နှာခေါင်းစည်းတွေဟာ ဗိုင်းရပ်စ်တားဆီးရေးမှာ ထိရောက်ကြောင်း ဂျပန်သုတေသီတွေအတည်ပြု

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပါးစပ်နဲ့ နှာခေါင်းစည်းတွေဟာ ဗိုင်းရပ်စ်တားဆီးရေးမှာ ထိရောက်ကြောင်း ဂျပန်သုတေသီတွေအတည်ပြု
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

ပါးစပ်နဲ့ နှာခေါင်းစည်းတွေဟာ ဗိုင်းရပ်စ်ပိုးတွေ ပျံ့နှံ့မှုကို ဟန့်တားရေးနဲ့ ဗိုင်းရပ်စ်ပိုးကို ရှူသွင်းမိတာကို လျှော့ချရေးမှာ ထိရောက်တယ်ဆိုတာ အတည်ပြုခဲ့တယ်လို့ ဂျပန်သုတေသီတွေက ပြောလိုက်ပါတယ်။ အဲဒီလို ကောက်ချက်ချနိုင်ဖို့အတွက် သူတို့က ကိုရိုနာဗိုင်းရပ်စ် အစစ်တွေနဲ့ လူရုပ်တွေကို အသုံးပြုလေ့လာခဲ့ပါတယ်။
တိုကျိုတက္ကသိုလ် ဆေးသိပ္ပံဌာနက ပါမောက္ခ Kawaoka Yoshihiroနဲ့ စီမံကိန်းလက်ထောက် ပါမောက္ခ Ueki Hiroshi တို့ ဦးဆောင်တဲ့အုပ်စုက အဲဒီလိုတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

သူတို့ရဲ့ စမ်းသပ်မှုတွေမှာ ဓာတ်ခွဲခန်းတစ်ခုထဲမှာ လူရုပ် ၂ ခုကို မျက်နှာချင်းဆိုင် ထားခဲ့ပါတယ်။ အရုပ်တစ်ရုပ်မှာ ကိုရိုနာဗိုင်းရပ်စ်တွေ ပါဝင်တဲ့ အရည်အစက်တွေကို ထုတ်လွှတ်နိုင်အောင် ပြုလုပ်ထားပါတယ်။ တခြားတစ်ရုပ်မှာ လူရဲ့ အသက်ရှူမှုကို တုပထားတဲ့ လေရှူသွင်းရေး စက်ကိရိယာကို ထည့်သွင်းထားပါတယ်။

စမ်းသပ်မှုတစ်ခုမှာ သုတေသီတွေက အသက်ရှူသွင်းတဲ့ လူရုပ်မှာ ပါးစပ်နဲ့ နှာခေါင်းစည်းကို တပ်ဆင်ထားခဲ့ပါတယ်။ အဲဒီအခါ အဝတ်နဲ့ လုပ်ထားတဲ့ နှာခေါင်းစည်းတစ်ခုက ဗိုင်းရပ်စ်ပိုး စုပ်ယူမှု ပမာဏကို ၁၇ ရာခိုင်နှုန်း လျှော့ချပေးပြီး သာမန် ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းတစ်ခုက ၄၇ ရာခိုင်နှုန်း လျှော့ချပေးတယ်လို့ သူတို့က ဆိုပါတယ်။ အရုပ်မှာ N95 အမျိုးအစား ဆေးကုသမှုသုံး နှာခေါင်းစည်းတစ်ခုကို အံဝင်ခွင်ကျ တပ်ဆင်ခဲ့ချိန်မှာတော့ အဲဒီ ပမာဏလျော့ကျမှုဟာ ၇၉ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

ဗိုင်းရပ်စ်ပိုးကို ထုတ်လွှတ်တဲ့ အရုပ်မှာ နှာခေါင်းစည်းတစ်ခုကို တပ်ဆင်ခဲ့တဲ့အခါ အဝတ်နဲ့ လုပ်ထားတာရော ခွဲစိတ်ခန်းသုံးရော၊ နှစ်မျိုးစလုံး တစ်ဖက်က နှာခေါင်းစည်း တပ်ဆင်မထားတဲ့ လူရုပ်ရဲ့ ဗိုင်းရပ်စ်ပိုး ရှူသွင်းမှုကို ၇၀ ရာခိုင်နှုန်းကျော်အထိ လျော့ကျစေခဲ့ပါတယ်။
ဒါ့အပြင် အရုပ်နှစ်ခုစလုံးမှာ နှာခေါင်းစည်းတွေကို တပ်ဆင်တာဟာ ဗိုင်းရပ်စ်ပိုးကူးစက်စေမှုကို လုံးဝဥဿုံ တားဆီးနိုင်ခြင်းမရှိတာကိုလည်း သုတေသီတွေက အစီရင်ခံခဲ့ပါတယ်။

ပါမောက္ခ Kawaoka က ဗိုင်းရပ်စ်ပိုး အစစ်ကိုသုံးပြီး နှာခေါင်းစည်းတွေရဲ့ ထိရောက်မှုကို သရုပ်ပြ သုတေသနပြုမှုတွေ အရင်က မရှိခဲ့ဖူးဘူးလို့ ဆိုပါတယ်။ ဒီ ပါးစပ်နဲ့ နှာခေါင်းစည်းတွေကို နည်းလမ်းတကျ တပ်ဆင်အသုံးပြုဖို့ အရေးပါတယ်ကို သူတို့ အတည်ပြုခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
ပါးစပ်နဲ့ နှာခေါင်းစည်းတွေက ဗိုင်းရပ်စ်ပိုးတွေကို လုံးဝဥဿုံ တားဆီးမပေးနိုင်တာကို သတိထားဖို့ အရေးကြီးတယ်လို့ ပါမောက္ခ Kawaoka က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

#Source – NHK


Spread the love
  •  
  •  
  •  
  •  
  •  
  •