နွားထိုးကြီးမြို့၌ အင်ကြင်းကျောက်များ ရှားလာသော်လည်း အရည်အသွေးမီကျောက်များ တူးဖော်ရရှိနေ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နွားထိုးကြီးမြို့၌ အင်ကြင်းကျောက်များ ရှားလာသော်လည်း အရည်အသွေးမီကျောက်များ တူးဖော်ရရှိနေ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အင်ကြင်းကျောက် တူးဖော်ရရှိမှု ရှားပါးလာသော်လည်း အရည်အသွေးမြင့် ကျောက်မျိုးကောင်းများတူးဖော်ရရှိနေ၍ တရုတ်စျေးကွက်တွင် စျေးကောင်းရနေကြောင်း မြတ်ကရောင်းအင်ကြင်းကျောက်ကုမ္ပဏီ ပိုင်ရှင် ဦးသိန်းထွန်းနိုင်ထံမှ သိရသည်။

ယခု တူးဖော်ရရှိသော အင်ကြင်းကျောက်မျိုးစုံတွင် ရှားနီရောင်ကျောက်၊ ဖြူပြာကျောက်၊ ပယင်းရောင်ကျောက်၊ အပြာရင့်ကျောက်၊ နို့နှစ်ဖြူရောင်ကျောက် စသည်ဖြင့် ကျောက်အရောင်အရည်အသွေး ကောင်းသဖြင့် တရုတ်စျေးကွက်တွင် ယွမ်ငွေ ၈၀၀၀၀ မှ ၁၀၀၀၀၀ အထက်ရှိနေသည်။ တချို့ကျောက်များမှာ ဗုံတိုအရွယ်ရှိကြပြီး တချို့မှာ လူတစ်ထိုင် အရည်အသွေးကောင်း ကျောက်ကြီးများဖြစ်၍ အချောမကိုင်ခင်ကပင် စျေးရနေသော ကျောက်ဖြစ်နေသည်။

အများအားဖြင့် ယင်းအရည်အသွေးကျောက်များကို မြို့နယ်တွင်းမှာပင် အချောကိုင်နေကြ၍ မြို့နယ်ထဲတွင်ပင် ကျောက်ပွဲစားတို့က စျေးပေးဝယ်ယူကြသည်။ ကြယ်ဂေါင်၊ ရွှေလီ တရုတ်စျေးကွက်ပို့လျှင်လည်း တရုတ်တို့က စျေးပေးဝယ်၍ နွားထိုးကြီး အင်ကြင်းကျောက်များ ကျောက်ရှား နေသော်လည်း စျေးကောင်းရနေခြင်း ဖြစ်သည်။

ယခင်က အင်ကြင်းကျောက်များကို မြေပြင်မှ လေး၊ ငါးတောင်တွင် တူးယူရရှိခဲ့သော်လည်း ယခုအခါ မြေအောက်အတောင် ၄၀၊ ၅၀ အထိ စူးထောက်ရှာဖွေကြရသည်။ တွေ့ရှိကျောက်များမှာလည်း အရည်အသွေးကောင်းကျောက်များရနေ၍ တူးရသလောက် အကျိုးအမြတ်ရှိနေကြောင်း ဦးသိန်းထွန်းနိုင်က ဆက်ပြောသည်။

ဌေးမြင့်မောင်
MOI
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •