း၊ ဒေါ်ခင်ကြည် ဖေါင်ဒေးရှင်းအား စီးနင်းခြင်း အစရှိသည့် ဥပဒေမဲ့ လုပ်ရပ်များကို ကမူးရှူးထိုး ကျူးလွန်လျှက် ရှိနေကြသည်။

NLD ၏ ပြန်ကြားရေး တာဝန်ခံ ဉီးကြည်တိုးမှ စစ်တပ်သည် မြို့နယ်အဆင့် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များအထိပင်လိုက်လံ ဖမ်းဆီးလျှက် ရှိသည်ဟု ဆိုသည်။

ကမ္ဘာကို မျက်နှာပြောင် တိုက်ကာ အာဏာသိမ်း ယူ ခဲ့သူများသည် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို အင်အားသုံး ဖြိုခွင်းရန် စိုးရိမ်ကြောင့်ကြနေကြောင်း၊ စီးပွားရေးအရ အကြီးအကျယ် ထိခိုက်သွား မည်စိုးသည်ကတကြောင်း၊ ၎င်းတို့တပ်များအတွင်း သဘောထား ကွဲလာမည်ကို စိတ်မချ၊ နောက်ကြောမလုံ ဖြစ်နေသည်က တကြောင်းကြောင့် ဖြစ်သည်ဟု ဂျပန်ရှိ The Diplomat အွန်လိုင်းဂျာနယ်တွင် ရေးသားထားသည်။

လက်ရှိ NLD ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌများသည်လည်း နိုင်ငံခြား သံအဖွဲ့ဝင်များနှင့် ထိတွေ့ပြီး အာဏာသိမ်း ခေါင်းဆောင်များအား ဖိအားပေးနိုင်မည့် နည်းလမ်းများ
ကို တရားဝင် အစိုးရ အဖြစ် ရပ်တည် ဆွေးနွေးသင့်သည်ဟုလည်း ထောက်ပြသွားခဲ့သည်။

တိုင်းရင်းသား ပါတီများနှင့် လက်နက်ကိုင်အဖွဲ့များနှင့်ပါ အပေးအယူလုပ် ဆွေးနွေးသင့်သည်ဟုလည်း ဆိုသည်။

ယနေ့ လူထုအုံကြွမှုကြီးအား မျိုးဆက်သစ် လူငယ်လေးများက ဦးဆောင်လာကြပြီး ဆန္ဒပြမှုများကို ပုံစံမျိုးစုံဖြင့် ဖေါ်ဆောင်လာနေကြပြီဖြစ်၍ အာဏာသိမ်း အဖွဲ့ အနေနှင့် အခက်အခဲများ ကြုံတွေ့ လာနေရပြီ ဖြစ်သည်။

ယခုအခါ နိုင်ငံတကာ စာနယ်ဇင်းများက လူထု အုံကြွမှုကြီးအား “Drum Revolution”, “Flower Power Revolution” ဟူ၍ ကင်ပွန်းတပ် ခေါ်ဝေါ်လာကြပြီ ဖြစ်ပြီး အာဏာသိမ်း အဖွဲ့သည် အပေါ်ယံ တွင် နိုင်ငံကို ထိန်းချုပ်နိုင်သယောင် ရှိနေသည်ဟု ယူဆရသော်လည်း အတွင်း ကို နှိုက်ကြည့်မည်ဆိုက ထိုသို့ မဟုတ်သည်ကို တွေ့နေရသည်ဟု သုံးသပ်လျှက် ရှိနေသည်။

ပြည်သူများ အနေဖြင့် ယခုပုံစံအတိုင်း ဆက်သွားနိုင်သရွေ့ အာဏာသိမ်း အဖွဲ့ အသက်ရှု ကျပ်သထက် ကျပ်လာနေမည်ကို သိထားရမည် ဖြစ်သည်။

အရေးတော်ပုံ အောင်ရမည်!!!


Spread the love
  •  
  •  
  •  
  •  
  •  
  •