နေ့စဉ်သတင်းစာဖတ်ခြင်းနဲ့ ကိုဗစ် ၁၉ အလွန်ကာလ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

သက်နိုင်စိန်

အိမ်ရှေ့ ဝရံတာတွင် မဖတ်ရသေးသည့် ယနေ့ထုတ် သတင်းစာတစ်စောင် မိုး‌ရေစိုသွားခဲ့သည်။
နေ့စဉ်သတင်းစာကို ဖတ်ရှုခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပေပြီ။ ပြန်ပြောင်းကာ တွေးကြည့်မယ်ဆိုရင် သေခြာမှတ်မိနေတာက အလယ်တန်းကျောင်းသားဘဝ လောက်ကတည်းက ဖြစ်လိမ့်မည်။
ကျောင်းမှ အိမ်ပြန်ရောက်သည်နှင့် လွယ်အိပ်ချကာ သတင်းစာကိုင်ကာ ဖတ်တော့သည်။ ထိုစဉ်က လုပ်သား၊ ကြေးမုံ၊ မြန်မာ့အလင်းနှင့် ဗိုလ်တစ်ထောင် လေးမျိုးကိုမှတ်မိ၏။ ယခုတွေ့နေသောသတင်းစာဆိုဒ်မျိုးမဟုတ်ပဲ ဒီ့ထက်ပိုကြီးသောဆိုဒ်ဖြစ်သည်။ ကျွန်တော့အိမ်တွင် ယူသောသတင်းစာမှာ လုပ်သားပြည်သူ့နေ့စဉ်ဖြစ်သည်။ လုပ်သားသတင်းစာတွင် ကာတွန်းပါသော်လည်း ကြေးမုံတွင်ပါသောကာတွန်းများလည်းဖတ်ချင်သောကြောင့် ကျွန်တော်တို့ရပ်ကွက် လမ်းထိပ်ရှိ သံပုန်းလုပ်‌သော စက်ရုံဝင်းအတွင်းနေထိုင်သော အဖိုးကြီးတစ်ယောက်ထံတွင် သွားဖတ်ရသည်။
အစစ အရာအရာ တဖြည်းဖြည်းနှင့် ချွတ်ခြုံကျလာသော မဆလခေတ်တွင် သတင်းစာဆိုဒ်များ ချုံ့လိုက်‌၏။ စာမျက်နှာလည်း လျှော့ချသွားသောကြောင့် မဖတ်ခင် လက်မှာကိုင်လိုက်ရုံနှင့်ပင် ပေါ့ရွှတ်ရွှတ်ဖြစ်လေ၏။ သတင်းများကလည်း တစ်နေ့နှင့်တစ်နေ့ထူးမခြားနားလှပေ။ မဆလပါတီ၏ မည်သည့်လုပ်ရပ်ကို ထောက်ခံသောအားဖြင့် မြောင်းဖော်လုပ်အားပေးစသော သတင်းများနှင့် အလုပ်ရုံ စက်ရုံများတွင် လိုအပ်သည်များကို လမ်းညွှန်မှာကြားတွေကသာများ၏။
ထိုသို့သော အခြေအနေတွင်လည်း ကျွန်တော်၏နေ့စဉ်သတင်းစာဖတ်ခြင်းကား မပျက်ကွက်ခဲ့။
နဝတ၊ နအဖခေတ်တလျှောက်လုံးတွင်လည်း လုပ်သားပြည်သူ့နေ့စဉ်သတင်းစာအစား ပြောင်းလဲခဲ့သော မြန်မာ့အလင်းသတင်းစာနှင့် နောက်ပိုင်းတွင် ကြေးမုံသတင်းစာကို ယနေ့အထိပြောင်းဖတ်ခဲ့သည်။
စိတ်ပျက်စရာတွေ များလွန်းလှသောကြောင့် သတင်းစာဖတ်ပြီးလွှင့်ပစ်ချင်၊ ဆွဲဖြဲချင်လောက်သည့် အရေးအသားများနှင့် ထော်လော်ကန့်လန့် ဆောင်းပါးများ၊ လျှာထားသည့် စီမံကိန်းကာလ မတိုင်ခင် ပြီးစီးအောင်မြင် စသောသတင်းများ၊ အာဏာရှင်တို့၏ မော်ကြွားလှသော ဓါတ်ပုံဝေဝေဆာဆာများနှင့်ပင် ကျွန်တော်နေ့စဉ်သတင်းစာကို ဆက်လက်ဖတ်ဖြစ်ခဲ့ပါသည်။
အခုခေတ်အခါ ကေဘယ်အင်တာနက် ဝိုင်ဖိုင်တပ်ဆင်ကာ သတင်းများ လွယ်လင့်တကူ ဖတ်ရှုနိုင်နေသော အချိန်တွင်လည်း တစ်လ ငွေ ၄၀၀၀ ပေးကာ သတင်းစာကို ယူမြဲယူနေသေး၏။
ဤသို့နှင် သံယောဇဉ်ကြီးလှသော စက္ကူသတင်းစာဖတ်ခြင်းအား စွန့်လွှတ်ရန် စဉ်းစားစရာအကြောင်းရင်း တစ်ခုကားပေါ်လာပေပြီ။
‌ထိုအရာကားတခြားမဟုတ် ကော်ရိုနာဗိုင်းရပ် ခေါ် ကိုဗစ်၁၉ ပင်တည်း။ သတင်းစာသမား ပစ်တင်ပေးသော သတင်းစာကို ညှပ်နှင့်ယူကာ နေအတော်ကြာလှန်းပေးရ၏။ နောက်မှ သတင်းစာကိုယူကာ စိတ်ချလက်ချဖတ်ရလေသည်။
ကော်ရိုနာဗိုင်းရပ်ပိုးဟာ စက္ကူပေါ်မှာ မနေဟုဆိုသော်ငြားလည်း ဘာဆိုဘာမှ ရေရေရာရာ ဂဃနဏ မသိရသေးခင် သံသယကင်းအောင် နေရဦးပေမည်။ ကိုဗစ်၁၉ စတင်ဖြစ်ပွားတဲ့ အချိန်ကနေ ယနေ့အထိ အပြောင်းအလဲများလှသော ညွှန်ကြားချက်များ၊ မရေရာမသေခြာသေးသော ကုထုံးများနှင့် စိတ်ရှုတ်ထွေးစရာများကြောင့် အင်တာနက်စာမျက်နှာများပေါ်မှ သတင်းအချက်အလက်များကိုသာ ပြောင်းလဲဖတ်ရှုရန် ပြောင်းလဲခြင်းကို စတင်ပေရတော့မည်။
ဒါကြောင့်လည်း ကိုဗစ် ၁၉ ဟာ လူတွေရဲ့ ပုံမှန်နေ့စဉ်နေထိုင်မှုဘဝတွေကို ပြောင်းလဲစေဖို့ ဖို့ဖိအားတစ်ခု ဖြစ်လာ‌စေတာကတော့ အသေအခြာပါ။

<Thet Naing Sein>


Spread the love
  •  
  •  
  •  
  •  
  •  
  •