နှစ်ဦးပရိတ်တရားတော်များကို မန္တလေးခရိုင်အတွင်း သုံးရက်တိုင် ရွတ်ဖတ်ပူဇော်သွားမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နှစ်ဦးပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲများစတင်၊ မန္တလေးခရိုင်အတွင်း သုံးရက်တိုင် ရွတ်ဖတ်ပူဇော်သွားမည်

နှစ်ဦးပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းများကို ဇန်နဝါရီ ၁ရက် ညနေ ၃ နာရီမှစ၍ ကျင်းပရာ ချမ်းအေးသာစံမြို့နယ် မန္တလေးဈေးချိုတော် နာရီစင်အနီး သတ်မှတ်နေရာတွင် ဆရာတော်ကြီးများနှင့် သံဃာတော်များက ပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်ကြသည်။

အဆိုပါ နှစ်ဦးပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြကုန်သော ရဟန်းရှင်လူပြည်သူအများ အန္တရာယ်ကင်းရှင်းစေရန်နှင့် ကိုဗစ်-၁၉ရောဂါ ကပ်ဘေးအန္တရာယ်ကျရောက်ခြင်းမှ ကင်းလွတ်ပြီး အလုပ် အကိုင် အခွင့်အလမ်းများနှင့် စီးပွားဥစ္စာများ ပေါကြွယ်ဝစေခြင်း အကျိုးတရားများကို ရည်ရွယ်သည်။

”တစ်နေ့ကို သံဃာအပါး ၃ဝ နဲ့ ရွတ်ဖတ်ပူဇော်သွားမှာပါ။ သတ်မှတ်နေရာတွေမှာတော့ ဆရာတော်တွေက ထိုင်ပြီး ရွတ်ဖတ်ပူဇော်ပါတယ်။ လမ်းတစ်လျှောက် ပရိတ်ရေတွေဖျန်းပေးတယ်။ ပရိတ်တရားတော်တွေကို နာယူကြည်ညိုနိုင်အောင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့လမ်းညွှန်ချက်တွေ၊ စည်းကမ်း ချက်တွေနဲ့အတိုင်း Social Distancing နဲ့အညီဖြစ်နိုင်အောင် စီစဉ်ထားပါတယ်။ ဒီနေ့ ချမ်းအေးသာစံနဲ့ အောင်မြေသာစံအတွင်း သတ်မှတ်နေရာတွေမှာ ရွတ်ဖတ်ပူဇော်ကြပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး သာသနာရေးမှူး ညွှန်ကြားရေးမှူး ဦးကျော်လှိုင်က ပြောသည်။

ထိုသို့ရွတ်ဖတ်ပူဇော်ရာတွင် ချမ်းအေးသာစံမြို့နယ် ဈေးချိုတော် နာရီစင်အနီး၊ ၇၃လမ်းနှင့်၇၄လမ်းကြား မင်္ဂလာတံတားအနီးနှင့် အောင်မြေသာစံမြို့နယ် မန္တလေးတောင်တော်ခြင်္သေ့ကြီးနှစ်ကောင်အနီးတို့တွင် ဆရာ တော်နှင့် သံဃာတော်များက ပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း၊ ဆရာတော်နှင့် သံဃာ တော်များက ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကိုလည်း တက်ရောက်လာသူများက နာယူကြည်ညို ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ခဲ့ သည်။

ထိုသို့ နှစ်ဦးပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကို ၂ဝ၂၁ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၃ ရက်အထိ နေ့စဉ် ညနေ ၃ နာရီတွင် အောင်မြေသာစံမြို့နယ်ရှိ စလင်းဝိဘဇ္ဇဝါဒီကျောင်းတိုက်၊ အရှေ့ခင်မကန်တိုက် ကထိန် တော်ကျောင်းနှင့် ချမ်းမြသာစည်မြို့နယ်ရှိ ဓမ္မဓရဝါဆိုကျောင်းတိုက်စသည့် ကျောင်းတိုက်များမှ သံဃာတော် များက ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်သည်။

မန္တလေးခရိုင်အတွင်း နှစ်ဦးပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်ပူဇော်မည့် အစီအစဉ်၌ ဇန်နဝါရီ ၁ရက်တွင် မန္တလေးဈေးချိုတော် နာရီစင်၊ မန္တလေးတောင်တော်၊ ၇၃ လမ်းနှင့် ၇၄ လမ်းကြား၊ မင်္ဂလာတံတား အနီးတို့တွင် ရွတ်ဖတ်ပူဇော်ခဲ့ပြီး ဇန်နဝါရီ ၂ ရက်တွင် မဟာမုနိဘုရားကြီးဝန်းကျင်၊ ပြင်ဦးလွင်မြို့အတက် ဘိုးဘိုးကြီးနတ်နန်းအနီး၊ အိုးတော်ရပ် သံလမ်း လမ်းဆုံနှင့် ဥပေစိဘုရားတောင်ဘက်အနီးတို့တွင် လည်းကောင်း၊ ဇန်နဝါရီ ၃ ရက်တွင် ပုသိမ်ကြီးမြို့နာရီစင်၊ ရန်ကင်းတောင်ဘုရားအနီးနှင့် အင်းခရုဘုရား တို့တွင် လည်းကောင်း ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်သည်။

နှစ်ဦးပရိတ်တရားတော်များကို ညနေ ၃ နာရီမှစတင်ကာ ၃ ရက်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ပြီး သတ်မှတ် ထားသည့် နေရာ ၁ဝ နေရာတွင်လည်း ရပ်နား၍ COVID-19 ညွှန်ကြားချက်များနှင့်အညီ ရွတ်ဖတ်ပူဇော်သွား မည်ဖြစ်ရာ ပြည်သူလူထုအနေဖြင့်လည်း COVID-19 ညွှန်ကြားချက်များနှင့်အညီ နာယူကြည်ညိုနိုင်သည်။

MRG
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •